ကချင်ပြည်နယ် ခါကာဘိုရာဇီ တောင်တက်ခရီးတွင် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား အမျိုးသား ၂ ဦးကို ရှာဖွေရန် အမေရိကန်နှင့် နီပေါ ကျွမ်းကျင်သူများ ထပ်မံ ခေါ်ယူထားကြောင်း သိရသည်။
“လိုက်လံ ရှာဖွေတဲ့သူတွေလည်း ဘေးကင်းဖို့ လုံခြုံဖို့ အရေးကြီးပါတယ်။ အမေရိကန် တောင်တက်သမား နှစ်ဦး မနက်ဖြန် ၉ နာရီ မှာ ရန်ကုန်လေဆိပ်ကို ရောက်လာမှာပါ။ သူတို့ကို ပူတာအို ကို ချက်ချင်း ခေါ်ဆောင်သွားပြီး ရှာဖွေဖို့ လုပ်မှာပါ”ဟု တောင်တက် အဖွဲ့ကို ကူညီနေသည့် ထူး ဖောင်ဒေးရှင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကိုက ပြောသည်။
အမေရိကန်နှင့် နီပေါ တောင်တက် ကျွမ်းကျင်သူများကို ကမ်းလှမ်းရခြင်းသည် ရေခဲတောင် တက်ဖူးသည့် အတွေ့အကြုံ ရှိသူများ ဖြစ်သည့်အပြင် အမေရိကန်၏ ချစ်ကြည်ရေး အစီအစဉ်ဖြင့် ကူညီခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်ကယ်ဆယ်ရေး အဖွဲ့သည်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် တရုတ်သံရုံး၏ ကမ်းလှမ်းမှုကြောင့် လာရောက်ကူညီခြင်း ဖြစ်ကြောင်း ဦးဖြိုးကိုကိုက ပြောသည်။
ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးနေသည့် တောက်တက်သမား နှစ်ဦးမှာ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့ ဖြစ်ပြီး လက်ရှိအချိန်၌ ခါကာဘိုရာဇီတောင်တွင် ရာသီဥတု အခြေအနေ ဆိုးရွာနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူ ၂ ဦးသည် အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို ပထမဆုံး ရောက်ရှိကြသည့် မြန်မာ အမျိူသား တောင်တက်သမားများ ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်တွင် တောင်ထိပ်၌ မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ပြီး တောင်ပေါ်မှ အဆင်းတွင် လမ်းကြောင်းနှင့် ရာသီဥတု အခြေအနေကြောင့် ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇသည် ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တက် ခရီးတွင် ၄ ရက်ခန့် ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို လာရောက် ကူညီရှာဖွေခဲ့သည့် ထိုင်းနိုင်ငံ၊ Advance Aviation မှ B4 ရဟတ်ယာဉ် တစီးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ် မောင်းနှင်သည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မောင်း Captain Smokiat Kreatip နှင့် Captain Chatchawal Thanthongတို့ကို ပြန်လည် ခေါ်ယူပြီး ရှာဖွေနေသည်ဟု သိရသည်။
အဆိုပါ ခါကာကာဘိုရာဇီ တောင်တက်ခရီးစဉ်ကို မြန်မာ အမျိုးသား ၈ ဦး တက်ရောက်ခဲ့ကာ တောင်ထိပ်သို့ ၂ ဦးသာ ရောက်ခဲ့ပြီး ကျန် ၆ ဦးမှာ တောင်လယ်တွင် ကျန်ခဲ့ကြောင်း၊ တောင်လယ်တွင် ကျန်ခဲ့သူ ၆ ဦးသည် ပူတာအိုသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ခါကာဘိုရာဇီ တောင်ထိပ်ကို ၁၉၉၆ ခုနှစ်က မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်းတောင်တက် အဖွဲ့က တက်ရောက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက် အဖွဲ့က တက်ရောက်ခဲ့သည်။
အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ စသော တောင်များသည် အမြင့်ဆုံးတောင်များ ဖြစ်ကြသည်။