သတင်း

Master Sports က စက်ရုံပစ္စည်းများ လေလံတင်၍ အလုပ်သမားများ လုပ်ခလစာ ရှင်းပေးမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ Master Sports စက်ရုံမှ အလုပ်သမား ၆၅၀ ကျော်၏ လုပ်ခလစာ နစ်နာကြေးများ အတွက် စက်ရုံရှိပစ္စည်းများကို လေလံတင် ရောင်းချ၍ ရှင်းပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာ ညွန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန် ကပြောသည်။

ဥပဒေနှင့်အညီ Master Sports ဖိနပ်စက်ရုံမှ ပစ္စည်းများကို အောက်တိုဘာ ၉ ရက်တွင် စတင်၍ အမြန် ရောင်းချသွားမည် ဖြစ် သည် ဟုလည်း ဦးဝင်းရှိန်က ယနေ့ပြုလုပ်သည့် အလုပ်သမား ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယမန်နေ့ ညနေပိုင်းက ယခင်လက အလုပ်သမား ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အတိုင်း လစာရရှိရန် ချိန်းဆိုထားသဖြင့် အလုပ် သမားများက စက်ရုံသို့ သွားခဲ့ရာ ရဲများ ရောက်ရှိလာပြီး ရုန်းရန်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးဝင်းရှိန်က စက်တင်ဘာ ၁၆ ရက်နေ့ လစာရှင်းပေးမည်ဟုပြောဆိုသဖြင့် အလုပ်သမားများက စက်ရုံသို့ သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စက်ရုံသို့ ရောက်သည့်အခါ ဦးဝင်းရှိန်က နိုဝင်ဘာလ အထိ စောင့်ဆိုင်းရန် ထပ်မံပြောသဖြင့် အလုပ်သမားများက လက်မခံဘဲ ငွေထုတ်ပေးရက် တိတိကျကျ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း Master Sports စက်ရုံ မှ အလုပ်သမ တဦး ဖြစ်သည့် မဖြူဖြူစိုး က ဧရာဝတီသို့ ပြောသည်။

“အလုပ်သမား တချို့က စက်ရုံ ခြံကျော်ပြီး ဝင်တယ်။ ဦးဝင်းရှိန်က စက်ရုံတံခါး ဖွင့်ခိုင်းပြီး သူဖြေရှင်းပေးမယ် ပြောတယ်။ အလုပ် သမားတွေ အားလုံး လိုက်ဝင်ကြတယ်။ အထဲရောက်တော့ ညရောက်နေပြီ။ အလုပ်သမားတွေကို လူစုခိုင်းပြီး ညှိမယ် ပြောတယ်။ ဦးဝင်းရှိန်က ရဲတွေကို ဖုန်းဆက်ခေါ်တယ်။ ရဲတွေက ည ၁၀ နာရီ ခွဲလောက်မှာ ရောက်လာပြီး ဦးဝင်းရှိန်ကို ခေါ်ထုတ်သွားတယ်။
ဦးဝင်းရှိန် ထွက်သွားတော့ ကျမတို့ကို နံပါတ်တုတ်တွေနဲ့ ရိုက်တာပဲ”ဟု မဖြူဖြူစိုးက ပြောပြသည်။

ထိုသို့ ရဲ တပ်ဖွဲ့က ရိုက်နှက်မှုကြောင့် အလုပ်သမား ၄ ဦးခန့် ဆေးရုံတွင် ဆေးကုသမှု ခံယူရပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိ သွားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရဲတပ်ဝင်ဖွဲ့များ အနေဖြင့်လည်း ၉ ဦးဒဏ်ရာရခဲ့ပြီး လက်ရှိဆေးရုံတွင် ၆ ဦးတင်ထားရကြောင်း၊ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊
သို့သော် အလုပ်သမားများကို တရားစွဲဆိုရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲမှူးကြီး ချစ်ဦး က ဧရာဝတီသို့ပြော သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ကိုးရီးယား နိုင်ငံသားပိုင် Master Sports ဖိနပ် စက်ရုံမှ အလုပ်သမားများသည် လုပ်အားခ တလစာ မရရှိဘဲ စက်ရုံ ပိတ်လိုက်သည့် အပေါ် မကျေနပ်၍ ကိုးရီးယား သံရုံးရှေ့တွင် ဆန္ဒ္ဒ ထုတ်ဖော်ခဲ့သည်။

Mater Sports စက်ရုံ အလုပ်သမားများသည် ဇွန်လ အတွက် လုပ်ခလစာ အမြန်ဆုံး ရရှိရေး၊ ဥပဒေ ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို အရေးယူပေးရေး၊ အလုပ်ပိတ် နစ်နာကြေး ခံစားခွင့်ရရှိရေး၊ ကိုးရီးယားပိုင် Mater Sports ကို နာမည်ပျက်စာရင်း ကြေညာ ပေးရေး၊ ကိုးရီးယားအလုပ်ရှင်ကို တရားစွဲဆိုရေး၊ အဂတိ လိုက်စားသော အစိုးရဝန်ထမ်းများကို အရေးယူပေးရေး၊ နိုင်ငံတော် အစိုးရ က အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရေးနှင့် Master Sports ဖိနပ်စက်ရုံ ကုန်အမှတ် တံဆိပ်ပါ ဖိနပ် များကို သပိတ်မှောက်ရေး စသည်တို့ကို လမ်းလျှောက်ဆန္ဒပြစဉ် ကြွေးကြော်ခဲ့ကြသည်။

စက်ရုံကို ယခုနှစ် မေလတွင် စပြီး ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်ခဲ့ပြီး တရားဝင် အကြောင်းမကြားဘဲ ဇွန်လ ၂၇ ရက်နေ့တွင် အပြီး
ပိတ် သိမ်းခဲ့ကြောင်း သိရသည်။

စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများသည် လုပ်အားခ အနေဖြင့် လုပ်သက် သုံးလ သမားများမှာ တနာရီ ၁၅၀ ကျပ်၊ ၆ လ သမားများမှာ တနာရီ ၁၆၀ ကျပ်နှင့် ၆ လနှင့် အထက်မှာ တနာရီ ၁၇၀ ကျပ် ရရှိကြပြီး ရှားပါး စရိတ် အနေဖြင့် တလ ၂
သောင်း ကျပ် ပေး၍ အချိန်ပိုဆင်းပါက တနာရီ ၃၀၀ ကျပ်ပေးသည်ဟု သိရသည်။

နိုင်ငံတဝန်း၌ ၂၀၁၂ ခုနှစ် ဝန်းကျင်မှ စတင်ပြီး အလုပ်သမားများ လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများကြောင့် ဆန္ဒပြ ခဲ့ကြပြီး ၂၀၁၃ ခုနှစ် အတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခဖြစ်ပွားမှု အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

Loading