သတင်း

မြန်မာကို မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်သည့် နိုင်ငံတနိုင်ငံ ဖြစ်ကြောင်း အိုဘားမား ပြော

This article has been converted from Zawgyi One to Unicode

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက သတ်မှတ်သည့် ယခုနှစ်အတွက် ကမ္ဘာတဝန်း မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချနေသည့် အဓိက နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း သိရသည်။

နိုင်ငံခြား ဆက်ဆံရေး လုပ်ပိုင်ခွင့် သတ်မှတ်မှုဆိုင်ရာ အက်ဥပဒေ (Foreign Relations Authorization Act- FRAA) အရ အမေရိကန် နိုင်ငံအား ထိခိုက်မှုရှိသည့် ကမ္ဘာတဝန်း မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း ပြုလုပ်နေသည့် နိုင်ငံများ စာရင်းကို အမေရိကန်သမ္မတ အနေဖြင့် နှစ်စဉ် လွှတ်တော်အား တင်သွင်းရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် သမ္မတ အိုဘားမားက မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု အဓိက နိုင်ငံ များမှာ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလိဇ်၊ ဘိုလီဗီးယား၊ မြန်မာ၊ ကိုလံဘီယာ၊ ကော့စတာ ရီကာ၊ ဒိုမီနီကန် ရီပတ်ဗလစ်၊ အီကွေဒေါ၊ အယ်ဆာဗေဒို၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကစီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် မြန်မာ၊ ဗင်နီဇွဲလား၊ ဘိုလီဗီးယား နိုင်ငံ ၃ နိုင်ငံတို့သည် လွန်ခဲ့သည့် ၁၂ လ ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ရေး တာဝန် ပျက်ကွက်နေကြောင်းလည်း ပါရှိပြီး ယင်းစာရင်းတွင် သတ်မှတ်ခံရသည့် နိုင်ငံများအနေဖြင့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူခြင်း ခံရနိုင်ဖွယ်ရှိကြောင်းလည်း ပါရှိသည်။

သို့သော် ယခုမူးယစ်တိုက်ဖျက်မှု တာဝန်ပျက်ကွက်နေသည်ဟု သတ်မှတ်ထားသည့် နိုင်ငံများသည် အမေရိကန်၏ အကျိုးစီးပွားအတွက် အရေးပါနေသည်ဟု သမ္မတ အိုဘားမား အနေဖြင့် စဉ်းစားသုံးသပ်ပါက FRAA အက်ဥပဒေအရ ဒဏ်ခတ်အရေးယူခြင်း မှ ကင်းလွတ်ခွင့်ပေးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနှင့် ဗင်နီဇွဲလား နိုင်ငံတို့အား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကူအညီများ ဆက်လက်ပေးနိုင်ကြောင်းလည်း RTT သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများတွင် နာမည်ဆိုးနှင့် ကျော်ကြားပြီး အာဖဂန်နစ္စတန် နိုင်ငံ ပြီး လျှင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု ဒုတိယ အများဆုံးအဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ဆိုင်ရာ ရုံး(UNODC) အစီရင်ခံစာတွင် ပါရှိသည်။

UNODC က အရှေ့တောင်အာရှဒေသတွင်း ကွင်းဆင်း လေ့လာချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ် တန် ထုတ်လုပ်ထားကြောင်း ခန့်မှန်းထားပြီး အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသ များတွင် ဘိန်းစိုက်ခင်း ဧရိယာများ ပိုမိုကျယ်ပြန့်လာနေပြီး ဘိန်းထွက်နှုန်း မြင့်မားလာနေသည်ဟုလည်း ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာ ထား သော်လည်း UNODC ၏ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်တွင် ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက် ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

Loading