မြန်မာနိုင်ငံမှာ တံခါးဖွင့်လိုက်ပြီးတဲ့နောက် ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေလဲသုံးလာကြတာ တွေ့ရပါတယ်။ အစိုးရဘက်ကရော အတိုက်အခံများဘက်ကပါ ဒီမိုကရေစီစကားလုံးကို နေ့စဉ်သုံးစကားလုံးလို သုံးစွဲနေကြတာ အားရစရာ ကောင်းသလို တဖက်မှာလည်း ဒီလိုသုံးစွဲနေကြပေမယ့် အနှစ်သာရကို တကယ်ရော နားလည်ကြပြီးမှ သုံးနေတာလားဆိုတာ မေးခွန်းထုတ်သင့်တာ အမှန်ပါ။
နိုင်ငံတကာမှာလည်း ဒီမိုကရေစီကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ကိုင်စွဲအသုံးပြုနေကြတဲ့ အစိုးရတွေကရော ဒီမိုကရေစီရဲ့ တကယ့်စံနှုန်းတွေအတိုင်း လိုက်နာကျင့်ကြံ အုပ်ချုပ်ကြရဲ့လား။ လက်ရှိ အသွင်ပြောင်း မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို သရုပ်ခွဲရင်ရော ဒီမိုကရေစီ နည်းလမ်းကျတဲ့လမ်းပေါ်ကို ရောက်ပြီလို့ ပြောနိုင်ပြီးလား၊ နှိုင်းယှဉ်စဉ်းစားသင့်ပါတယ်။

ပထမအချက်အနေနဲ့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး (Legislative)၊ အုပ်ချုပ်ရေး (Executive) နဲ့ တရားစီရင်ရေး (Judiciary) တို့ဟာ သူ့ ကဏ္ဍ တခုချင်းစီမှာ လွတ်လပ်ပြီး သူတို့ရဲ့လုပ်ဆောင် မှုတွေအပေါ် တခြားအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ လွမ်းမိုးချုပ်ချယ်မှု၊ စွက်ဖက်မှု မရှိရပါဘူး။
ဒီ အာဏာသုံးရပ်အနက် လွတ်လပ်သော တရားစီရင်ရေး (Independence Judiciary) ဟာ အရေးကြီးပါ တယ်။ တရားစီရင်ရေးမဏ္ဍိုင်အပေါ် တခုခုလွှမ်းမိုးမှုရှိနေပြီး လွတ်လပ်မှုမရှိရင်၊ ပြည်သူ လူထုက တရားရေး မဏ္ဍိုင်ဟာ သမာသမတ် မရှိဘူး၊ တရားမျှတမှုမရှိဘူးလို့ မြင်နေရင် အဲဒီတိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်း ပေါ် သွားနေတယ်လို့ပြောလို့ မရပါဘူး။
သတင်းတင်ပြပုံနဲ့ ပတ်သက်လို့ မီဒီယာသမား တွေကို ဖမ်းဆီး၊ ပုဒ်မတပ်၊ ထောင်ချတာတွေဟာ တရားစီရင် ရေး မဏ္ဍိုင်ကို တိုင်းတာဖို့ အကောင်းဆုံး ဥပမာများ ဖြစ်ပါတယ်။ မီဒီယာသမားတွေရဲ့ အမှုအခင်း တခုစီကို ကြည့်ရင် စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံ အကြောင်းရေးခဲ့တဲ့ ယူနတီဂျာနယ်ကိစ္စမှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ စစ်တပ်ဩဇာကို မလွန်ဆန်နိုင် တာတွေ့နိုင်ပါတယ်။ ထို့အတူ သန္တိသုခကျောင်းတော် ကိစ္စနဲ့ပတ်သက်လို့ သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇာတ်တူသားစားတဲ့ကိစ္စမှာလည်း အစိုးရ အုပ်ချုပ်ရေး ယန္တရားဟာ တရားစီရင်ရေးအပေါ် အရိပ်ထိုးနေတာ နမူနာအနေနဲ့ မြင်နိုင်ကြပါတယ်။
ဥပဒေပြုလွှတ်တော်နဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ဟာလည်း ဒီမိုကရေစီလူ့ဘောင်အတွက် အရေး ကြီးပါတယ်။ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒတွေ လွှတ်တော်ကို ရောက်ရှိခြင်း၊ တိုင်းသူပြည်သားများရဲ့ အသံကို လွှတ်တော် က နားထောင်ရခြင်း၊ အကောင်အထည်ဖော်မှုများ ထင်သာမြင်သာရှိခြင်းတွေဟာလည်း သော့ချက်တခု ဖြစ်ပါတယ်။
ဒါကြောင့် လွှတ်တော်ဟာ အစိုးရဝန်မင်းများ သာမက သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် တွေနဲ့ သမ္မတကိုပါ ဆင့်ခေါ်ပြီး မေးခွန်းထုတ်ခွင့်၊ စစ်ဆေးကြားနာခွင့် (Impeachment) ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ တရား စီရင်ရေးမဏ္ဍိုင်ကို တာဝန်ခံ (Accountable) ဖြစ်ရပါမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို တရားဥပဒေစိုးမိုး မှုက ချည်နှောင်ပြီး ဖြစ်ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍဟာ တရားဥပဒေကို ကျော်လွန်ပြီး လုပ်ချင်တာလုပ် ခွင့်မရှိပါ။
ဒါပေမယ့် မြန်မာပြည်ကို အဲဒီစံနှုန်းနဲ့ ပြန်တွက်တဲ့အခါ ကျော်လွန် လုပ်ဆောင်နေတာတွေ၊ အပြန်အလှန် ထိန်းညှိမှု ကင်းမဲ့နေတာတွေ့ရပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီတာတွေ၊ တိုင်းကြား မှုရှိတာတွေ အတွက် လွှတ်တော်က ဆင့်ခေါ်တဲ့အခါ အမြင့်ဆုံး တာဝန်ခံရမယ့်သူတွေက မလာကြပါဘူး။ ညွှန်ကြားရေးမှူး၊ ဒုဝန်ကြီး စသူတွေကို စေလွှတ်ကြ ပါတယ်။ အဲဒါထက် ဆိုးတာက လွှတ်တော်မှာ လာရောက်စစ်ဆေးကြား နာမှုခံယူတဲ့ အဆိုပါ ညွှန်ကြားရေးမှူး၊ ဒုဝန်ကြီးတွေဟာ လွှတ်တော်ကထုတ်တဲ့ မေးခွန်းတွေကို တိတိကျကျ၊ ရေရေရာရာ၊ ပိုင်ပိုင် နိုင်နိုင် ဖြေဆိုနိုင်သူတွေမဟုတ်ဘဲ ရေးလာတဲ့ စာရွက်ကို ဖတ်ပြသူများသာ ဖြစ်နေကြပါ တယ်။
အုပ်ချုပ်ရေးပိုင်းက လွှတ်တော်ကို ကျော်လွန်ပြီးလုပ်တဲ့ ဟိုးလေးတကျော်ဥပမာတခုကတော့ ဂယက်ရိုက်ခဲ့တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းပါပဲ။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ ကြီးမားလှတဲ့ ဒီစီမံကိန်းကြီးကို လုပ်ချင်သလို လျှို့ဝှက်လုပ်ဆောင်ခဲ့ပြီးမှ တိုင်းလွှတ်တော်ကို မတတ်သာလို့ အသိပေးရတဲ့ပုံစံ ျိုးနဲ့ လာဖတ်ပြရုံဖတ်ပြခဲ့လို့ အုပ်ချုပ်ရေးနဲ့ အတိုက်အခံ လွှတ်တော်အမတ်တချို့အကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီမိုကရေစီ လမ်းပေါ်ရောက်မရောက်တိုင်းတာ နိုင်မယ့် နောက်တချက်ကတော့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့ အစည်းတွေ ထူထောင်ခွင့်နဲ့ ရပ်တည်နိုင်ခွင့် ဖြစ်ပါတယ်။ ပါတီစည်းရုံးရေး လှုပ်ရှားခွင့်၊ ပါတီဝင်ခွင့်တွေ လွတ်လပ်မှုရှိရမယ်။ အတင်းအကျပ် ပါတီဝင်စေတာမျိုးတွေ မဖြစ်စေရဘူး။ ဗဟုဝါဒကို လက်ခံတဲ့ လူ့အဖွဲ့ အစည်းဆိုရင် အရပ်ဘက် လူမှုအဖွဲ့အစည်း (Civil Society Organizations CSO) တွေ တရားဝင်ဖွဲ့စည်း ရပ်တည်ခွင့်တွေလည်း အရေးကြီးပါတယ်။
လတ်တလောမှတော့ အမျိုးသားပညာရေး ဥပဒေကြောင့် ကျောင်းသားသမဂ္ဂနဲ့ ဆရာ၊ ဆရာမ များသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းရပ်တည်ခွင့် ပျောက်ဆုံးနေလို့ ဝေဖန်ကန့်ကွက်မှုတွေ ညံနေပါတယ်။ ဒီလို ဖြစ်နေမှုဟာ ဒီမိုကရေစီအကူးအပြောင်း အစစ်အမှန် ဟုတ်မဟုတ်ကို ပြနေတဲ့ ချိန်ခွင်လျှာတွေ ဖြစ်ကြပါတယ်။
ဒီလို အဖွဲ့အစည်းတွေ လွတ်လပ်စွာ ရပ်တည်ရေးကို အစိုးရက ကန့်သတ်ပိတ်ပင်ဖို့ ကြိုးစားနေရင် ဒီမိုကရေစီရဲ့ အနှစ်သာရထဲကတခု ကင်းမဲ့နေပြီလို့ ပြောလို့ ရပါတယ်။ လွတ်လပ်စွာ စုရုံးခွင့်၊ ထုတ်ဖော်ခွင့် (Freedoms of assembly and expression) မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
နောက်ထပ် အသုံးများ စကားလုံးတခုဖြစ်တဲ့ Check and Balance ဟာ ဒီနေရာမှာ အရေးကြီး လာပါပြီ။ အစိုးရအပါအဝင် အာဏာပိုင်အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတော် ဘဏ္ဍာသုံးစွဲမှုတွေ၊ အစိုးရဝန်ဆောင်မှုတွေ၊ အစိုးရရဲ့ လူ့အခွင့်အရေးအပေါ်ထားတဲ့ စံနှုန်းတွေကို တိုင်းတာဖို့အတွက် အထက်မှာ ပြောခဲ့တဲ့လွတ်လပ် တဲ့ အဖွဲ့အစည်းတွေ လိုပါတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းဆိုတာ အစိုးရကိုဖြစ်စေ၊ အတိုက်အခံကိုဖြစ်စေ တဖက်ဖက်ကို လိုလားသူတွေ၊ အရင်ခေတ်က ဘောင်းဘီဝတ်ပြီး အခု ခေါင်းပေါင်း ပေါင်းထားသူ တွေ ပါဝင်နေတာမျိုး မဖြစ်စေရပါဘူး။
တရားဥပဒေ စိုးမိုးရေးမှာလည်း ဥပဒေအထက် မှာဘယ်သူမှ မရှိစေရဆိုတဲ့ စကားဟာ မြန်မာပြည်မှာ ရယ်စရာ အဖြစ်ပြောရတဲ့ အခြေအနေကနေ တကယ်အတည် ဖြစ်လာဖို့ လိုပါတယ်။ မြန်မာပြည်မှာ အောက်ခြေ လူတန်းစားတွေအတွက် ဥပဒေ အကာအကွယ်ပေးမှုတွေ ကင်းမဲ့နေပြီး ဥစ္စာနဲ့အာဏာ ရှိသူတွေက ငွေများ တရားနိုင် ဖြစ်နေတာကို မီဒီယာ တွေက တောက်လျှောက် ထုတ်ဖော် တင်ပြနေကြတာတွေ့ရပါတယ်။ လောလောဆယ်မှာတော့ မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းမှာ တရားဥပဒေစိုးမိုး ရေးဟာ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဖြစ်နေဆဲပါ။
နောက်တခါ တာဝန်ခံမှု (Accountability) နဲ့ ပွင့်လင်းမြင်သာမှု (Transparency) အပိုင်းကို လည်းဆန်း စစ်ရပါမယ်။ အခုခေတ် အသုံးများစကား လုံးတွေထဲမှာ ဒီစကားလုံးတွေလည်း ပါပါတယ်။ ဒါကလည်း ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေမှာ ဒီကိစ္စတွေက အရေးကြီးပါတယ်။ ဥပမာအားဖြင့် အာဏာပိုင် အဖွဲ့အစည်းဟာ တရားစီရင်ရေးကို တာဝန်ခံရပါမယ်။
တကယ့်ဒီမိုကရေစီရဲ့ အနှစ်သာရတွေကတော့ အာဏာခွဲဝေမှုနဲ့ ပတ်သက်လာရင်လည်း မျှတဖို့နဲ့ ကွဲကွဲ ပြားပြား ရှိဖို့လိုပါတယ်။ အာဏာကို အစိုးရ တခုတည်းက ချုပ်ကိုင်ထားရင် ဒီမိုကရေစီနည်းကျ အစိုးရလို့ ပြောလို့ မရပါဘူး။
အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေး ( Rule of Law) ကို မကြာခဏ ပြောကြားပြီး ပြည်သူလူထုကို နိုးကြားစေသလို အာဏာပိုင်တွေ ဘက်ကလည်း တရားဥပဒေ စိုးမိုးရေးအကြောင်း အသံထုတ်နေတာတွေ ရှိပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားလုံး မကြာခဏ သုံးနေရခြင်းကတော့ စစ်အစိုးရ လက်ထက် တလျှောက် တရားစီရင်ရေးနဲ့ ဥပဒေတွေဟာ စစ်တပ် ခေါင်းဆောင်တွေအလိုတော်အတိုင်း ခုတုံးလုပ်စရာ၊ လက်တလုံးခြား လုပ်စရာပဲ ဖြစ်ခဲ့လို့ပါ။ ပြည်သူလူ ထုဟာ မတရားတဲ့ တရားစီရင်ရေးဒဏ်ကို ကားနေ အောင် လှိမ်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုး ရေးကို မကြာခဏ သတိပေးတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ဒီမတရားတဲ့ ဥပဒေတွေနဲ့ပဲနေအိမ် အကျယ်ချုပ်ဘဝနဲ့ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံခဲ့ ရတာပါ။ ထောင်ပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားတွေလည်း ထို့နည်းတူ ခံခဲ့ရတာပါ။ ယခုခေတ်မှာ မြင်တွေ့နေရတဲ့ တရားဥပဒေ စိုးမိုးမှု တကွက်တလေ ကင်းမဲ့နေတာတွေကလည်း အရင် စနစ်ဆိုးရဲ့ လက်ကျန်တွေ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့ အာဏာသုံးရပ်ကိုထိန်းညှိ မယ့် နောက်ထပ် အရေးကြီးတဲ့တခုက စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံ၊ အင်တာနက် စတာတွေ အကျုံးဝင်တဲ့ မီဒီယာတွေရဲ့လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒီမိုကရေစီ ရှိတယ် ဆိုတဲ့ နိုင်ငံတိုင်းမှာ မီဒီယာ လွတ်လပ်ခွင့် ရှိပါတယ်။ ဒီမိုကရေစီ အကူးအပြောင်းကာလ မြန်မာနိုင်ငံမှာ အစိုးရဟာ မီဒီယာကို ဘယ်လောက် ကိုင်တွယ် ထိန်းချုပ်သလဲဆိုတာ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရေဒီယို၊ ရုပ်သံနဲ့ နေ့စဉ်ထုတ် သတင်းစာတချို့ကို အစိုးရက ထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် မီဒီယာလွတ်လပ်ခွင့် အားနည်းတဲ့ နိုင်ငံထဲ ပါနေဆဲပါ။ မီဒီယာရှုထောင့်ဘက်ကကြည့်ရင် အခု အစိုးရဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပီပီပြင်ပြင် ဦးတည်နေတယ်လို့မဆိုနိုင်ပါဘူး။ အစိုးရ အနေနဲ့ ထိန်ချန်ထားတဲ့၊ သတင်းမှောင်ချ ထားတဲ့ သတင်းအချက်အလက်တွေကို ပြည်သူက တောင်း ဆိုခွင့် ရှိရမှာပါ။ ဒါကြောင့် သတင်းအချက်အလက် ရယူခွင့် (Access to Information) အရေးကြီး တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ အစိုးရကို သတိပေး ပြောဆိုလေ့ရှိတာ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့ ကဏ္ဍတွေ မြန်မာပြည်မှာ မပြည့်စုံသေးရင်၊ မဖြည့်ဆည်းနိုင်သေးရင် ဒီမိုကရေစီ လမ်း ကြောင်းကို သွားနေပြီလို့ ပြောလို့ မရသေးပါ။ သဘောကတော့ မြန်မာပြည်ဟာ လွတ်လပ်မှုမရှိသေးတဲ့ ဒီမိုကရေစီ (Illiberal Democracy) အဆင့်ပဲ ရှိပါသေးတယ်။
ဒါကြောင့် တတိယတန်းစား ဒီမိုကရေစီနဲ့ပဲ ကျေနပ်မလား၊ ဒုတိယတန်းစား၊ ပထမတန်းစားကို တက်လှမ်းဖို့ အစိုးရကရော ပြည်သူပြည်သားတွေကပါ ကြိုးစားကျင့်ကြံကြမှာလား ဆိုတာကို အဖြေပေးဖို့အတွက်က အချိန်ကာလတခုကို ဖြတ်သန်း ရဦးမှာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။