အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)က ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ များ ဆန္ဒမဲပေးလိုသော နိုင်ငံရေးပါတီများ အကြောင်း သိရှိနိုင်ရန် စစ်တမ်းတရပ် ကောက်ခံလိုက်ပြီး ယင်းစစ်တမ်းတွင် ဒေသခံများ၏ လိုအပ်ချက်၊ ဒေသအတွက် လုပ်ဆောင်စေလိုသော အရာများဆိုသော မေးခွန်းများကိုလည်း ထည့်သွင်း ထားကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ကြံ့ခိုင်ရေးပါတီက၂၀၁၅ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးမည်နည်းဆိုသော မေးခွန်းအပါအဝင် မေးခွန်း ပေါင်း ၁၁ ခု ပါဝင်သော စစ်တမ်းတရပ်ကို ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် ကြံ့ခိုင်ရေးပါတီမှ တာဝန် ရှိသူများက တအိမ်တက်ဆင်း လိုက်လံကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီက စစ်တမ်းကောက်ခံသော ကျေးရွာများမှာ မအူပင်မြို့နယ် ရေလဲကြီးကျေးရွာအုပ်စု အတွင်းရှိ ရေလဲကြီး၊ ဂါတ်ကုန်း၊ သပြေဆိပ်၊ မိုးကောင်းစုနဲ့ ကွပ်တော်ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများတွင် လူဦးရေ ၂၀၀၀ နီးပါးနေထိုင် ကြောင်း သိရှိရသည်။
“ကျမတို့အိမ်ကို ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးက စာရင်းလာကောက်တယ်။ ၂၀၁၀ နဲ့ ၂၀၁၂ မှာ ဘယ်ပါတီကို မဲပေးခဲ့သလဲ။ ၂၀၁၅ မှာရော ဘယ်ပါတီကို မဲပေးမှာလဲဆိုပြီးမေးတယ်။ ကျမကတော့ NLD ကိုပဲ မဲပေးမယ် ပြောလိုက်တယ်”ဟု မအူပင်မြို့နယ်၊ ရေလဲကြီးအုပ်စု ဂါတ်ကုန်းကျေးရွာမှ ဒေသခံ ဒေါ်ဌေးဌေးက ပြောသည်
ကြံ့ခိုင်ရေးပါတီ၏ စစ်တမ်းတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို ဆန္ဒမဲပေးခဲ့သနည်း၊ လက်ရှိအစိုးရကို ကြိုက်နှစ်သက်ခြင်း ရှိ၊ မရှိ ၊ ဒေသခံများ၏ လိုအပ်ချက်နှင့် လုပ်ဆောင်စေချင်သည့် အရာများ ဆိုသော မေးခွန်းများလည်း ပါဝင်သည်ဟု သိရှိရသည်။
“ကျနော်တို့အိမ်ကို ကြံ့ခိုင်ရေးပါတီက လာမေးတော့ လက်ရှိအစိုးရကို ကြိုက်သလား၊ မကြိုက်ဘူးလားဆိုပြီး ထည့်မေး တယ်။ သမ္မတကြီးကိုတော့ ကြိုက်ပါတယ်။ ဒါပေမယ့် အောက်ခြေမှာ ပြောင်းလဲမှုမရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရ ဌာန ဆိုင်ရာတွေကိုတော့ မကြိုက်ဘူးလို့ ပြန်ဖြေလိုက်တယ်”ဟု မအူပင်မြို့နယ်၊ မိုးကောင်းစုကျေးရွာမှ ကိုဌေးလွင်က ပြော သည်။
ကြံ့ခိုင်ရေးပါတီ၏ ဧရာဝတီတိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်တင်မြင့်က ကြံ့ခိုင်ရေးပါတီက ကောက်ယူသော စစ်တမ်းသည် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်များ ကျင်းပပြီးစီးပြီးနောက် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်နိုင်ရန် လိုအပ်သော အချက်အလက်များကို စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ်တွေပြီးသွားတဲ့အခါကျတော့ လူငယ်တွေက အဖွဲ့တွေဖွဲ့ပြီး ကျေးလက် ဒေသတွေမှာ ပြည်သူ့ဘဝလေ့လာရေးခရီးဆိုပြီး ဒေသအလိုက် အကျိုးပြုလုပ်ငန်းဆောင်ရွက် နိုင်ဖို့အတွက်၊ ပြည်သူ့အသံ နားထောင်ပြီး ပြည်သူ့ဆန္ဒတွေသိပြီး သက်ဆိုင်ရာနဲ့ပူးပေါင်းဖော်ဆောင်နိုင်ဖို့၊ အကျိုးပြုနိုင်ဖို့ စစ်တမ်းလေးတွေ ဒေသ အလိုက် ကောက်ခံတာရှိပါတယ်”ဟု ဦးတင်အောင်မြင့်က ရှင်းပြသည်။
ကြံ့ခိုင်ရေးပါတီ၏ စစ်တမ်းကောက်ခံမှုကို ဒေသခံအာဏာပိုင်များက လိုက်ပါကူညီဆောင်ရွက်ခြင်းမရှိဘဲ တားမြစ်ခြင်း လည်း မရှိကြောင်း၊ ကြံ့ခိုင်ရေးပါတီ၏ စစ်တမ်းသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်မကိုက်ညီသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှု တခုပင်ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က သုံးသပ်သည်။
“ကြံ့ခိုင်ရေးပါတီက အခုလို ၂၀၁၅ မှာ ဘယ်ပါတီမဲထည့်မှာလဲလို့ လိုက်လံမေးမြန်းတာတွေက လူ့အခွင့်အရေး ချိုးဖောက်ရာကျတဲ့အပြင် ရွေးကောက်ပွဲဥပဒေတွေနဲ့လည်း မညီဘူး။ ဘယ်ပါတီမဲထည့်မလဲဆိုတာ ပြည်သူတွေက အချိန်တန်ရင် သူ့ဘာသာ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကို အခုလိုအတင်းလိုက်မေးတာက ပြည်သူတွေရဲ့လွပ်လပ်ခွင့်ကို ခြိမ်းခြောက် ထိပါးရာ ကျပါတယ်”လို့ မအူပင်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်က ပြောပါတယ်။
လက်ရှိအာဏရ ကြံ့ခိုင်ရေးပါတီသည် စစ်အစိုးရလက်ထက်တွင် အသင်းအဖွဲ့ပုံစံဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီအဖြစ် အသွင်ပြောင်းလဲခဲ့သော နိုင်ငံရေးပါတီဖြစ်ပြီး စစ်အစိုးရလက်ထက် ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည့် စစ်ဗိုလ်ချုပ် ဟောင်း အများစု၏ ဦးဆောင်မှုဖြင့့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီတခုလည်းဖြစ်သည်။