မန္တလေးခရိုင် ကျောင်းသား သမဂ္ဂမှ မြန်မာစာ ဒုတိယနှစ် ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) က ယနေ့ ကြေညာချက် ထုတ်ပြန်၍ ရှုတ်ချလိုက်သည်။
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီး ထိန်း သိမ်း ရာတွင် ပါဝင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ရတနာပုံ တက္ကသိုလ် အဝေးသင် ကျောင်းတက်နေသည့် မန္တလေးခရိုင် ကျောင်း သားများ သမဂ္ဂ အဖွဲ့ဝင် တဦးဖြစ်သူ မဖြူနှင်းထွေးကို စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၅ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။
၂၀၁၄ ခုနှစ် မေလ အတွင်းက တရုတ်အလုပ်သမား ၂ ဦးကို လက်ပံတောင်း ဒေသခံများက ဖမ်းဆီး ထိန်းသိမ်းရာတွင် မဖြူနှင်း ထွေး ပါဝင် ပတ်သက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဗ.က.သ အဖွဲ့က ပြောသည်။
မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးတွင် စက်တင်ဘာ ၁၅ ရက်က ရမန်ယူလိုက်ပြီးနောက် ၂၃ ရက်တွင် ရုံးချိန်း ပြန်ချိန်း၍ မုံရွာထောင်သို့ ပို့လိုက်ကြောင်း မုံရွာမြို့နယ်မှ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုဟိန်းဇော်ဝင်းက ဧရာဝတီ သို့ ပြော သည်။
“မနေ့က ရုံးထုတ်ပြီး ရမန် ယူသွားတယ်။ ၂၃ ရက်ကို ရုံးချိန်း ပြန်ပေးလိုက်တယ်။ မုံရွာ အမှတ် ၁ ရဲစခန်းကနေ ရုံးထုတ်လာပြီး အခု မုံရွာထောင်ကို ပို့လိုက်ပြီ။ သူ့မိသားစုနဲ့လည်း တွေ့ခွင့်ပြုတယ်”ဟု ၎င်းက ပြောပြသည်။
မဖြူနှင်းထွေးအား စွပ်စွဲထားသည့် ပုဒ်မ ၃၆၄ နှင့် ၃၆၈ တို့မှာ ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများ ဖြစ်နေပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် ကျောင်းသားများက တောင်းဆိုထားသည်။
“ဒီတကြိမ် ရုံးထုတ်တာပဲ ရှိတယ်။ ဘာစွပ်စွဲချက်မှ မတင်သေးဘူးလို့ သိရတယ်။ နောက်ရုံးချိန်းမှာ ဆုံးဖြတ်လိမ့်မယ် ထင်တယ် ” ဟု မန္တလေး ခရိုင် ကျောင်းသားသမဂ္ဂများ အဖွဲ့မှ ကိုယ်စားလှယ် တဦးဖြစ်သူ ကိုအောင်နေပိုင်က ပြောသည်။
ကျောင်းသားအရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်သည့် မဖြူနှင်းထွေးမှာ တရုတ်အစိုးရ ကျောထောက်နောက်ခံဖြင့် လုပ်ကိုင် နေ သော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ဆန့်ကျင် ကန့်ကွက် နေကြသည့် ဒေသခံများကို ထောက်ခံ အားပေးရာတွင် ပါဝင်သူတဦး ဖြစ်သည်။
မဖြူနှင်းထွေးကို မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်ရှိ သူ၏ နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ မုံရွာ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
မုံရွာရဲစခန်းမှ တာဝန်ကျ အရာရှိ တဦးက မဖြူနှင်းထွေးအား ဖမ်းဆီးခဲ့ခြင်းကို အတည်ပြု ပြောဆိုသော်လည်း ဖမ်းဆီးမှုဖြစ်စဉ် အသေးစိတ်ကို ရှင်းပြရန် ငြင်းဆန်သည်။
မဖြူနှင်းထွေးက တရုတ်အလုပ်သမားများ ဖမ်းဆီးခဲ့သည့် ကိစ္စတွင် ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်းနှင့် ဆည်တဲ ကျေးရွာမှာ အထက်တန်း ကျောင်းသူကျောင်းသားများကို စာပြပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ဗ.က.သ (အထက်မြန်မာပြည်) မှ ကိုရဲရင့်ကျော်က ပြောသည်။
ယင်းမာပင်မြို့နယ်သည် တရုတ် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီသတ္တုတွင်းကြောင့် ထိခိုက်နစ်နာနေသည့် ဒေသတွင်း မြို့နယ်များထဲမှ တခုဖြစ်ပြီး ဒေသခံများသည် စီမံကိန်း လုပ်ပိုင်ခွင့်ရထားသော ဝမ်ပေါင် ကုမ္ပဏီကို လွန်ခဲ့သော ၂ နှစ်ခန့်မှ စတင်၍ နည်းအမျိုးမျိုးဖြင့် ဆန္ဒပြခဲ့ကြသည်။
ယခုနှစ် မေလအတွင်းက ဝမ်ပေါင် ကုမ္ပဏီမှ တရုတ် အလုပ်သမားများက စီမံကိန်းအတွက် သိမ်းယူထားသည့် မြေကွက်များပေါ်တွင် မြေတိုင်း တာခြင်းများ ဆောင်ရွက်နေသည်ကို ဒေသခံများက မြင်တွေ့ခဲ့ပြီး နောက်ပိုင်း ဝမ်ပေါင်ကုမ္ပဏီက မြေများကို စည်းရိုးခတ် ရန် ရည်ရွယ်ချက် ရှိသည်ဟု ထင်မြင်ယူဆသောကြောင့် ခြံစည်းရိုး လာခတ်သည့် တရုတ်အလုပ်သမား ၂ ဦးကို မြန်မာ အလုပ် သမား ၁ ဦးနှင့် အတူ ဆည်တဲကျေးရွာသို့ ခေါ်ဆောင် ထိန်းသိမ်းခဲ့မှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။
ထိုဖြစ်စဉ်၌ မြန်မာအလုပ်သမားကို ချက်ချင်းပြန်လွှတ် ပေးခဲ့သော်လည်း တရုတ်အလုပ်သမားများကို နာရီ ၃၀ ခန့် ဒေသခံများက ထိန်းသိမ်းထားခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပါဝင်ခဲ့သူ ၇ ဦးကို အာဏာပိုင်များက တရားစွဲဆိုခဲ့ပြီး ၅ ယောက် ဖမ်းဆီးခဲ့ ကာ နောက်ပိုင်းတွင် တရားရုံးက ပြန်လွှတ်ပေးခဲ့သည်။
ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မဖြူနှင်းထွေးနှင့် ဒေသခံရွာသားတဦးဖြစ်သည့် ကိုဝင်းကျော် တို့ကို တရားစွဲဆိုခဲ့သော်လည်း တရား ခွင် သို့ ခေါ်ယူခဲ့ခြင်း မရှိပေ။
မုံရွာ အာဏာပိုင်များက မဖြူနှင်းထွေးကို ဖမ်းဆီးခဲ့သော်လည်း ကိုဝင်းကျော် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ငြိမ်းငြိမ်း ပူးပေါင်းရေးသားသည်။