ပြည်ထောင်စု လွှတ်တော်တွင် ပြဌာန်းတော့မည့် အမျိုးသားပညာရေး ဥပဒေ၌ လူတိုင်းအကျုံးဝင် ပညာရေးစနစ်ပါဝင်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ကျော်နှင့် မသန်စွမ်း အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားပညာရေး ဥပဒေသစ်တွင် လူတိုင်းအကျုံးဝင် ပညာရေးစနစ် ပါဝင်ခွင့် ရရှိရေးသာမက မသန်စွမ်းသူများလည်း သာမန် လူ များနည်းတူ တန်းတူပညာသင်ခွင့် ရရှိနိုင်ရေး၊ သင်ထောက်ကူ ပစ္စည်းများနှင့် သင်ကြားရေး စနစ်များ အထောက်အကူပြု ပေးနိုင် ရေး ဆိုင်ရာတို့ အတွက် လာမည့် စက်တင်ဘာ ၂၅ ရက်တွင် နေပြည်တော်၌ ဆွေးနွေးကြမည် ဖြစ်သည်။
ပြဌာန်းတော့မည့် အမျိုးသားပညာရေး ဥပဒေတွင် ထိုသို့ တန်းတူအခွင့်အရေး ရရှိရေးအတွက် မသန်စွမ်း အဖွဲ့အစည်း ၂၅ ဖွဲ့ကျော်က စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ ခဝဲခြံ မျက်မမြင်ကျောင်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ် သည်။
“ကျနော်တို့က ပညာရေး စနစ်မှာ မသန်စွမ်းသူတွေ အတွက် တရားမျှတမှု ရှိဖို့နဲ့ ဒီမိုကရေစနစ် အပြည့်အဝရှိဖို့ သွားတောင်းဆိုတာ ဖြစ်ပါတယ်”ဟု ဧဒင် မသန်စွမ်း အဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဦးထာအုပ်က ပြောသည်။
လက်ရှိ ရေးဆွဲထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် မသန်စွမ်းသူများ ပညာသင်ကြားခွင့် ဆိုင်ရာများနှင့် ပတ်သက်၍ သီးခြား မပါရှိဘဲ လိုအပ်ချက်များ ရှိနေသည့်အတွက် ထောက်ပြပြောဆို နေရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် မသန်စွမ်းကလေးများအတွက် လူတိုင်းအကျုံးဝင် အခမဲ့ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ပညာရေးကို အခြားသူများနှင့် တန်းတူရရှိရေး၊ မသန်စွမ်း ကလေးများကို ထောက်ပံ့ပေးနိုင်မည့် သင်ထောက်ကူ ပစ္စည်းနှင့် ဝန်ထမ်းများ၊ အစိုးရ၏ အထူးငွေကြေး ထောက်ပံ့မှုများ၊ ကျွမ်းကျင် စိတ်ရောဂါ ပညာရှင်၊ ဆေးပညာရှင်နှင့် အခြား အတတ်ပညာရှင်များကို ဖြည့်ဆည်းပေးရန် ဆွေးနွေးတောင်းဆို သွားကြမည်ဟု သိရသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ကိုနေလင်းစိုးက“မသန်စွမ်း ကလေးတွေရဲ့ ပညာရေး ကံကြမ္မာက သင်ကြားပေး မယ့် ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်၊ ဒါကြောင့် ကျနော်တို့ တောင်းဆိုနေရခြင်း ဖြစ် တယ်၊ အခုမရလည်း ကျနော်တို့ ဆက်တိုက် ပြောနေဦးမှာပါ”ဟု ပြောဆိုသည်။
မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့်များနှင့် ပတ်သက်၍ အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်ထည့်သွင်းပေးရန် ၂၀၁၂ ခုနှစ် ကတည်းက အဆက်မပြတ် တောင်းဆိုနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေတွင်ထည့်သွင်းပေးရန် နောက်ကျနေ ပြီဟု ပြောဆိုကြောင်း မသန်စွမ်း အဖွဲ့အစည်းများက ပြောသည်။
အစိုးရ အခြေခံ ပညာကျောင်းများတွင် မသန်စွမ်းသူများ တက်ရောက်သင်ကြားခွင့် ရနိုင်ရန်အတွက် မသန်စွမ်းသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်းမွန်လာရန် ပြုလုပ်စရာမလိုဘဲ ကျောင်းတွင်း တည်ဆောက်ပုံများ၊ ဆရာ၊ ဆရာမများနှင့် သင်ကြားရေး စနစ်များကိုသာ ဦးစွာ ပြုပြင်သင့်သည်ဟုလည်း မသန်စွမ်းသူများက ထောက်ပြ ပြောဆိုလျက် ရှိသည်။