ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ အစိုးရစစ်တပ် ဦးဆောင်တဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) အဖွဲ့ဝင် တဦး သေဆုံးပြီး တဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် ညက DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းလာတဲ့ အနက်ရောင် SURF အမျိုးအစား ကားကို အစိုးရ လုံခြုံရေးအဖွဲ့တွေက စစ်ဆေးဖို့ တားမြစ်ရာမှာ ၎င်းတို့က အစစ်အဆေး မခံဘဲ မောင်းထွက်သွားတဲ့အတွက် စစ်တပ်က ပစ်ခတ် တားဆီးခဲ့ရာမှ သေဆုံးဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ပူးပေါင်းလုံခြုံရေး အဖွဲ့မှာ ပါဝင်တဲ့ တာဝန်ကျတဦးက ဧရာဝတီကို ပြောပါတယ်။
“စစ်ဆေးဖို့ တားတာကို မောင်းထွက်သွားလို့ လမ်းကို ကားတွေနဲ့ ကန့်လန့်ပိတ် ရပ်လိုက်တယ်။ အဲဒါကို အစစ်အဆေး မခံဘဲ ပိတ် ရပ်ထားတဲ့ ကားတွေကို တိုက်ပြီး မောင်းထွက်သွားတယ်။ ကျနော်တို့ ကားတွေလည်း ဆယ်ပေလောက် လွင့်ထွက်သွားတယ်။ ပစ်မိန့်ရတော့ လိုက်ပစ်တာ အဓိက ဘီးကိုပစ်တာ၊ ဝိုင်းပစ်ရင်း လူထိသွားတာပါ”လို့ သူက ဧရာဝတီကို ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားစဉ်မှာ တဦးက နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အတူပါလာသူလည်း လည်ပင်းရှပ်ထိ ဒဏ်ရာနဲ့ မြဝတီမြို့နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရပါတယ်။
ပူးပေါင်း အဖွ့ဲတွေရဲ့ မှတ်တမ်းအရ သေဆုံးသူနဲ့ ဒဏ်ရာရသူဟာ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) လက်အောက်ခံ DKBA တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရပြီး မောင်းနှင်လာတဲ့ ကားထဲမှာလည်း ပစ္စတို တလက်၊ ပွိုင့် ၂၂ တလက်နဲ့ အတူ ကျည်ဆန် နဲ့ လက်ပစ်ဗုံးတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KKO/DKBA တာဝန်ရှိသူတွေကို ဧရာဝတီက ကြိုးစား ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရရှိခဲ့ ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီ မြို့ပေါ်မှာ ချိန်ကိုက်မိုင်းနှစ်လုံး နှစ်ရက်ဆက်တိုက် တွေ့ရှိပြီးတဲ့နောက် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ မြို့အာဏာပိုင် တချို့နဲ့ ဖွဲ့စည်းထားတဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့တွေဟာ မြဝတီမြို့ပေါ်မှာ ၂၄ နာရီ မြို့လုံခြုံရေး ကို တာဝန်ယူ ဆောင်ရွက်နေချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ပေါ်မှာ အစိုးရ စစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ DKBA၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ နယ်ခြားစောင့် တပ်ဖွဲ့(BGF) စတဲ့ အဖွဲ့တွေ သွားလာလှုပ်ရှား လုပ်ကိုင် နေကြပါတယ်။
တိုင်းရင်းသားတပ်ဖွဲ့ တချို့က ယခင်က မြဝတီမြို့ပေါ်မှာ လက်နက် ကိုင်ဆောင် သွားလာနေကြတာတွေ ရှိပါတယ်။
KNU/KNLA – PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံဘက် အခြမ်းကို တင်သွင်းလာတဲ့ ထိုင်းကုန်ကား အစီး ၃၀ ကို ခေတ္တ ထိန်းသိမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။
တချိန်တည်းမှာပဲ မြဝတီမြို့ပေါ်မှာ ချိန်ကိုက်မိုင်း ၂ လုံး နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့လို့ စစ်တပ်က ဦးစီးတဲ့ လုံခြုံရေး အဖွဲ့တွေက လုံခြုံရေးအင်အား တိုးမြှင့်ပြီး မြို့ပေါ်မှာ ၂၄ နာရီ လုံခြုံရေး တင်းကျပ် စောင့်ကြည့် နေပါတယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက်မှာ ဒေသခံ အစိုးရ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မြဝတီမြို့ပေါ်ကို ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ဆောင် သွားလာခွင့်ကို တားမြစ်မှု ပြုလုပ်ခဲ့ပါတယ်။
ယခု ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်တာတွေ မရှိသေးပေမယ့် KKO/DKBA ခေါင်းဆောင် တချို့က ဒီဖြစ်ရပ် အပေါ်မှာ သဘောထား တင်းမာနေတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ မြဝတီမြို့ပေါ်မှာ ကုန်သွယ်ကူးသန်းမှုတွေ ယခင်အတိုင်း ရှိနေပေမယ့် မကြာခင် ရက်ပိုင်းက ချိန်ကိုက် မိုင်းတွေ ဆက်တိုက် တွေ့ရှိမှု၊ အခုဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု၊ လူသေမှုတွေကြောင့် မြို့ခံတွေက စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ပြောဆို ကြပါတယ်။