စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၂၆ နှစ်ရှိပြီ ဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးမှာ သြဇာအာဏာကြီးမားနေဆဲဖြစ်ပြီး လက်ရှိတိုင်းပြည်မှာ အရေးကြီးဆုံးဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာတောင် မပါရင် မဖြစ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးအာဏာကို ချုပ်ကိုင် ထားဆဲ ဖြစ် တယ်လို့ ပြည်တွင်းအခြေစိုက် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
၁၉၈၈ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး န.ဝ.တ ၊ န.အ.ဖ ဆိုတဲ့ အမည်များနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အမည်ခံ အစိုးရ တက်လာကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တချို့ လုပ်ဆောင်ခဲ့ပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မဖြစ်သေးဘဲ စစ်အာဏာ ရှင် စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းဖို့ ဖြေလျှော့ပေးတဲ့ အဆင့်မှာပဲ ရှိသေးကြောင်းလည်း ဝေဖန် သုံးသပ်ကြပါတယ်။
အငြင်းပွားမှု မျိုးစုံနဲ့ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အတူ စစ်တပ်က နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို အပီအပြင် ရယူနိုင်ခဲ့ရုံသာမက ဖွဲ့စည်းပုံအရ လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ ထက် ပိုအာဏာရှိနေပြီးတော့ အချိန်မရွေး စစ်အာဏာသိမ်းနိုင်တဲ့ အခွင့်အာဏာမျိုးပါ ရှိနေတယ်လို့လည်း နိုင်ငံရေးသမားတွေက ပြောပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းယူမှုဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုထက် ပိုထူးခြားပြီးတော့ ၆၂ အာဏာသိမ်းမှုမှာ ဦးနေဝင်း တယောက်ပဲ အာဏာရှင် လုပ်ခဲ့ပေမယ့် ၈၈ အာဏာသိမ်းမှု အပြီးမှာတော့ ဦးနေဝင်းထက် ပိုဆိုးတဲ့ စစ်ဗျူရိုကရေစီ ယန္တရား တခု လုံး ကို လူ့အဖွဲ့အစည်းထဲကို သွတ်သွင်းလာတာ ဖြစ်တယ်လို့ ပြည်တွင်းမှာ နိုင်ငံရေး စာပေတွေ ရေးသားနေတဲ့ စာရေးဆရာ စည်သူအောင်မြင့်က ဧရာဝတီကို ပြောပါတယ်။
“စစ်ဗိုလ်တွေ အများကြီး မွေးထုတ်လိုက်ပြီးတော့မှ နေရာပေါင်းစုံမှာ လိုက်ထည့်လိုက်တယ်။ သူတို့ အဲဒီလိုလုပ်ခဲ့လို့ တိုင်းပြည်က ကုန်းကောက်စရာ မရှိအောင် ၂၆ နှစ် အတွင်းမှာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားပြီးတော့ ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျသွားတယ်။ အခုချိန် အထိလည်း နိုင်ငံရေးက ဆုတ်ခွာဖို့ လုပ်တာ မတွေ့ရသေးပါဘူး”လို့လည်း စာရေးဆရာ စည်သူအောင်မြင့်က ပြောဆိုပါတယ်။
ဒါပေမယ့် လက်ရှိ သမ္မတ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ တိုင်းပြည် အခုလို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင် ခဲ့တာ စစ်တပ် ကျေးဇူးကြောင့် ဖြစ်တယ်လို့ မကြာမီ ရက်ပိုင်းအတွင်းက ဥရောပ ခရီးစဉ်တခုမှာ ထုတ်ဖော်ချီးကျူး ခဲ့ပါသေးတယ်။
အဲဒီပြောဆိုချက်ကို ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက သဘောမတူဘူးလို့ ပြောပါတယ်။
“စစ်တပ်က တိုင်းပြည် ပြိုကွဲမှာကို စိုးရိမ်တယ်။ တယူသန် စိတ်ကြီးတယ်။ အဲဒီ စိုးရိမ်စိတ်တွေကြောင့်ပဲ သူတို့မှားခဲ့ကြတယ်”လို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။
ဖက်ဒရယ် ကတိကဝတ်တွေနဲ့ တိုင်းပြည် တည်ဆောက်မယ်လို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကတိပြုခဲ့ကြ ပေမယ့် နောက်ပိုင်း စစ်ခေါင်းဆောင်တွေဟာ ဒီကတိတွေကို မေ့လျော့သွားရုံသာမက လုပ်နည်းလုပ်ဟန်တွေလည်း မှားယွင်းခဲ့ တယ်လို့ သူက သုံးသပ်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည်တွေမှာလည်း စစ်တပ်က အာဏာသိမ်းတာတွေ ပုံစံအမျိုးမျိုးရှိပေမယ့် မြန်မာပြည်မှာ စစ်တပ်က အာ ဏာ သိမ်းတာကတော့ အဆိုးဆုံး အခြေအနေမှာ ရှိတယ်လို့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ယိုးဒယားမှာ စစ်တပ်က အာဏာသိမ်းတာ ၁၉ ခါလောက် ရှိခဲ့တယ်။ ဒါပေမယ့် အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ ပညာရေးတွေကို မထည့် ဘူး။ ဒီမှာတော့ တခါလောက် အာဏာသိမ်းပါတယ်၊ ဝင်လုပ်လိုက်ကြတာ လမ်းဘေးက ကွမ်းယာဆိုင်ပဲ ကျန်ခဲ့တယ်။ အဲဒါအပြင် ကို တချိန်က အရှေ့တောင် အာရှမှာ အလွန်ကျော်ကြားခဲ့တဲ့ ပညာရေးစနစ်ကိုပါ ထိခိုက်သွားခဲ့တယ်”လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တချို့နဲ့အတူ လွှတ်တော် ပေါ်ပေါက်လာတဲ့ အခါမှာလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က ထည့်ထားပါတယ်။
အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဇော်မိုးက နိုင်ငံရေးမှာ စစ်သားတချို့ ချန်ခဲ့ပြီး ခွာစစ်ပုံစံနဲ့ ဆုတ်ခွာနေတဲ့ အချိန်မှာ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားခဲ့တဲ့ နိုင်ငံရေး အာဏာကို လုံး၀ လက်လွှတ်ပြီး စစ်တန်းလျားကို ပြန်ဖို့ တိုက်တွန်း ပြောဆိုမှုတွေဟာ စစ်တပ်ကို ထွက် ပေါက်မပေးဘဲ ချောင်ပိတ်ရိုက်သလို ဖြစ်မှာ စိုးရိမ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သူတို့ လက်လွှတ်လိုက်ရင် ပြဿနာ တက်မှာ။ သူတို့ ပြောနေကြ ပြည်ထောင်စုကြီးပဲ ပြိုကွဲတော့ မလိုလို၊ အရှေ့အလယ်ပိုင်း ဒေသမှာလိုပဲ ဖြစ်တော့ မလိုလို။ အဲဒီအချိန်မှာပဲ တချို့က ဒါမျိုးပုံစံကို ဖန်တီးနေတယ်။ ဒီလိုဖြစ်တော့ ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းက ပုံစံပြောင်းသွားတာမျိုး၊ ပိုကြာသွားတာမျိုးတွေ ဖြစ်နိုင်တယ်”လို့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဇော်မိုး က ပြောဆိုပါတယ်။
ပြီးတော့ စစ်တပ်ဟာ နိုင်ငံရေးက ဆုတ်ခွာပေးလိုက်ရင် တိုင်းပြည်မှာ ဆိုးဝါးတဲ့ အခြေအနေဆိုးတခု ရင်ဆိုင်ရနိုင်တယ်လို့ ယုံကြည်နေမှုကို အရပ်ဘက် နိုင်ငံရေးသမားတွေက ဖယ်ရှားနိုင်ပြီးတော့ နိုင်ငံရေး၊ စည်းရုံးရေးနဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ အရပ်သားတွေဘက်မှာ ခိုင်မာ အားကောင်းလာခဲ့ရင် စစ်တပ်က ခေါင်းဆောင်မှု နေရာကနေ မဖြစ်မနေ ဖယ်ပေးရမှာလို့လည်း သူက သုံးသပ်ပါတယ်။
အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတဲ့ ခေတ်ကျန်ခဲ့ပြီ ဖြစ်ပြီး အရပ်သားတွေဘက်က ရေရှည်နိုင်ငံရေး မဟာဗျူဟာတွေ ချမှတ်ပြီး နိုင်ငံရေး ကစားကွက်ဖော်ဖို့ လိုပြီလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
“ပါတီတွေ၊ နိုင်ငံရေးသမားတွေက ကိုယ့်ဘာသာ မဟာဗျူဟာ မချဘဲ စစ်တပ်က ချပေးတဲ့ အခင်အကျင်း အပေါ်မှာပဲ ဝင်ကချင်နေ ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ခင်းပေးတယ်။ ငြိမ်းချမ်းရေး စင်ပေါ်တက် ကလိုက်ကြတယ်။ လွှတ်တော်ပေါ်မှာ ကချင်တယ်။ အဲဒီလို လိုက် မလုပ်ဘဲနဲ့ နိုင်ငံရေး ကစားဖို့ လိုပြီ”လို့ သူက သုံးသပ်ပါတယ်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေသေးသရွေ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော် ပုံ ကြီး အောင်မြင်တယ်လို့ မပြောနိုင်ဘဲ စစ်တပ်ကို အရပ်သား သမ္မတ လက်အောက်ကို ထည့်လိုက်နိုင်မှ ဒီမိုကရေစီ အားကောင်း တဲ့ တိုင်းပြည်တခု ဖြစ်လာလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဂျင်မီကတော့ ပြောဆိုပါတယ်။
အခုဆိုရင် တိုင်းပြည်မှာ စစ်တပ်က ဘယ်လောက် အရေးပါနေသလဲဆိုရင် အရေးကြီးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူမပါရင် မဖြစ်တဲ့ အခြေအနေမျိုးပါလို့လည်း ဆိုပါတယ်။
“ငြိမ်းချမ်းရေး ကိစ္စတွေမှာ အစိုးရနဲ့ ဆွေးနွေးတာထက် စစ်တပ်နဲ့ ဆွေးနွေးရတာ ပိုအရာ ရောက်တယ်။ စစ်တပ်က ထဲထဲဝင်ဝင် ပါလာပြီး မီးစိမ်းပြလိုက်ရင် အခုဆွေးနွေးမှုတွေ အားလုံး အောင်မြင်ပြီ။ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း စစ်တပ်ဆီက လက်မှတ်မထိုးခင်မှာ ကတိကဝတ်တချို့ ရချင်နေကြတယ်”လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန် ထွန်းဦးက ပြောပါတယ်။
၁၉၈၈ ခုနှစ် သြဂုတ်လမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ဖော်ဆောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စနစ်ကို ပြည်သူ လူထုက ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ တော်လှန်ဖြုတ်ချနိုင်ခဲ့ပေမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်တဲ့ နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောင်ရေး အဖွဲ့(န.ဝ.တ)က အာဏာ ထပ်သိမ်းခဲ့ပါတယ်။