ဆယ်စုနှစ် ၂ ခုနီးပါးမျှ ကိုမင်းမင်း စစ်ကိုင်းတိုင်းမှာ လယ်သမား လုပ်ခဲ့သည်။ သူ့မှာ လယ် ၆ ဧကရှိပြီး အလုပ်သမား များ ငှားရမ်း၍ ပဲအမျိုးမျိုးနှင့် ကြက်သွန်နီများ ရာသီအလိုက် စိုက်ပျိုးခဲ့သည်။
“ပုံမှန် နေ့စားလုပ်ခက အမျိုးသား အလုပ် သမားတွေကို ၃၀ဝ၀ ကနေ ၃၅၀ဝ ကျပ်အထိ ပေးရတယ်။ အမျိုးသမီး တွေကတော့ ၂၀ဝ၀ ကနေ ၂၅၀ဝ ကျပ်အထိ ပေးရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသားတွေ က ပင်ပန်းတဲ့ အလုပ်တွေ လုပ်နိုင်တယ် လေ။ အမျိုးသမီးတွေရဲ့ အလုပ်က သက်သာတယ်” ဟု အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းမင်းက ရှင်းပြသည်။
လုပ်ခ ကွဲပြားမှုသည် မြန်မာနိုင်ငံ၏ လယ်ယာ လုပ်ငန်းခွင်နေရာ အများအပြားတွင် ပုံမှန်သဘော ဖြစ်နေသည်။ သီးနှံ စိုက်ပျိုးရေးတွင် အမျိုးသမီးများက အရေးပါသည့် ကဏ္ဍတွင် ရှိနေသော်လည်း သူတို့ကို အလုပ်သမားများ အဖြစ်သာ ရှုမြင်ကြ၍ လယ်သမားများ အဖြစ် သဘေားထားခြင်းမျိုး မခံကြရဟု အထောက်အကူ ပေးရေးနှင့် ဖွံ့ဖြိုးရေး အလှူရှင် အဖွဲ့အစည်းတခု ဖြစ်သည့် Oxfam ၏ အဆိုအရ သိရသည်။
Oxfam က ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်မှ တနိုင်တပိုင် လယ်ယာ စိုက်ပျိုး သူများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် အစိုးရက ကျား/မ ကွဲပြားမှုကို အခြေခံ၍ လုပ်ခကွဲပြား နေမှု၊ မြေယာ ပိုင်ဆိုင်မှု နှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ချေးငွေများ ရရှိနိုင်ရေး စသည်တို့ကို ဖြေရှင်းရန် Oxfam ၏ အစီရင်ခံစာက တိုက်တွန်းထားသည်။
Oxfam က မန္တလေးနှင့် မကွေးတိုင်း အတွင်းရှိ မြို့နယ် ၂ ခုမှ လယ်သမားများကို တွေ့ဆုံ မေးမြန်းခဲ့ရာတွင် လယ်ယာ လုပ်ငန်းခွင်၌ အရေးပါသည့် လုပ်ငန်းအချို့ကို တာဝန်ယူ လုပ်ဆောင်ပေး နေကြရသော အမျိုးသမီးများလည်း အပါအဝင် ဖြစ်သည်။ မြို့နယ် ၂ ခုလုံးမှ အမျိုးသမီးများက သူတို့သည် အမျိုးသားများနှင့် တန်းတူ အလုပ်လုပ်ရသည့် အချိန်မှာပင် ရရှိသည့် လုပ်ခက အမျိုးသားများထက် ၂၀ ရာခိုင်နှုန်းခန့် နည်းနေသည်ဟု ပြောကြားခဲ့ကြကြောင်း သိရသည်။
“မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အနေ အထားက အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီး အမြောက်အမြားထက် စာရင် ယေဘုယျအားဖြင့် ပိုကောင်းပါတယ်။ ဒါပေမယ့် မညီမျှမှုတွေ ကိုတော့ ခံစားနေရတုန်းပဲ” ဟု Oxfam ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ အသက် ၃၅ နှစ် အရွယ်ရှိ မညွှန့်ရီသည် သူ၏ ခင်ပွန်းဖြစ်သူနှင့် အတူ မြေ ၁၀ ဧက ပိုင်ဆိုင် ထားသည်။ လယ်ယာလုပ်ငန်း အတွက် အမျိုးသား၊ အမျိုးသမီး အလုပ်သမားများ ငှားရမ်း လုပ်ကိုင်ရာတွင် ဒေသတွင်း အလုပ်သမား ရှားပါးမှုကြောင့် ပုံမှန်နေ့တွက် လုပ်ခထက် ပိုပေးနေရသည် ဟု သူက ပြောသည်။
သို့သော်လည်း ယခင်က အမျိုးသမီးအလုပ်သမ တယောက်က တနေ့ ၂၅၀ဝ ကျပ်ခန့် ရရှိနေချိန်တွင် အမျိုးသားများ က တနေ့ ၄၀ဝ၀ ကျပ်ခန့် ရရှိသည်ဟု မညွှန့်ရီက ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက အမျိုးသမီး တွေထက် ပိုပြီး ပင်ပင်ပန်းပန်း လုပ်နိုင်တယ် လေ” ဟု သူက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း လယ်ယာ လုပ်ငန်းအားလုံးက အမျိုးသား အလုပ်သမားများကို ပိုပြီးသဘောကျသည် မဟုတ်ပါ။
ခင်ပွန်းသည်နှင့် အတူ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့လာပြီ ဖြစ်သော အသက် ၅၂ နှစ်အရွယ် ဒေါ်တင်စိန်က မွန်ပြည်နယ်တွင် ၆ နှစ် အလုပ်လုပ်ခဲ့ရာ အမျိုးသားများနှင့် တန်းတူလုပ်ခ ရခဲ့သည် ဟု ပြောသည်။ “အမျိုးသမီး လယ်သမားနဲ့ အမျိုးသား လယ်သမားတွေကြားထဲမှာ ခြားနားမှု မရှိပါဘူး။ အမျိုးသမီးတွေ ဆိုတာလဲ သူတို့ အဖိုးတွေ အဖေတွေ အရင်တုန်းက လုပ်ခဲ့သလိုပဲ မိရိုး ဖလာ အလုပ်ကို လုပ်နေကြပါတယ်” ဟု ဒေါ်တင် စိန်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် ကျား/မ ကွဲပြားမှုကို အခြေခံ၍ ခွဲခြားခြင်းသည် လုပ်ခကွာခြားခြင်း တခုတည်းတွင် မဟုတ်ဟု Oxfam ကဆိုသည်။
“မြေယာမှတ်ပုံတင်ခြင်း၊ ချေးငွေနဲ့ သင်တန်း တက်ရောက်ခွင့် တွေကလည်း ယောက်ျား အများစု ဖြစ်တဲ့ အိမ်ထောင်ဦးစီးနဲ့ ပဲဆိုင်တယ်။ မြေယာပိုင်ဆိုင်တဲ့ မိန်းမက ရာခိုင်နှုန်း အနည်းငယ်ပဲ ရှိတယ်။ မြေယာကို အမွေဆက်ခံတဲ့ အမျိုးသမီးတွေကလည်း တကယ်တော့ သူတို့ ခင်ပွန်းတွေရဲ့ နာမည်နဲ့ မှတ်ပုံတင် ထားကြတယ်” ဟု Oxfam ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Oxfam က မန္တလေးတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ အမျိုးသမီးလယ်သမား အချို့သည် ကိုယ်ပိုင်လုပ်ငန်းငယ် လေးများ လုပ်ကိုင်ခြင်း သို့မဟုတ် လက်မှု ပစ္စည်းများ ပြုလုပ်ခြင်း အပါအဝင် အခြားသော အလုပ်များလုပ်ကိုင် ခြင်းဖြင့်လည်း အပိုဝင်ငွေ ရှာဖွေကြသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့ထဲမှာ အနည်းငယ်မျှသာ အခြားသော အခွင့်အလမ်းများ ရှာဖွေ နိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ အတွက် ချေးငွေရရှိနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် အမျိုးသား အိမ်ထောင်ဦးစီးများသာ ၂၀၁၃ ခုနှစ်တွင် မြန်မာ အစိုးရက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ကို မိတ်ဆက်တင်ပြခဲ့ပြီး အကောင်အထည်ဖော်မည့် အဓိကလုပ်ငန်း နယ်ပယ်၁၂ ခုသတ်မှတ်ပြီး ၁၀နှစ်ကြာ ဆောင်ရွက်မည့် လမ်းပြမြေပုံကိုချမှတ်ခဲ့သည်။
၎င်းတို့မှာ အမျိုး သမီးများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ ကျန်းမာရေး၊ အမျိုး သမီးများအား အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေနေ၊ စီးပွားရေး၊ အမျိုးသမီးများ၏ ဆုံးဖြတ်ချက် ချမှတ်နိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ယန္တရား၊ လူ့အခွင့်အရေး၊ လူထုဆက်ဆံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသမီးငယ်များ စသည်တို့ ပါဝင်သည်။
ယင်း စီမံကိန်းက မြေယာနှင့် စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးများ ပါဝင်ရေး၊ အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားရေး ဌာနများနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် သတင်း အချက်အလက်ပေးသည့် ဌာနများ တည်ထောင်ရေး ကိုလည်း အားပေးထောက်ခံသည်။ လုပ်ခကွာ ခြားမှုကို လေ့လာရန်လည်း တောင်းဆိုခဲ့ သည်။
“အောင်မြင်ဖို့က စိုက်ပျိုးရေးလုပ်ငန်းမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းဆောင်နိုင်မှု ကဏ္ဍကို NSPAW က ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာနဲ့ တကယ်လို့ လုပ်ခဲ့ရင် မူဝါဒပိုင်းနဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု ဘယ်လိုရှိသလဲ ဆိုတာပေါ်မှာ မူတည် နေပါတယ်” ဟု Oxfam က ရေးသားခဲ့သည်။
မြေယာရရှိ ပိုင်ဆိုင်မှု အညီအမျှ ဖြစ်ရေး၊ ငွေကြေးနှင့် လုပ်အားခ အပြင် အမျိုးသမီး လယ်သမားများ၏ ဦးဆောင်မှု ကဏ္ဍကို ခိုင်မာလာအောင် တန်ဖိုးပြောင်းလဲပေးနိုင်မည့် စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည့် အားထုတ်မှုများ ပြုလုပ်ရန် Oxfam က တောင်းဆိုထားသည်။
ဥပမာ အားဖြင့် မြန်မာနိုင်ငံမှ ဝါစိုက်ပျိုးရေးတွင် အမျိုးသမီးများက အရေးပါသည့် နေရာတွင် ရှိနေပြီး ဝါဂွမ်း ရောင်းဝယ်မှုတွင် အခွင့်အလမ်းသစ်များနှင့် ကောက်ပဲသီးနှံ ဆိုင်ရာ အထူးပြုသည့် စီးပွားရေးလုပ်ငန်းများတွင် သူတို့၏ ပါဝင်မှုကို တိုးမြှင့်ပေးနိုင်သည်ဟု Oxfam က ဆိုသည်။
“စီးပွားရေး အခွင့်အလမ်းတွေကနေ အမျိုးသမီးတွေ အကျိုးအမြတ်ရယူနိုင်စွမ်းက မိသားစုဝင်တွေရဲ့ စွမ်းဆောင် နိုင်မှုကို တိုးတက် အောင်မြင်စေပါတယ်။ အထူးသဖြင့် ကလေးတွေ ဖြစ်ပါတယ်။ လူသားဖွံ့ဖြိုး တိုးတက်မှု အမြင်နဲ့ပဲ ကြည့်ကြည့်၊ အမျိုးသမီး အခွင့်အရေး အနေနဲ့ပဲ ကြည့်ကြည့် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေ နည်းတူ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်းသစ်တွေကနေ အကျိုးအမြတ်တွေ ရရှိမှာ ဖြစ်တယ်” ဟု Oxfam ၏ အစီရင်ခံ စာတွင် ရေးသား ထားသည်။ ။