ပိုလီအာခီဆိုတာ တကယ်တော့ အင်အားစု ၄ ခုရဲ့ ထွေပြားပြီး မတည်ငြိမ်တဲ့ အပေါင်းအစပ် ဖြစ်ပါတယ်။ နိုင်ငံရေး အစဉ်အလာကြီး ၃ ခုနဲ့ နိုင်ငံတော်တို့ရဲ့ အပေါင်းအစပ်ပါ။ အကုန်မဟုတ်ရင်တောင်မှ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှု အများစုက နိုင်ငံတနိုင်ငံမှာ ဒီအင်အားစု ၄ ခုကို ဘယ်လို အကောင်းဆုံး ပေါင်းစပ်ရမယ်ဆိုတဲ့ အငြင်းပွားမှုတွေပဲလို့ နားလည်လို့ရပါတယ်။ ဒီအင်အားစုတခုစီက ကွဲပြားတဲ့ တန်ဖိုးတွေ၊ မတူညီတဲ့ လူ့သဘာဝအမြင်တွေကို အချင်းချင်း ဆိုင်ပေးဖို့ သယ်ဆောင်လာပါတယ်။
အခု ပိုလီအာခီရဲ့ ရှေ့ပြေးနိမိတ်လို့ နားလည်လာခဲ့ကြတဲ့ အရာတွေ ဗြိတိန်နိုင်ငံမှာ စတင်ထွန်းကားလာချိန်မှာ တခြား နိုင်ငံတွေက နိုင်ငံရေးခေါင်းဆောင်များ၊ အသိပညာရှင်များရဲ့ လေးစားနှစ်သက်မှုကို ရရှိခဲ့ပါတယ်။ ပထမ ဗြိတိန်နိုင်ငံ၊ နောက် အမေရိကန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကနေ ပျံ့နှံလာတဲ့ သဘောတရားတွေက မြောက်အတ္တလန်တိတ်ကမ္ဘာရဲ့ အပြင်က နောက်ဖြစ်လာမယ့် ပိုလီအာခီတွေကို ပုံဖော်ရာမှာ များစွာ သြဇာရှိခဲ့ကြပါတယ်။ အဲဒီနေရာတွေမှာ ပိုလီအာခီဆိုတာ ငယ်မွေးခြံပေါက် ဝါဒအစစ်တခု မဟုတ်ပါဘူး။ ကမ္ဘာတဝှမ်းက ပိုလီအာခီ တည်ထောင်လိုတဲ့ နိုင်ငံများဟာ မျက်မှောက်ခေတ် မူရင်း ပိုလီအာခီ စတင်တည်ထောင်သူများကို နမူနာယူကြည့်ကြပါတယ်။ သူတို့ရဲ့ ဂန္ထဝင် အတွေးခေါ်ပညာရှင်တွေ၊ သူတို့ရဲ့ သြဇာအာဏာ၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး အစဉ်အလာတွေကို စောင့်ကြည့် စောကြောကြရပါတယ်။ မူရင်း ပိုလီအာခီ တည်ထောင်ခဲ့သူတွေကလည်း ဂရိနဲ့ ရောမကို သဘောတရားအမြင်နဲ့ နမူနာတွေကိုရှာဖို့၊ ပိုမို ကောင်းအောင်လုပ်ဖို့ ဒါမှမဟုတ် သင်ခန်းစာယူဖို့ လေ့လာခဲ့ကြပါတယ်။ ပြင်သစ်တော်လှန်ရေးက ရှောင်ကြဉ်စရာ ဥပမာအဖြစ် တည်ရှိနေခဲ့ပါတယ်။ လေ့လာသူများက ဂျက်ကိုဘင်တွေ ဒီမိုကရေစီနဲ့ ရီပတ်ဘလီကန်ဝါဒနှစ်ခုကို ဆက်နွှယ်ပြီး အသုံးပြုခဲ့ကြလို့ ပေါ်ပေါက်ခဲ့တဲ့ အဖြစ်တွေကို ကြောက်ရွံ့ပြီး လစ်ဘရယ်ဝါဒနဲ့ ပြင်သစ်တော်လှန်ရေးက အဖြစ်မျိုးတွေ မကြုံရအောင် တားဆီးဖို့ ကြံဆခဲ့ကြပါတယ်။ ဒီလိုကြံဆခဲ့ကြရာမှာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု အတွက်တင် မကပါဘူး။ ပြင်သစ်ကိုယ်၌က ရှောင်ကြဉ်ဖို့ သတိထားခဲ့ရပါတယ်။
နောက်မှ ပိုလီအာခီ ဖြစ်လာကြတဲ့ လက်တင်အမေရိက သမ္မတနိုင်ငံများမှာ သူတို့နိုင်ငံများ ယခင်က ပါဝင်ခဲ့တဲ့ အင်ပါယာတွေက သူတို့ ရင်းနှီးပြီးဖြစ်တဲ့ အဖွဲ့အစည်း လုပ်ထုံး အဆောက်အဦများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ရှေးအကျဆုံး အခြေခံဥပဒေတွေကို ဆက်လက် ဆွဲကိုင် ကျင့်သုံးကြပါတယ်။ တကယ်တော့ ဒီအခြေခံ ဥပဒေတွေဟာ ထိရောက်မှု သိပ်မရှိလှပါဘူး။ ကမ္ဘာ့အရှေ့ဖျားက ပိုလီအာခီတွေကတော့ ဥပဒေတွေ၊ အခြေခံဥပဒေတွေကို နိုင်ငံရေး၊ စီးပွားရေး ခေတ်မီ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တခြားက ယူမွေးစားပြီး အသုံးပြုကြပါတယ်။ အဲဒီမှာ ဥပဒေအရ တည်ထောင်ထားတဲ့ နိုင်ငံနဲ့ တကယ်တည်ရှိခဲ့တဲ့ နိုင်ငံရယ်လို့ ရှိတဲ့ နှစ်မျိုးကြားက ခြားနားမှုနဲ့ ပတ်သက်လို့ မပြီးနိုင် မစီးနိုင်တဲ့၊ တခါတလေ သွေးဆူစေတဲ့ အငြင်းအခုံတွေ ပေါ်ပေါက်လာစေပါတယ်။
နိုင်ငံရေးသမားတွေ၊ သမိုင်းဆရာတွေ၊ ဝတ္ထုရေးဆရာတွေ၊ လူမှုဗေဒပညာရှင်တွေ ဆွေးနွေးကြသလို တရားဝင် စည်းမျဉ်းစည်းကမ်းနဲ့ လူတွပုံမှန်လုပ်နေကျ ဆိုတဲ့အရာနှစ်ခုကြားက ခြားနားမှုရှိနေတဲ့ အခြေအနေမှာ ဥပဒေအရ နိုင်ငံတော်ဆိုတာကို တည်ထောင်မလား၊ တကယ့်နိုင်ငံက နိုင်ငံရေးဘဝတွေကို အခြေခံပြီး အခိုင်အမာ တည်ထောင်မလားဆိုတဲ့ မဆုံးနိုင်တဲ့ အငြင်းအခုန်တခု ဖြစ်လာပါတယ်။ တနည်းမဟုတ်တနည်း အောင်မြင်တဲ့ လူမှု နယ်ပယ်လမ်းကြောင်း ရှာဖွေမှုဆိုရာမှာ သတ်မှတ်ပြဌာန်းချက်တွေ၊ သဘာဝအတိုင်း ရှိနေတဲ့ စည်းမျဉ်းတွေ၊ ဒီနှစ်ခု ဒွေးရောယှက်တင် ပြုမှုတွေကို အသေအချာ နားလည်ထားမှ ဖြစ်မှာပါ။ နေရာတိုင်းမှာ ဒီသဘောအတိုင်းပဲ ရှိပါတယ်။ ဒီလို ပြဿနာတွေ၊ ငြင်းခုန်မူတွေ ဖြစ်နေတဲ့ နေရာတွေကတော့ သမိုင်းအရရော၊ ပထဝီ အနေအထားအရရော ပိုလီအာခီ ဗဟိုချက်တွေနဲ့ ဝေးကွာတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။
အချိန်အတော်ကြာသည်အထိ ချွင်းချက်တချို့ကလွဲရင် ပင်မ ပိုလီအာခီနိုင်ငံတွေနဲ့ အလှမ်းကွာတဲ့ နိုင်ငံ တော်တော်များများမှာ အပေါ်ယံသဘောနဲ့ လက်တွေ့ ကွာခြားတဲ့သဘောရှိတဲ့ ဒီမိုကရေစီ၊ လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒတို့ကို ပေါင်းစပ်ကျင့်သုံးရာမှာ ခရီးမတွင်ဘဲ ရှိနေခဲ့ကြပါတယ်။ အစိုးရ စနစ်အမျိုးမျိုး အရှေ့နဲ့ မြောက်ကမ္ဘာခြမ်းတို့မှာ ကျင့်သုံးလာခဲ့ကြတယ်။ တည်မြဲနေနိုင်ခဲ့ကြတယ်။ တရားဝင်မှုဆိုတဲ့ ဝတ်ရုံကို ရွေးကောက်ပွဲနည်းလမ်းနဲ့ အတည်ပြုပြီး ဒီမိုကရက်တစ် အစဉ်အလာကို ဦးညွတ်ခဲ့ကြပေမယ် အဲဒီထဲက အနည်းစုကသာ ပိုလီအာခီစစ်တယ်လို့ ဆိုနိုင်ပါမယ်။ အချုပ်အချယ်ကင်းကင်းနဲ့ လှုပ်ရှားကြတဲ့ လူ့အဖွဲ့အစည်းထဲက လှုပ်ရှားမှုတွေကို လတ်တလော အခြေအနေကြောင့် သော်လည်းကောင်း၊ မတတ်သာလို့ သော်လည်းကောင်း ခွင့်ပြုပေးရမယ့် အခါမျိုးတွေမှာတောင် ဒီအာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးသမားတွေက လစ်ဘရယ်ဝါဒက အားပေးခဲ့တဲ့ အခွင့်အရေးဆိုင်ရာ ပြဌာန်း သတ်မှတ်ချက်တွေကို ငြင်းပယ်တတ်ကြပါတယ်။ ရီပတ်ဘလီကန်ဝါဒကို အခုတွေ့မြင်ရသလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုမျိုးအဖြစ် သုံးသပ်ရပေမယ့် အာဏာရှင်ဆန်ဆန် အုပ်ချုပ်သူအများစုက ရီပတ်ဘလီကန်တွေ မဟုတ်ကြပါဘူး။ တကယ်တော့ သူတို့ကို မက်စ် ဝက်ဘာ (Max Weber) နဲ့ ယန်းလင့်ဇ် (Juan Linz) တို့ အဆိုအတိုင်း ပြောရရင် ဆူလတန်မင်းဆက် (Sultanistic) တွေ လိုအုပ်ချုပ်တယ်လို့် မဆိုနိုင်ရင်တောင်မှ ခေတ်သစ်ဖခင်သဖွယ် အုပ်ချုပ်သူများ (Neopatrimonialist) လို့ ဆိုရပါမယ်။ အများကောင်းကျိုးအတွက်လို့ ကြွေးကြော်ပြီး အုပ်ချုပ်ကြပါတယ်။ ဒါပေမယ့် သူတို့က တရားဥပဒေရဲ့ အထက်မှာရှိပြီး သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရီပတ်ဘလီကန်ဝါဒရဲ့ ကိုယ်ကျင့်ဆိုင်ရာ ဝတ္တရားတွေကို မျက်ကွယ် ပြုထားတတ်ကြပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု မရှိရင်သာနေမယ်၊ ရွေးကောက်ပွဲတွေကိုလည်း အခါအားလျော်စွာ ကျင်းပပေးတတ်ကြပါသေးတယ်။ ဒီ့အပြင် လက်တင်အမေရိက စစ်အာဏာရှင်တွေအောက်မှာ ရွေးကောက်ပွဲတွေကို ဖိနှိပ်ထားကြတဲ့အခါမှာ ပြည်သူတွေက လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒ သဘောဆောင်တဲ့ အလေ့အထတွေ ရှိခဲ့ရင်တောင်မှပဲ မဲပြိုင်စနစ်နဲ့ ရွေးကောက်ခဲ့ကြတဲ့ ဒီမိုကရေစီခေတ် အချိန်တွေကိုသာ သတိရတတ်ကြပါတယ်။
အုပ်ချုပ်သူအလှည့်ကျ ခန့်အပ်ခြင်းက ဒီမိုကရေစီရဲ့ မူလဘူတလုပ်ထုံးတခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ပညာရပ်ပိုင်းဆိုင်ရာ အရရော၊ သာမာန်အရပ်သိ သဘောကပါ ဒီမိုကေရစီဆိုတာ အစိုးရကို မဲခွဲရွေးချယ်ခြင်းလို့ နားလည်ထားကြပါတယ်။ ပိုလီအာခီလို့ ဆိုနိုင်တဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲနဲ့ ယှဉ်တွဲသတ်မှတ်ကြတဲ့ မျက်မှောက်ခေတ် သဘောထားက ပျံ့နှံ့နေတဲ့အခါ လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒတို့ရဲ့ အခြေခံကျကျ အရေးပါမှုကို မှုန်ဝါးသွားစေပါတယ်။ အနောက်တိုင်း အစိုးရတွေက စစ်မှန်တယ်လို့ ထင်ရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့နိုင်ငံတွေကို ဒီမိုကရေစီ စစ်ပါတယ်လို့ ထောက်ခံပေးကြတာတွေ ရှိခဲ့ပါတယ်။ ဥပမာ ရုရှားရဲ့ ဘောရစ် ယဲ့လ်ဆင် (Boris Yeltsin) လို၊ ပီရူးရဲ့ အယ်လ်ဘာတို ဖူဂျီမူရီ (Alberto Fugimuri) တို့လို ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို အကြမ်းပတမ်း ကိုင်တွယ်ခဲ့တဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေကို ထောက်ခံမှု ပေးခဲ့ပါတယ်။ အကြောင်းရင်းခံကတော့ လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒရဲ့ အရေးပါမှုကို ထည့်မတွက်ဘဲ ရွေးကောက်ပွဲ သက်သက်ကို ကြည့်ပြီး ဒီမိုကရေစီအဖြစ် ပိုင်းဖြတ်ခဲ့လို့ပါ။ ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒကို ပိုလီအာခီမှာ အလေးမထားမှုက ပြဿနာပေါင်း သောင်းခြောက်ထောင် ပေးနိုင်တယ်ဆိုတာ ပြင်ညီတာဝန်ယူမှုကို ဆွေးနွေးတဲ့အခါမှာ တွေ့ရမှာဖြစ်ပါတယ်။
တာဝန်ယူမှု ထိရောက်အောင် ဆောင်ရွက်ခြင်း
တခုစီကိုပြောရင် ကျမ်းတစ်အုပ်စီ ထွက်နိုင်တဲ့၊ အရေးကြီးပြီး ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေကို အလျင်စလို လှည့်ပတ်လေ့လာ ကြည့်ခဲ့တာဟာ အခုဆွေးနွေးမယ့် ပြင်ညီတာဝန်ယူမှုနဲ့ ဆက်စပ်ပြီး သိရှိဖို့လိုအပ်တဲ့ အခြေအနေကို တင်ပြလိုလို့ ဖြစ်ပါတယ်။ ဒီတာဝန်ယူမှုမျိုးက တရားဝင် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတဲ့ နိုင်ငံတော်ရဲ့ အေဂျင်စီတွေပေါ်မှာ မှီတည်နေပါတယ်။ ဒီအေဂျင်စီတွေက ဆောင်ရွက်လိုစိတ်နဲ့ ဆောင်ရွက်နိုင်စွမ်းရှိပြီး လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကစပြီး တခြားသော တာဝန်ရှိသူများ၊ နိုင်ငံတော်ဆိုင်ရာ အေဂျင်စီများ ဥပဒေမဲ့လုပ်ရပ်များ၊ တာဝန်လစ်ဟင်းမှုများ ရှိလာတဲ့အခါ ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒီလို လုပ်ရပ်များ၊ လစ်ဟင်းမှုများကို ဒီမိုကရက်တစ်၊ လစ်ဘရယ်၊ ရီပတ်ဘလီကန် ရှုထောင့် ၃ ခုစလုံးက အန္တရာယ်လို့ ယူဆကြပါတယ်။ ဒီမိုကရေစီဟာ ဥပမာအားဖြင့် ပြောရရင် လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့ပိုင်ခွင့်ကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ကြောင့် သို့မဟုတ် မဲလိမ်မှုကြောင့် ထိခိုက်သွားနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေပါပဲ။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေက ပိုလီအာခီကို ပယ်ဖျက်ပြီးသားမှာ နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်လို့မို့ ဒီနေရာမှာ ဆွေးနွေးသွားမယ့် အကြောင်းတွေမှာ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ပါဘူး။
လစ်ဘရယ်အမြင်နဲ့ ကြည့်ရင် နိုင်ငံဝန်ထမ်းက အိမ်ရာတို့ကို ကျူးကျော်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ တရားမျှတသော စစ်ဆေးမှု မရှိဘဲ အပြစ်ပေးမှုများကို လုပ်ဆောင်ခဲ့လျှင် သို့မဟုတ် တားဆီးရန် ပျက်ကွက်ခဲ့လျှင် ပိုလီအာခီအတွက် ထိခိုက်မှုတွေပဲ ဖြစ်လာပါမယ်။ နိုင်ငံတော် ယန္တရားများနဲ့ လူ့အဖွဲ့အစည်းထဲက ဆင်းရဲချို့တဲ့ပြီး နိုင်ငံရေးအာဏာ မရှိတဲ့သူတွေ ထိတွေ့ဆက်ဆံရကြတဲ့ အခါမှာ အခုလို ချိုးဖောက်မှု အများစု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ရိုက် ရွေးကောက်တင်မြှောက်ထားသူ မဟုတ်တဲ့ ရာထူးနိမ့် အမှုထမ်းအရာထမ်းများက ချိုးဖောက်နေကြတာ ဖြစ်ပါတယ်။ (ဒီလိုအဖြစ်မျိုးတွေက နေရာတော်တော်များများမှာ ဖြစ်လာနေလျှင်၊ အကွက်ကျကျ ဆောင်ရွက်လာနေတာမျိုး ဆိုရင်တော့ အထက်အရာရှိကြီးများပါ ပါဝင်နေတာမျိုး၊ သိသိနဲ့ လျစ်လျူရှုထားတာမျိုးတွေ ရှိလာတတ်ပါတယ်။) ရွေးချယ်တင်မြှောက်ထားသည် ဖြစ်စေ၊ ခန့်အပ်ထားသည် ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းများက ဥပဒေကို လိုက်နာဖို့ ငြင်းဆန်ခဲ့လျှင်၊ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးကို ဦးစားပေးခဲ့လျှင် ရီပတ်ဘလီကန် ဝါဒအတွက် ထိခိုက်နစ်နာမှုတွေပဲ ဖြစ်ပါတယ်။
နိုင်ငံရေးအာဏာ ဆိုတာဟာ အာဏာရှင်အုပ်ချုပ်သူများရဲ့ အုပ်ချုပ်မှုကို ထည့်မစဉ်းစားဘဲ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာလို့ ယူဆကြသူတွေ ရှိပါတယ်။ ဒီလိုယူဆသူတွေ အတွက်တော့ ရီပတ်ဘလီကန်ဝါဒရဲ့ ပြဌာန်းချက်များအတိုင်း ထိန်းချုပ်မှုများ ထားရှိတာက ထင်တာထက် ပိုပြီး တင်းကျပ်နေတဲ့ သဘောရှိပါတယ်။ အများကောင်းကျိုးအတွက် ဆောင်ရွက်ရာမှာ ကိုယ့်အာဏာမဟုတ်ဘဲ တခြားသူများရဲ့ အာဏာကို ဘာကြောင့် အသိအမှတ်ပြုရမှာလဲ။ အာဏာရရှိထားပြီး အသိရှိရှိနဲ့ အများအကျိုးကို ဆောင်ရွက်နေရာမှာ ဘာကြောင့်များ ကိုယ့်အတွက်ကို မငဲ့ကွက်ရမလဲ၊ ကိုယ်အမျိုးကို မစောင့်ရှောက်ရမလဲ၊ ကိုယ့်အပေါင်းအသင်းကို မကာကွယ်ရမလဲ။ ဒီမေးခွန်းကို ကျွန်တော်စိတ်ဝင်စားခဲ့တာ ကြာပါပြီ။
နိုင်ငံပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီး ကျနော်နဲ့ ဆွေးနွေးခဲ့သူများက ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုပဲ၊ ဒီအတွေးမျိုးကို သာမန်လူပြိန်းအတွေးနဲ့တောင် တွေးယူလို့ရတယ်လို့ ယူဆကြပါတယ်။ ကျနော်နဲ့ ဆွေးနွေးခဲ့ကြသူများက လူလိမ်လူကောက်များ မဟုတ်ကြပါဘူး။ အနည်းဆုံးတော့ သူတို့ တုံ့ပြန်ခဲ့ပုံက လူလိမ်တွေပုံ ပေါက်မနေပါဘူး။ ရီပတ်ဘလီကန် နယ်နိမိတ်ကို လွန်ရင်တောင်မှ အများကောင်းကျိုးအတွက် အကောင်းဆုံး ကြိုးစားနေတာလို့ မှတ်ယူကြပါတယ်။ သူတို့မိသားစုတွေ၊ သူတို့လို ပါတီတွေ၊ သူတို့ အတွင်းစည်းကလူတွေ၊ စီးပွားရေး မိတ်ဖက်တွေက သူတို့ ဒီလိုပဲ လုပ်ကြမယ်လို့ ယူဆကြပြီး မလုပ်ခဲ့ရင် ပြင်းပြင်းထန်ထန် ရှုတ်ချကြမှာ ဖြစ်ပါတယ်။ လူတိုင်းလိုလိုက တကယ်လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေက တကယ့်တရားဝင် လုပ်ထုံးလုပ်နည်းတွေထက် ပိုတာသွားတယ်လို့ပဲ ယူဆကြပါတယ်။ ဒီအတွက် လိပ်ပြာမသန့် ဖြစ်တာလဲ မတွေ့ရပါဘူး။ တရားဝင် လုပ်ထုံးများကတော့ အရေးကြီးတဲ့နေရာကို ယူထားကြပါတယ်။ သို့သော်လည်း တာဝန်ရှိသူများက သူတို့ကိုယ်တိုင်နဲ့ သူတို့လူစုကို မထိခိုက်ဘဲ ကျော်လွှား လုပ်ဆောင်နိုင်တဲ့နည်းကို ဆည်းပူးထားရပြီး သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေလို ဖြစ်နေပါတယ်။
သိပ်နည်းလမ်း မတိကျတဲ့ လေ့လာမှုဆိုပေမယ့် ဒီသဘာဝနဲ့ ဓလေ့ကို လေ့လာမှုကရတဲ့ သင်ခန်းစာကတော့ အများပြည်သူ ကောင်းစားရေး ဆိုတာကို လုံး၀ အာရုံမရှိတဲ့ လူလိမ်လူကောက်တွေ၊ နိုင်ငံတိုင်းမှာ ရှိနေတဲ့ ပြဿနာဖြစ်နေတယ် ဆိုတာဟာ ထုထည်အကြီးကြီး ရှိနေတဲ့ ရေခဲတောင်ရဲ့ထိပ်ဖျား၊ ရေပြင်အထက် အပေါ်ယံမှာ ပေါ်နေတဲ့ သဘောလောက်ပဲ ရှိပါတယ်။ ပြင်ညီတာဝန်ယူမှုအတွက် ရှိနေတဲ့ အများစုသော ပြဿနာတွေဟာ ရီပတ်ဘလီကန်တွေက ဝိနည်းတွေကို ပါးစပ်ကသာ လိုက်နာပြီး လက်တွေ့မှာ တတ်နိုင်သလောက် ဖောက်ဖျက်နေတာက လာတယ်လို့ ဆိုချင်ပါတယ်။
အဓိကအချက်က နယ်နိမိတ်၊ အကန့်အသတ်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်တွေမှာပါပဲ။ ပထမ တခုက ရီပတ်ဘလီကန်နဲ့ လစ်ဘရယ်နှစ်မျိုးလုံးက ချပြခဲ့တဲ့ အများပြည်သူဆိုင်ရာနဲ့ ကိုယ်ရေးကိုယ်တာဆိုတဲ့ ပိုင်းခြားမှုဖြစ်ပြီး၊ နောက်တခုက ဒီစီးကြောင်းနှစ်ခုက ဆက်လက် စီးဆင်းလာတဲ့ ကျနော်တင်ပြနေတဲ့ ပြင်ညီ တာဝန်ယူမှု သဘောပဲ ဖြစ်ပါတယ်။ ဒီလို တာဝန်ယူမှုမျိုး ထိရောက်အောင်မြင်အောင်လို့ အခွင့်အဏာ ပေးအပ်ထားတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိရမယ်။ ဒီအဖွဲ့အစည်းတွေက အခွင့်အာဏာ ရှိရုံမက စောင့်ကြည့်၊ ထိန်းချုပ်၊ ပြင်ဆင်ပြီး လိုအပ်ရင် တခြား နိုင်ငံတော် အဖွဲ့အစည်းများရဲ့ ဘောင်မဝင်တဲ့ လုပ်ဆောင်ချက်တွေကို အရေးယူခွင့် အရေးယူလိုစိတ်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ တရားဝင် အခွင့်အာဏာရှိရမှာ ဖြစ်သလို ကိုယ်ပိုင် လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။
အခု ကျနော် ပြောနေတာတွေဟာ အသစ်တွေ မဟုတ်ပါဘူး။ အာဏာခွဲဝေ သုံးစွဲရေးနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း ခေါင်းစဉ်အောက်ကပါ။ အာဏာ ၃ ရပ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတို့ ပါပါတယ်။ မျက်မှောက်ခေတ် ပိုလီအာခီတွေမှာတော့ အမျိုးမျိုးသော ကြီးကြပ်ရေးအဖွဲ့များ၊ အစိုးရဌာနများကို ကျေနပ်မှု မရှိကတိုင်ကြားရန် အစိုးရက ခန့်အပ်ထားတဲ့အဖွဲ့များ၊ စာရင်းအင်း စစ်ဆေးတဲ့အဖွဲ့များနှင့် အလားတူ အဖွဲ့များ များစွာထားရှိကြပါတယ်။ အရေးကြီးသော်လည်း တခါတလေမှ သတိထားမိတဲ့ အချက်ကတော့ ဒီအဖွဲ့အစည်းတွေဟာ သူတို့ချည်း သက်သက် ဆောင်ရွက်မယ်ဆိုရင် ထိရောက်မှု မရှိကြပါဘူး။ သူတို့ရဲ့ တရားစွဲ အရေးယူမှုတွေက လူထုအမြင်ကို ပြောင်းလဲ စေနိုင်သော်လည်းပဲ သူတို့ဆောင်ရွက်ချက်တွေရဲ့ ထိရောက်မှုကတော့ တရားရုံးတွေပေါ်မှာ မူတည်နေပါတယ်။ အယုံအကြည်မရှိ အဆိုတင်သွင်း တရားစွဲဆိုရာမှာလည်း အထူးသဖြင့် အမှုကြီးတွေမှာ ဥပဒေပြုရေးက ဘယ်လောက် စိတ်ပါလက်ပါ ပူးတွဲဆောင်ရွက်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်နေ ပါတယ်။ ဘာကြောင့်လဲဆို ပြင်ညီတာဝန်ယူမှုရဲ့ အခက်အခဲတွေကို ဆွဲထုတ်ပြနေသလို ဖြစ်အောင်ဆောင်ရွက်ဖို့ အလားအလာတွေလည်း ပေးနိုင်တာမို့လို့ ဒီခေါင်းစဉ်ကို တခေါက် ထပ်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
အခြေခံ သဘောတရားကတော့ ရှေ့မှာပြောခဲ့သလို အစိုးရအရာရှိများက ကျုးလွန်တတ်တဲ့ အရာတွေကို အရေးယူဖို့နဲ့ တားဆီးဖို့ ဖြစ်ပါတယ်။ အချုပ်အနှောင်ကင်းတဲ့ အဖွဲ့အစည်းတခုဆိုတာ နယ်စည်းရှိရပါတယ်။ ဒီနယ်စည်းကိုလည်း တခြားသော တာဝန်ရှိသူတွေက အသိအမှတ်ပြုရပါမယ်။ လေးစားရပါမယ်။ ဒီနယ်စည်းကို ကျော်လွန်လာရင် တခြားတာဝန်ရှိသူများကလည်း ကာကွယ်ဖို့ အဆင်သင့်ရှိနေရပါမယ်။ ပိုလီအာခီရဲ့ အင်စတီကျူးရှင်း ၃ ခု အဆင့်မှာတော့ ဘာနပ် မာနင် (Bernard Manin) ပြောခဲ့သလို အမေရိကန် ဖက်ဒရယ်လစ်တွေက အာဏာခွဲဝေမှုကို နည်းလမ်းချမှတ်ပေးခဲ့ခြင်း မဟုတ်ဘဲ အာဏာခွဲဝေမှုမှာ သတ်သတ်ဖြစ်မနေဘဲ ထပ်နေတဲ့ အင်စတီကျူးရှင်းတွေအတွက် စီမံခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ တခုနဲ့တခု စပ်ယှက်နေတဲ့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အားကောင်းမောင်းသန် အဖွဲ့အစည်းများ၊ အများအပြား တည်ထောင်ထားရမှာ ဖြစ်ပြီး ဒီအစီအစဉ်က အာဏာခွဲဝေရေးကနေ ရရှိလာမယ့် အာဏာတခုစီရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ခွင့်ကို ပိုမို အားကောင်းလာစေနိုင်ပါတယ်။
ဂီလာမို အိုဒေါ်နယ် (Guillermo O’Donnell) (1936-2011) သည် Notre Dame တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်သည်။ ယခု စာတမ်းကို ဇွန်လ ၁၉၉၇ ခုနှစ်တွင် International Forum for Democratic Studies နှင့် the Institute for Advanced Studies (Vienna) တို့က ပူးတွဲ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းကြီးကို အကျဉ်းချုံးထားခြင်းဖြစ်သည်။ ယခုစာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)