မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား နှစ်ဦး မကြာသေးခင် ရက်ပိုင်းက အသတ်ခံရကြောင်း သိရသည်။
သေဆုံးသူအမျိုးသား နှစ်ဦးသည် မလေးရှားနိုင်ငံ ပီနန်မြို့ တဘက်ကမ်းရှိ ဘတ်တာဝေါပ် အရပ်ရှိ စက်ရုံ တခုတွင် အလုပ်လုပ် နေ သူများ ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၄ ရက် ညနေ အလုပ်မှ ပြန်လာချိန်တွင် အသတ်ခံရခြင်း ဖြစ်ပြီး ၁၅ ရက်နေ့တွင် အလောင်း များကို ရဲတပ်ဖွဲ့က တွေ့ရှိခြင်း ဖြစ်ကြောင်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း(ကပုန်း) မှ ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြော သည်။
ဦးဆန်းဝင်း က “အလုပ်ကအပြန် ညနေ အိမ်ပြန်မရောက်တော့ သူငယ်ချင်းတွေဆီ သွားနေလို့ ထင်နေကြတာ၊ ၁၅ ရက်နေ့လည်း ပြန်မလာတော့ သူတို့ သွားတတ်တဲ့နေရာတွေ လိုက်ရှာကြတယ်၊ လိုက်စုံစမ်းပေမယ့် မတွေ့ကြဘူးပေါ့၊ အဲဒီတော့ ရဲတပ်ဖွ့ဲ ကို အကြောင်းကြားတော့မှ လူ ၂ ဦး ကိုသတ်ပြီး တောထဲမှာ လွှင့်ပစ်ထားတယ်ဆိုတာ ပြောတယ်”ဟု ပြောပြသည်။
သေဆုံးသူများသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာသစ်ကျေးရွာမှ အသက် ၃၂ နှစ်ရှိ ကိုကျော်သာလှ ဆိုသူနှင့် ရသေ့တောင် မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ကိုကျော်အေးလှိုင် ဆိုသူတို့ဖြစ်ကြောင်း သေဆုံးများနှင့်နီးစပ်သည့် လူမှု ကွန်ရက် စာမျက်နှာများ၌ ရေးသား ဖော်ပြထားကြသည်။
သေဆုံးသူနှစ်ဦးအနက် တဦးအား ဝမ်းဗိုက်နှင့်နံရိုးများကို ချွန်ထက်သော အရာနှင့် အချက်ပေါင်းများစွာ ထိုးခံထားရကြောင်း၊ အခြား တဦးမှာ လည်ပင်းလှီး၍ သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထိုအလောင်များကို သက်ဆိုင်ရာ နယ်မြေ ဆေးရုံ၌ ထားရှိပြီး မကြာမီ ရက် ပိုင်း အတွင်း သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဦးဆန်းဝင်း က ပြောသည်။
မလေးရှား ရဲတပ်ဖွဲ့ကလည်း ထိုအမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးကို ဖော်ထုတ်မည်ဟု မလေးရှားနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ မိထ္တီလာမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပြီးနှင့် ၂၀၁၃ ခုနှစ်မှ ယနေ့ အထိ မြန်မာနိုင်ငံသား တလလျှင် ၂ ဦးနှုန်း ခန့်အသတ်ခံနေရကြောင်း၊ သို့သော် ယနေ့အထိ လူသတ်တရားခံ အစစ်အမှန်ကို တဦးတယောက်မှ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဦးဆန်းဝင်း က ပြောဆိုသည်။
“ပြည်မြို့ဘက်က ကိုသက်ဆိုတဲ့ အမျိုးသား တဦးလည်းပဲ အဲဒီဒေသမှာ ပြီးခဲ့တဲ့လက အပိုင်းပိုင်း ဖြတ်ပြီးတော့ အသတ်ခံခဲ့ရ ပါ တယ်၊ ဒါပေမယ့် တရားခံ အခုအချိန်ထိ မမိသေးပါဘူး၊ ပျမ်းမျှ ၂ ဦးနှုန်းလောက် ပုံမှန် အသတ်ခံနေရပါတယ်၊ အဓိကတော့ ကျနော် တို့နိုင်ငံ သမ္မတနဲ့ အစိုးရ အဖွဲ့က ကိုယ့်နိုင်ငံသားတွေ အပေါ် တာဝန်ယူမှု နည်းပါးလို့ပါ၊ တရားခံတွေ ဖော်ထုတ်ပေးဖို့ မလေးရှား အစိုးရကို ဖိအား ပေးတာမျိုး တခါမှ မလုပ်ဖူးသေးဘူး”ဟုလည်း ၎င်းက ပြောသည်။
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားများအား ဆက်တိုက် အကြမ်းဖက် တိုက်ခိုက်ခံနေရမှု၊ အသတ်ခံနေရမှုများနှင့်ပတ်သက်၍ မြန်မာ အစိုးရ၏ လုပ်ဆောင်ချက်များကို အားရကျေနပ်မှု မရှိခြင်းကြောင့် မိမိတို့ နိုင်ငံသားများအား မည်သို့ကာကွယ်ပေး သွားမည်နည်း ဟု လည်း ရခိုင်ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်နေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖြစ်စဉ်များကို ဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောဆိုခဲ့သေးသည်။
ထို့အတူ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများအား တည်ဆဲ ဥပဒေများ နှင့်အညီ အကာအကွယ်ပေးနိုင်ရန် မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဌ ထံ သဝဏ်လွှာပေးပို့သွားမည်ဟု ဖြေဆိုခဲ့သည်။
မြန်မာ အစိုးရ အနေဖြင့် ပြည်ပရောက် မိမိတို့ နိုင်ငံသားများအား အကာအကွယ် ပေးရာတွင် လက်ရှိလုပ်ဆောင်နေမှုများထက် ပိုမို အလေးထား လုပ်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း ဦးခင်မောင်လတ် က ဆွေးနွေးခဲ့ကြောင်း သိရသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့်ပတ်သက်၍ မလေးရှားရှိ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်း တို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။