၁၉၆၂ ခုနှစ်မှာ စစ်တပ်က ပထမဆုံး အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံးလုံးမပတ်သက်တဲ့ အရပ်သား သမ္မတဆိုတာ မရှိခဲ့သေးပါဘူး။ အဲဒီအချိန်ကစလို့ နောက်နှစ်ပေါင်း ၅၀ ကျော်ကြာကာလမှာ သမ္မတ ၅ ယောက်နဲ့ အခြား ခေါင်းဆောင် ၂ ယောက်ဟာ စစ်တပ်က လာသူတွေချည်းဖြစ်ခဲ့တာပါ။ အဲဒီ စစ်တပ်ခေါင်းဆောင်မှု အလားအလာဟာ အနည်းဆုံး၂၀၂၀ ခုနှစ်အထိ ဆက်ရှိလာနိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ သမ္မတ ၅ ယောက်ရှိခဲ့ပါတယ်။
ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေ တွေထုတ်ပြန်ပြီး တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် နိုင်ငံကို အုပ်စိုးခဲ့တဲ့ ဦးနေဝင်းဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သူကိုယ်တိုင် သမ္မတတက်လုပ်ခဲ့ပါတာပါ။ ဦးနေဝင်းနောက်မှာတော့ သူ့လက်အောက်မှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စန်းယုက ၁၉၈၁ ခုနှစ်ကနေ အရေးအခင်း ဖြစ်ပွားတဲ့ အချိန် ၁၉၈၈ ခုနှစ်အထိ သမ္မတ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ လူထု အုံကြွမှုနဲ့ အတူ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ပါတီအစိုးရ ပြုတ်ကျခဲ့ပါတယ်။
၈၈ လူထုအုံကြွမှု ကာလတွင်းမှာတော့ ဗိုလ်မှူးချုပ် စိန်လွင်ဟာ သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းစဉ်က ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြကျောင်းသားတွေကို ပစ်မိန့်ပေးခဲ့တာကြောင့်မို့လို့ `ရန်ကုန်မြို့က သားသတ်သမား´ လို့ခေါ်ခံသူပါ။ ဒါပေမယ့် လူထုအုံကြွမှုအရှိန်ရလာပြီး အစိုးရပြုတ်ကျသွားတာမို့ သူ့သမ္မတ သက်တမ်းက ၁၇ ရက်ပဲ ခံခဲ့ပါတယ်။
ဗိုလ်မှူးချုပ် စိန်လွင်နောက်မှာတော့ ဦးနေဝင်းရဲ့ သစ္စာတော်ခံတဦးဖြစ်တဲ့ ဒေါက်တာမောင်မောင်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့စစ်တပ်အာဏာမသိမ်းခင်အထိ သမ္မတ တာဝန်ကို ခဏတာ ယူခဲ့ပါတယ်။ အဲဒီသမ္မတတွေ အားလုံးထဲမှာ ဦးမောင်မောင်တယောက်တည်းသာ ထူးထူးခြားခြား ပညာရှင်တဦး ဖြစ်ပါတယ်။ ဒါတောင် မြန်မာပြည် လွတ်လပ်ရေးမရခင် ၁၉၄၀ ပြည့်နှစ်တွေက ဦးမောင်မောင်ဟာ စစ်ရုံးမှာ ဒု ဗိုလ်ကလေးအဖြစ် အမှူထမ်းခဲ့ဖူးသေးတာပါ။
၁၉၈၈ စစ်တပ် အာဏာသိမ်းခေါင်းဆောင် ၂ ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ သမ္မတ အမည်မခံဘဲ စစ်အာဏာသိမ်းကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၉၈၈ ကနေ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၁ မတ်လမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ သမ္မတအဖြစ် ဖြစ်လာခဲ့ပါတယ်။
သုံးနှစ်ကျော်ကြာပြီးတဲ့နောက် ၂၀၁၅ ရွေးကောက်ပွဲတွေ နီးကပ်လာတဲ့အချိန်မှာတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့သူတွေထဲကနေ သမ္မတဖြစ်လာနိုင်တဲ့ အလားအလာဟာ ပိုပိုနည်းလာသလိုမြင်ရပြီး ကာလရှည် နိုင်ငံရေး အခွင့်ထူးခံတွေအဖြစ်ရှိနေခဲ့တဲ့ စစ်တပ်ကပဲ သမ္မတရာထူးကို ဆက်ထိန်းထားမယ့် လက္ခဏာရှိပါတယ်။
ဒီအခြေအနေက လုံးလုံးကြီး မမျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်နှောင်းပိုင်းလောက်မှာလုပ်မယ့် ရွေးကောက်ပွဲကနေ အရင်ကနဲ့ မတူတဲ့ ရလာဒ်တွေ ထွက်ပေါ်လာဖို့ မြန်မာပြည်သူ တော်တော်များများက အကောင်းမြင်မျှော်လင့်နေကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားပါတယ်။ သူမက နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတယ်ဆိုတဲ့အချက်ကို အခြေခံပြီး ပိတ်ပင်ထားတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက ၂၀၁၅ မှာ သူမဟာ သမ္မတဖြစ်လာနိုင်ပါသေးတယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အခြေအနေက တော်တော်နည်းလာတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မျှော်လင့်ချက်တွေဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်လာပါတော့တယ်။
လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အားရစရာမကောင်းလှတဲ့ မြန်မာနိုင်ငံမှာ သမ္မတ ရာထူးအတွက် ပြိုင်ဆိုင်မှုတွေ စတင်ပေါ်ပေါက်လာတာ လပေါင်းအတော်ကြာတော့ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့သမ္မတဖြစ်လိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဦးသိန်းစိန်နေရာကို ဆက်ခံလိုတယ်လို့ ဧရာဝတီကိုပြောခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ ဦးသိန်းစိန် နောက်ထပ်သမ္မတသက်တမ်းတခု ဆက်လုပ်ဖို့ အစီအစဉ်ရှိလား မရှိလားနဲ့ ပတ်သက်တာပါပဲ။ သူဟာ သေသေချာချာ စဉ်းစားနေတာဖြစ်မယ်လို့ တချို့က သုံးသပ်ကြပြီး တချို့ကတော့ နောက်ထပ် သက်တမ်းတခုအတွက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ပြီးသားလို့ ပြောကြပါတယ်။ မကြာခင်က သွားခဲ့တဲ့ ဥရောပခရီးစဉ်အတွင်း မေးမြန်းခန်းတခုမှာ ပြည်သူတွေက ဆန္ဒရှိရင် သမ္မတတာဝန် ထပ်ထမ်းဆောင်မယ်လို့ ဦးသိန်းစိန် ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုထောက်ခံသူတွေက စစ်တပ်ကို အဆုံးအဖြတ် အာဏာ အပ်နှင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတရပ်ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။ သူတို့ အဲဒီလိုဆောင်ရွက်တာဟာ အတိုက်အခံခေါင်းဆောင်ကို သမ္မတ ဖြစ်ခွင့်မှ တားဆီးထားတဲ့ ပုဒ်မအပါအဝင် အခြားပြင်ဆင်မှုတွေကို လုပ်ချင်လို့ လမ်းကြောင်းရှာနေတာ ဖြစ်ကြောင်း နားလည်ရပါမယ်။
၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကြောင့် ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်လောက်တယ်လို့ ပြည်သူတွေက ယူဆခဲ့ကြပါတယ်။
ဦးရွှေမန်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်ထက်စာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုကို ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး အခြေခံဥပဒေအပေါ် ပြင်ဆင်မှု အချို့ကို လက်ခံမယ့်ပုံပေါ်ပါတယ်။ “အမကြီး (ဒေါ်အောင်ဆန်းစုကြည်) သမ္မတဖြစ်လာရင် မိမိအနေနဲ့ ဝမ်းသာမှာပါ” လို့တောင် မီဒီယာသမားတွေကို တခါက သူပြောခဲ့သေးပါတယ်။
အဲဒါဟာ ပြီးခဲ့တဲ့နှစ်ကပါ။ ၂၀၁၄ ခုနှစ်ရဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် အားရစရာမရှိလှပါဘူး။ လက်ရှိမှာ သူ့ရဲ့ သမ္မတရည်မှန်းချက်ဟာ စိတ်ကူးယဉ်သက်သက်လောက်သာ ဖြစ်လာနေတဲ့ အခြေအနေပါ။ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားအတိုက်အခံပါတီတွေကလည်း သမ္မတရာထူး အတွက် ယှဉ်ပြိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပြင် အခြားအရပ်ဖက် လူတယောက်ယောက်ကို အမည်စာရင်း တင်သွင်းထားတာ မရှိပါ။
လေ့လာသူတွေကတော့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ကိုလည်း သမ္မတဖြစ်လာနိုင်သူ အဖြစ် စောင့်ကြည့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက အောက်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလွင်က တက်မတော်သားကိုယ်စားလှယ်တွေက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတအဖြစ်ဝင်အရွေးခံဖို့ မျှော်လင့်နေကြတယ်လို့ ဧရာဝတီကို ပြောပါတယ်။ အခြေခံဥပဒေက စစ်တပ်ကို လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းပေးထားတာပြီး သူတို့တွေကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တာပါ။ လက်ရှိကာကွယ်ရေးဦးစီးချုပ်က သမ္မတကောင်းတယောက် လုပ်နိုင်မှာပါလို့ ဗိုလ်မှူးချုပ် ဝေလွင်က ထပ်ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့အနေနဲ့ သမ္မတ ရာထူးကိုရယူလိုတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုဖူးခြင်းမရှိသေးပါဘူး။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေပါဝင်တဲ့ သမ္မတ ရွေးကောက်တင်မြှောက်ရေးကော်မရှင်က အဖွဲ့ဝင်တိုင်းကို ဒုသမ္မတ ခန့်အပ်ခွင့်အာဏာအပ်နှင်းထားပါတယ်။ ကော်မရှင်က ဒုသမ္မတ သုံးယောက်ထဲက တယောက်ကို သမ္မတ အဖြစ် မဲပေးတင်မြှောက်မှာပါ။
၂၀၁၅ မှာ သမ္မတအဖြစ် တစ်ပေးခံနေရသူတွေအားလုံး လွဲချော်သွားခဲ့ရင်တောင်မှ စစ်တပ် ဒါမှမဟုတ် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နောက်မှပေါက်မယ့် ရွှေကြာပင် တဦးတယောက်က သမ္မတရာထူးကို ရယူသွားဖို့ အခွင့်အရေး အများဆုံးဖြစ်နေပါတယ်။ အကြောင်းကတော့ အာဏာရ ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ သူတို့ဆက်လက်ပါဝင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေလို့ပါပဲ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အထက်လွှတ်တော် အမတ် ဦးလှဆွေက ပါတီအနေနဲ့ ၂၀၁၅ မှာ ဦးရွှေမန်း ဒါမှမဟုတ် ဦးသိန်းစိန်ကို သမ္မတ အဖြစ်ရွေးချယ်မှာပါလို့ မကြာသေးမီက ဧရာဝတီကို ပြောပါတယ်။ “ဒီနှစ်ယောက်ထဲက ဘယ်သူသမ္မတ ဖြစ်ဖြစ် ကျနော်တို့အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ပါတီက တယောက်ယောက်ကတော့ သမ္မတဖြစ်မှရပါမယ်။ ဒါမှလည်း နိုင်ငံရဲ့ လက်ရှိအကူးအပြောင်းဟာ ချောမွေ့မှာပါ” လို့ ပြောပါတယ်။ တခြား ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း ဦးလှဆွေလိုပဲ တွေးကြမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ စစ်တပ်၊ လက်ရှိအစိုးရနဲ့ အာဏာရပါတီတို့ ပါဝင်တဲ့ နိုင်ငံရေးအခွင့်ထူးခံတွေဟာ သူတို့ရဲ့ အာဏာ ဆက်လက်တည်မြဲဖို့အတွက် တတ်နိုင်သမျှ အားထုတ်ကြမှာပါ။
၂၀၁၀ ခုနှစ်တုံးက မြန်မာနိုင်ငံရဲ့ ဒုသမ္မတ သုံးယောက်ကို ဘယ်လို ရွေးချယ်ခဲ့တာကို ကြည့်ရင် နိုင်ငံရေး အခွင့်ထူးခံတွေဟာ သူတို့ အာဏာတည်မြဲဖို့အရေး ဘယ်လိုပါးပါးနပ်နပ်နဲ့ လှည့်ဖျားနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။ ဒုတိယ သမ္မတ နှစ်ယောက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်ကြပြီး နောက်တယောက်ကတော့ စစ်တပ်သစ္စာခံ တိုင်းရင်းသားတဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတအဖြစ်ရွေးချယ်ခဲ့ပြီး နောက်ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး ကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။ (နောက်နှစ်နှစ်ကြာပြီးတဲ့နောက်မှာ သီဟသူရတင်အောင်မြင့်ဦးကို ရေတပ်ဗိုလ်ချုပ်ကြီး ဦးဉာဏ်ထွန်းနဲ့ အစားထိုးခဲ့ပါတယ်။) တတိယမြောက် ဒုသမ္မတ စိုင်းမောက်ခမ်းကတော့ တိုင်းရင်းသားလူမျိုးစုတွေထဲကနေ ဟန်ပြအဖြစ်ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ဒီရှမ်းလူမျိုး ဆရာဝန်ကိုယ်တိုင်ဟာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ သစ္စာရှိ အဖွဲ့ဝင်တယောက်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအစဉ်အလာအရ နောက်လာမယ့်ရွေးကောက်ပွဲမှာလည်း လူနည်းစုတိုင်းရင်းသားလူမျိုးထဲကနေ ဒုတိယသမ္မတတယောက် ထပ်မံရွေးချယ်ခံရ ဦးမှာပါ။ ဒါပေမယ့် ဒီတခါမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး ရေးပါတီကနေ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစု ပါတီအများကြီးထဲက တခုခုကနေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ တိုင်းရင်းသား လူမျိုး အများကြီးရှိတဲ့အပေါ် အသိအမှတ်ပြုမှုကို ပြတဲ့အနေနဲ့ ရှမ်းလူမျိုး မဟုတ်တဲ့ တခြားတိုင်းရင်းသားလူမျိုးစုတခုကနေ ဒုသမ္မတကို ရွေးချယ်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ပေမယ့် နှစ်ပေါင်း ၅၀ကျော်ကြာ စစ်တပ်က အုပ်စိုးခဲ့တဲ့ အစဉ်အလာကို ဖောက်ဖျက်ဖို့ဆိုတာကတော့ အနည်းဆုံး၂၀၂၀ ခုနှစ် နောက်ပိုင်းမှသာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ပြည်သူတွေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောက်ထပ် ဗိုလ်ချုပ်ကြီးဟောင်း တယောက်ကို မြန်မာပြည်ရဲ့ သမ္မတအဖြစ် ဆက်တွေ့ရဖို့ရှိနေပါတယ်။
(Kyaw Zwa Moe ၏ Burma Struggles to Ditch Its Military Masters ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)