သရုပ်ဆောင် ရဲတိုက်အား ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းတွင် ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှု အပေါ် ယနေ့ ဗိုလ်တထောင် တရားရုံးက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၁ နှစ် အမိန့် ချမှတ်လိုက်သည်။
မူလက စွဲဆိုထားသော ပုဒ်မမှာ ပုဒ်မ ၂၉၅ နှင့် ပုဒ်မ ၂၉၅ (က) ၂ ခု ဖြစ်ပြီး ပုဒ်မ တခုလျှင် တနှစ်စီ ဖြင့် ၂ နှစ် ကျခံရမည့် အစား တပေါင်းတည်း တနှစ် ကျခံစေရန် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က စိန့်မေရီ ဘုရားကျောင်းအတွင်း ဝင်ရောက်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ သည့် အပေါ် ဘုရားကျောင်း တာဝန်ရှိသူများက တိုင်ကြားခဲ့ရာ ဗိုလ်တထောင် ရဲစခန်းမှ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင် ရဲတိုက်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်က ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက်ဟု ယူ ဆ ရသော အရွက်ခြောက် တကျပ်သားခန့် တွေ့ရှိမှုနှင့် ဖမ်းဆီး အရေးယူမှုခံခဲ့ရပြီး ယင်းကိစ္စနှင့် ပတ်သတ်၍ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) (မူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် အမိန့်ကို လက်ရှိ ပြစ်ဒဏ်ခံယူနေရကြောင်းလည်း သိရသည်။
သာသနာတော် ညှိုးနွှမ်းစေမှု ပုဒ်မ ၂၉၅ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ယနေ့ ချမှတ်ခံခဲ့ရသော ထောင်ဒဏ်နှင့် ပတ်သက်ပြီး အယူူခံ ဝင်သွားရန် ရှိမရှိကို မေးမြန်းရန် သရုပ်ဆောင် ရဲတိုက် ၏ ဗီဒီယို ရုပ်ရှင်ကားများ ထုတ်လုပ်သည့် ဆာတိုရီ ဗီဒီယို ထုတ်လပ်ရေးနှင့် နီးစပ်သူများကို ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ပေ။
ဆက်စပ်သတင်း
- “ရဲတိုက်တကိုယ်တော် ဆန္ဒပြ” သတင်း တွင်ပြန်လည် ဖတ်ရှု့ရန်