ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုသွင်းနေတဲ့ ထိုင်းလူကုန်ကူးဂိုဏ်းအဖွဲ့ဝင် တွေကို ဒေသခံ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်နေ့မှာ ဖမ်းဆီးမိတယ်လို့ သတင်းရရှိပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ အမှတ် (၄) နယ်ခြားစောင့်တပ်တို့က မဲဆောက်မြို့မယ်ပ ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ဖမ်း ဆီး နိုင်ခဲ့တာဖြစ်တယ်လို့ တာ့ခ်ခရိုင် အာဏာပိုင်တွေရဲ့ပြောဆိုချက်အပေါ် ထိုင်းဘာသာနဲ့ ထုတ်ပြန်ထားတဲ့ မန်နေဂျာ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးတဲ့ အိမ်မှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် တင်ပို့နေတဲ့ ထိုင်းနိုင်ငံသား ၈ ဦးအပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းကို တင်ပို့မယ့် မြန်မာနိုင်ငံသား ၇၅ ဦးကို တပါတည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ထိုင်းနိုင်ငံသားတွေကို တရားမဝင် ဝင်ရောက်လာသူတွေကို လက်ခံ ထားရှိမှု၊ အားပေးကူညီမှုတွေနဲ့ အရေးယူသွားမှာဖြစ်သလို မြန်မာနိုင်ငံသား ၇၅ ဦးကိုတော့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေနဲ့ မသိရှိသေးကြောင်း၊ မြန်မာနိုင်ငံသား ၇၅ ဦးကို တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေပေါ်မှာလည်း ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူမှာ ဖြစ်တဲ့ အတွက် ဆောင်ရွက်ဖို့ ခက်ခဲကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဧရာဝတီကိုပြောပါတယ်။
ဦးသိန်းနိုင် က“တရားမဝင် ဝင်ရောက်လာတာဆိုတော့ သူ့ထိုင်းနိုင်ငံဥပဒေအရ အရေးယူမယ်ဆိုတော့ အရေးမယူပါနဲ့လို့ ပြောဖို့ကလည်း ခက်တယ်။ သူ့ဥပဒေနဲ့ ငြိနေတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးကြပ်တည်းမှု၊ အစိုးရအနေနဲ့ သင့်တင့်တဲ့ အလုပ်အကိုင် ဆောင်ရွက်မပေးနိုင်သေးတဲ့ အခြေအနေ တွေကြောင့် ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ တရားမဝင်ရော၊ တရားဝင် လမ်းကြောင်းတွေကပါ ဝင်ရောက် နေကြ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေ အတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းတွေက ဝင်လို့၊ ထွက်လို့လွယ်တဲ့ အခြေအနေတွေ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေနဲ့ ထိရောက်စွာကိုင်တွယ် ဆောင်ရွက်မှုတွေ အားနည်းချက်တွေ ရှိနေတာကြောင့် အလုပ် ရှာဖွေလိုတဲ့ မြန်မာနိုင်ငံသားတွေဟာ အဖမ်းအဆီးတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံထဲကို ထပ်မံဝင်ရောက်မှုတွေ ရှိနေဦးမှာ ဖြစ် တယ်လို့လည်း ဆိုပါတယ်။
ဦးထူးချစ် က ဆက်လက်ပြီး“နယ်စပ် တလျှောက်လုံးမှာကလည်း ဝင်လို့၊ ထွက်လို့လွယ်တယ်။ တချို့ ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်း အဆင့်ဆင့် ကလည်း အဂတိလိုက်စားမှုတွေ ရှိနေတော့ အဲဒါမျိုးတွေက ကိုယ်တွေဘက်မှာလည်း ခဏခဏ တွေ့နေရတယ်။ ဆိုလို ချင်တာကတော့ မြန်မာဘက် အခြမ်းကရော ထိုင်းဘက်အခြမ်းကရော ဌာနဆိုင်ရာ တချို့၊ တချို့က နေပြီးတော့ တစုံတရာ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်လို့ မြင်တယ်”လို့ ဧရာဝတီကိုပြောပါတယ်။
အခုနောက်ပိုင်း မြန်မာနိုင်ငံ ဒေသအနှံ့အပြားက တဆင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ တရားဝင် အဖြစ်ရော၊ တရားမဝင် အဖြစ် ဝင် ရောက် လာကြတဲ့ မြန်မာနိုင်ငံသား တွေပိုများလာပြီး လယ်သိမ်း၊ ယာသိမ်းခံကြရတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှုကြောင့် ရောက်ရှိလာတဲ့သူတွေလည်း များပြားတယ်လို့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအဖွဲ့တွေက ပြော ဆိုကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး ၂၀၀၉ ခုနှစ်က စတင် လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက်မှတ် အစီ အစဉ်မှာ ၁၇ သိန်းပဲ လုပ်နိုင်ကြတယ်လို့ သိရပါတယ်။
ယာယီ နိုင်ငံကူး လက်မှတ် မလုပ်နိုင်သူတွေထဲမှာ အစိုးရ စစ်တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွ့ဲတွေရဲ့ တိုက်ပွဲကြားမှာ တိမ်းရှောင် လာခဲ့ရတဲ့ ဒုက္ခသည်တွေလည်း ပါဝင်ပြီး အများစုမှာ အိမ်ထောင်စု စာရင်းနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိကြသူ တွေ များတယ်လို့ အလုပ်သမားအရေး ကူညီ လှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။