အစိုးရနှင့် ကရင် လက်နက်ကိုင် တပ်များအကြား ကရင်ပြည်နယ် အတွင်း သွားလာလှုပ်ရှားမှုနှင့် ပတ်သက်ပြီး အပြန်အလှန် ခွင့်ပြုချက် ယူပြီးမှသာ သွားလာခွင့်ပြုမည်ဟု ယခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်အသီးသီးက တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း ပြည်သူလူထု၏ လုံခြုံရေးအတွက်ဟု ဆိုပြီး မြဝတီ အခြေစိုက် အစိုးရစစ်တပ် ခြေလျင် တပ်ရင်း(ခလရ)၂၇၅ က ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကရင်ပြည်နယ်အတွင်း ရှိသည့် လက်နက်ကိုင်တပ် တချို့ဆီသို့ တားမြစ်ချက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းပေးပို့ချက်နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) က လည်း စက်တင်ဘာ ၁၇ ရက်စွဲနှင့် အစိုးရ စစ်တပ်ကို တားမြစ်စာ တစောင်ကို ပြန်လည်ပေးပို့ခဲ့သည်။
KNU/KNLA.PC မှ ဗိုလ်မှူးကြီး တိုက်ဂါးက“ငါတို့ဘက်က ဘာလို့ လက်ခံရမှာလဲ။ သူတို့ဘက်က လက်နက်ကိုင်၊ ဝတ်စုံတွေ ဝတ်ပြီး နယ်မြေထဲ သွားနေပြီး ငါတို့ကို မလုပ်ဖို့ တားမြစ်တယ်။ ငါတို့ပြည်သူအတွက် ကာကွယ်ဖို့ ကိုင်ရမှာပဲ။ သူတို့ မကိုင်တော့ရင် ငါတို့ မကိုင်ဘူး။ သူတို့ အောက်ခြေမှာရှိတဲ့ တပ်တွေလည်း လက်နက်ကိုင်ပြီး ပြည်သူတွေကို သောင်းကျန်း နေတယ်။ အဓိက အဲဒါတွေကို ရပ်ပေးဖို့ လိုအပ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။
နှစ်ဘက်ကြား အပြန်အလှန် ပေးပို့သည့် တားမြစ်ချက် စာတွင် ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ သွားလာမည် ဆိုလျှင် စစ်ယူနီဖောင်း၊ စစ်လက်နက် လူအင်အား အသုံးပြုပြီး မြို့တွင်းသို့ လုံး၀ သွားလာခွင့် မလုပ်ရေးကို အပြင်းအထန် တားမြစ် ထားပြီး အရေးတကြီး ကိစ္စနှင့် သွားလာမည် ဆိုပါက သက်ဆိုင်ရာ တပ်ရုံးများ၏ ခွင့်ပြုချက် ရယူပြီးမှသာ သွားလာခွင့်ပြုမည် ဖြစ်ကြောင်း ပါရှိသည်။
ယင်းသို့ တားမြစ်ရသည်မှာ ငြိမ်းချမ်းရေး မူဝါဒများအရ လိုက်နာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ပြပါ အချက်များအတိုင်း လုံး၀ လိုက်နာရန် လိုအပ်ကြောင်းလည်း အပြန်အလှန်ရေးသား ပေးပို့ချက်၌ ဖော်ပြထားသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ တွင် တာဝန်ထမ်းဆောင်နေသည့် ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေး တပ် မဟာမှူး ဗိုလ်ကြီး မန်းတင်စိုးက ယင်းတားမြစ်ချက်များနှင့် ပတ်သက်ပြီး KNU အထက်ပိုင်း အရာရှိများက ၎င်းတို့ကို ယခု ရက်ပိုင်းအတွင်း အသိပေးပြောကြားခဲ့သည်ဟု ပြောသည်။
“ကျနော်တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ မြို့တွင်းဝင်ရင် လက်နက်တွေ မကိုင်သွားဖို့၊ စစ်ဝတ်စုံအပြည့် မဝတ်သွားဖို့ကို တော့ အသိပေးတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော် အခု တာဝန်ကျတဲ့ နေရာက သူပုန်ပေါတယ်။ ဒါကြောင့် လက်နက် ကတော့ ကိုင်နေရမှာပဲ”ဟု ၎င်း က ပြောပြသည်။
ယခုကဲ့သို့ တားမြစ်ချက် ပေးပို့ခြင်းသည် အစိုးရက ဖိအားပေးခြင်း ဖြစ်ကြောင်း KNU အဖွဲ့ဝင် တချို့ကလည်း သုံးသပ်ပြောဆို သည်။
ယင်းတားမြစ်ချက်များ ပေးပို့ချိန်သည် ထိုင်း-မြန်မာ နယ်စပ် မြဝတီ မြို့ပေါ်တွင် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်က ချိန်ကိုက် မိုင်းများ ၂ ရက်ဆက်၍ တွေ့ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် – မြဝတီ မှတဆင့် တင်သွင်းလာသော ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန် တင် ကားကြီး အစီး ၃၀ ကို မြဝတီအခြေစိုက် KNU/KNLA-PC မှ ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်သောအဖွဲ့က ပြီးခဲ့သည့် စနေနေ့တွင် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းမှု ဖြစ်ပွားချိန် နောက်ပိုင်း၌ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။