ဒီကနေ့ မန္တလေး ရတနာပုံတက္ကသိုလ်က အဝေးသင်ကျောင်းသူ မဖြူနှင်းထွေးကို လက်ပံတောင်း ကြေးနီစီမံကိန်းက ဝမ်ပေါင်တရုတ်ဝန်ထမ်း ၂ ဦးကို ပြန်ပေးဆွဲမှု အားပေး ကူညီတဲ့အတွက် မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးတော့မှာဖြစ်ပါတယ်။
ဒါကြောင့်လည်း မုံရွာတမြို့လုံး လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်လို့တောင် မြို့ခံတွေကြား ပြောဆိုမှုတွေရှိနေပါ တယ်။
မဖြူနှင်းထွေးအနေနဲ့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲရောက်နေပေမယ့်၊ မိသားစုအရေးထက် လုပ်ဖော် ကိုင်ဖက်တွေ ဖမ်းဆီးခံရမှာကိုသာ သူ စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။
“အမေ နေကောင်းလား ဘာလားတောင်း မေးဖော်မရဘူး။ သူ့လုပ်ငန်းကိုပဲ အာရုံစိုက်နေတဲ့ပုံစံရှိတယ်” လို့ အကိုဖြစ်သူ ကိုပြည့်ဖြိုးက ပြောပါတယ်။
မိဘနဲ့ အကိုအမတွေကလည်း မဖြူနှင်းထွေးရဲ့ နိုင်ငံရေးစိတ်အားထက်သန်မှုကို အားပေးကြပြီး အခုလို ဖမ်းဆီးခံရမှု အတွက် စိတ်မကောင်းသာဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
“အမေတို့၊ အဖေတို့ကတော့ ရှင်းရှင်း ပြောရရင် နိုင်ငံရေးတွေ ဘာတွေ လုပ်တာကို အားပေးတယ်၊ မနှောက်ယှက်ဘူး၊ ဒါပေမယ့် သူတို့စိတ်ထဲမှာ မိဘဆိုတော့ သားသမီးက ဒီလို အကျဉ်းကျတော့ စိတ် မကောင်းဖြစ်တာတခုပါဘဲ၊ အရမ်း ကြီး စိတ်ဓာတ်ကျသွားတာမျိုးတွေ မရှိဘူး။ သူ ဒီဟာလုပ်တာမှားလေခြင်း ဆိုတာမျိုး မရှိပါဘူး” လို့ ကိုပြည့်ဖြိုးက ဆို ပါတယ်။
နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားမှုတွေ လုပ်နေခဲ့တာကြောင့် တနေ့တချိန် ခိုင်မာမှု မရှိတဲ့ ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးကာ အခုလို ဖမ်းဆီးချုပ်နှောင်ခံရမယ်ဆိုတာ မဖြူနှင်းထွေးအနေနဲ့ ကြိုတင်တွက်ဆထားကြောင်းလည်း သူက ဆက်ပြော ပါ တယ်။
“ညီမလေး သဘောတရားကလည်း သူ့စိတ်ဓာတ်ထဲမှာ တက်ကြွလှုပ်ရှားမှုတွေမှာပါဝင်တဲ့အတွက်ကြောင့် တချိန်ချိန် မှာ တော့ ဒီလို တပ်ချင်တဲ့ပုဒ်မနဲ့တပ်ပြီး လုပ်ချင်သလို လုပ်မယ်ဆိုတာ နားလည်ပြီးသားပါ” လို့ သူက ဆိုတယ်။
မုံရွာခရိုင် ယင်းမာပင်မြို့မှာ ဝမ်ပေါင် တရုတ်ဝန်ထမ်း ၂ ဦးကို ရွာသားတွေက မြင်တွေ့ခဲ့ချိန် လွန်ခဲ့တဲ့ မေလက ဒေါသ အလျှောက် လက်ရဖမ်းဆီးကာ ဆည်တဲရွာသို့ ခေါ်လာချိန်က ၁၀ တန်း ကျောင်းသူ၊ ကျောင်းသားတွေကိုစာသင်ကြား ပေး နေသူ မဖြူနှင်းထွေးလည်း ရွာထဲမှာ ရှိနေခဲ့လို့ ရဲက သူ့ကိုပါ ဝရမ်းထုတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“တရုတ်တွေကို ဖမ်းတဲ့ အချိန်မှာ အဲဒီရွာမှာ သူက ရှိနေတဲ့အတွက် သူ့ကို နောက်ကွယ်က ပါတယ်ဆိုပြီးတော့ စွဲချက် တင်တာပေါ့။ သူက ဒီကိစ္စမှာ မပါဝင်ပါဘူး” လို့ ဒေသခံ ရွာသား တဦးက ဧရာဝတီကို ရှင်းပြပါတယ်။
ဒီကိစ္စနဲ့မပတ်သက်တဲ့ မဖြူနှင်းထွေးကို ဝရမ်းထုတ်ခံခဲ့တာကြောင့် ဒေသခံ ရွာသားတွေက သူ့ကို အကာအကွယ် ပေး ရင်း လက်ပံတောင်းကြေးနီ စီမံကိန်း ဒေသရွာတွေမှာ မဖြူနှင်းထွေး ပုန်းအောင်းနေခဲ့ရတာ ၁ လကျော် ကြာခဲ့ပါတယ်။
ပြန်ပေးဆွဲတဲ့ ကိစ္စနဲ့ လူ ၇ ဦးကို တရားစွဲခဲ့ပြီး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တရားရုံးက ဖမ်းဆီး ထား သူတွေကို ပြန်လွှတ်ပေးခဲ့တယ်။ မဖြူနှင်းထွေးနဲ့ ကိုဝင်းကျော် အပါ အဝင် ၃ ဦးလည်း အဲဒီကိစ္စနဲ့ တရားစွဲခံထား ရပေမယ့် တရားရုံးကို မသွားဖြစ်ခဲ့ကြပါဘူး။
“မဖြူနှင်းထွေးက ခရီးလွန်နေလို့ တရားရုံးကို မသွားနိုင်ခဲ့ဘူး”လို့ ဒေသခံ ရွာသားတဦးက ဆိုပါတယ်။
ဒါကြောင့်ပဲ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ နေအိမ်ကနေ မဖြူနှင်းထွေးကို ပြီးခဲ့တဲ့ စနေနေ့က မုံရွာမြို့နယ်ရဲ တွေ က လာရောက်ခေါ်ယူဖမ်းဆီးသွားကာ မုံရွာအကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် မဖြူနှင်းထွေးကို ပုဒ်မ ၃၆၄၊ ၃၆၈ ဆိုတဲ့ ပြန်ပေးဆွဲမှု အားပေးကူညီမှုနဲ့ တရားစွဲဆိုထားတယ် လို့ သိရပါတယ်။ ဒီပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။
မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် လုပ်ဖော်ကိုင်ဖက် ကျောင်းသား အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်း တွေက အသီးသီး ကြေညာချက်တွေ ထုတ်ကာ တောင်းဆိုနေကြပါတယ်။
လက်ပံတောင်း ကြေးနီစီမံကိန်းဒေသမှာ ဒေသခံတွေက ဦးပိုင်နဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီတွေလုပ်နေတဲ့ စီမံကိန်းကို ရပ်တန့်ရေး ကန့်ကွက်မှုတွေလုပ်နေတာ နှစ်ချီကြာနေပြီဖြစ်ပါတယ်။ ဒေသ အာဏာပိုင်တွေ၊ ဦးပိုင်နဲ့ ဝမ်ပေါင် တရုတ် ကုမ္ပဏီတွေနဲ့ ဒေသခံရွာသူ၊ ရွာသားတွေအကြားတင်းမာမှုတွေကလည်း မကြာခဏဖြစ်နေတာပါ။
လက်ပံတောင်း ဒေသခံတွေအရေးအတွက် မဖြူနှင်းထွေးကလည်း တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီခဲ့တယ်လို့ သိရပါ တယ်။
ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးအပါအဝင် နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စတဲ့ ကိစ္စတွေမှာ တက်တက်ကြွကြွနဲ့ မဖြူနှင်းထွေးက မထင်မရှားပါဝင်ခဲ့တယ်လို့ မန္တလေးမြို့က ရှစ်လေးလုံးကာလ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးညီညီကျော် ( ကဖေး ၈၈ ) က ဧရာဝတီကိုပြောပါတယ်။
“ဒီကလေးမလေးကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စပြီးတော့ ဗကသ လှုပ်ရှားမှုတွေမှာ သတိထားမိတဲ့အခါမှာ သာမန် ကျောင်းသူလို့ပဲ ထင်မိတယ်။ လူပုံစံက သေးသေးကွေးကွေးနဲ့ ခပ်အေးအေးလေးပဲ၊ စကားနည်းတယ်၊ နေရာတိုင်း လှုပ်ရှားမှုတိုင်းမှာတွေ့တဲ့အခါမှာလည်း သူဟာ ထင်ရှားအောင် ပေါ်ပြူလာဖြစ်အောင် လုပ်တတ်တဲ့အနေအထားမျိုး မဟုတ်ဘူး”ဟု သူက ဆိုသည်။
မဖြူနှင်းထွေးရဲ့ မိဘများက အလွန်အေးအေးဆေးဆေးသမားတွေဖြစ်ပြီး သားသမီး ၃ ဦးက ထက်ထက်မြက်မြက် ရှိကာ ညီမဖြစ်သူကိုလည်း အမြဲ အားပေးနေတာတွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခြေခံ လူတန်းစားဘ၀ ဈေးရောင်းရင်း ဘဝကို ရုံးကန်ခဲ့ကြသူ ဦးချိုအေး၊ ဒေါ်တင်နွဲ့ တို့ရဲ့ သားသမီး ၃ ဦးအနက် အငယ်ဆုံး သမီး မဖြူနှင်းထွေးဟာ ငယ်စဉ်ကတည်းက အေးဆေးတည်ငြိမ်ပြီး မတရားမှုကို လက်မခံတဲ့ ဗီဇ ပါလာခဲ့ တယ်လို့ အကိုဖြစ်သူ ကိုပြည့်ဖြိုးကလည်း ဧရာဝတီကို ပြောပါတယ်။
“သူ့ရဲ့ ပင်ကိုယ်စိတ်ခံကိုယ်တိုင်က ဒီ စနစ်ကြီးမကောင်းမှန်း သိတယ်။ မတရားတာကိုလည်းသိတယ်။ ကျနော်တို့က အောက်ခြေလူတန်းစားက မွေးဖွားလာတာဆိုတော့ တော်တော်များများလည်း ထိတွေ့နေရတော့ စနစ်ကြီးကြောင့်မို့ အားလုံးက ဖြစ်နေကြတာဆိုတာ သိတယ်”လို့ သူက ဆိုပါတယ်။
အသားညိုညို ရိုးရှင်းတဲ့ အသွင်းအပြင်ရှိတဲ့ မဖြူနှင်းထွေးစာ ၂၀၁၂ ခုနှစ်လောက်က စတင်ပြီး လျှပ်စစ်မီး ၂၄ နာရီ ရရှိ ရေးကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအတွက်လှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းရေးကိစ္စ၊ ကျောင်းသားအရေး စတဲ့ကိစ္စ တိုင်းလိုလိုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း NLD အောင်နိုင်ရေး တက်တက်ကြွကြွကို လုပ်ပေးခဲ့တာ။ ဗကသ နဲ့ပတ်သက်တဲ့ ကိစ္စတွေလည်း တော်တော်များများကို သူက လုပ်ပေးတယ်။ လက်ပံတောင်း ကိစ္စမှာဆိုရင်လည်း အိမ် ကနေ ခွာပြီးတော့ သေသေချာချာ စနစ်တကျ လုပ်ပေးခဲ့တာ” လို့ ကိုပြည့်ဖြိုးက ဆိုပါတယ်။
မိဘ ၂ ဦးနဲ့ အကို၊ အမဖြစ်သူတွေကလည်း ညီမထွေး ဖြူနှင်းထွေကို နိုင်ငံရေးမှာ စိတ်အားထက်သန်စွာလုပ်ကိုင်နေ တာတွေကို ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
“အိမ်ကလည်း နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့သဘောထားအတိုင်းပဲ သူ့စိတ်အတိုင်းပဲ ကျနော်တို့ကတော့ ခွင့်ပြုထားတာ ပေါ့။ နောက်ကနေ မလုပ်သင့် မလုပ်ထိုက်တာ၊ မဖြစ်သင့် မဖြစ်ထိုက်တာတော့ နည်းနည်း ပါးပါး ပြောပြတယ်” လို့ ကိုပြည့်ဖြိုးက ဆိုပါတယ်။
မဖြူနှင်းထွေးဟာ လုပ်သင့်လုပ်ထိုက်တာကို တာဝန်ကျေကျေ လုပ်တတ်သူတဦးဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ကျောင်း သူ ဘဝကတည်းက အကိုဖြစ်သူ ကိုပြည့်ဖြိုးရဲ့ လမ်းညွှန်မှုတွေနဲ့ နိုင်ငံရေးစာပေတွေ လေ့လာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
“ရတနာပုံတက္ကသိုလ်ရောက်တော့ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ချိတ်မိပြီးတော်တော်များများ ဆက်လုပ်ခဲ့တာပေါ့” ကိုပြည့်ဖြိုးက ဆိုပါတယ်။
တက်ကြွနိုင်ငံရေးလှုပ်ရှားသူ မဖြူနှင်းထွေးရဲ့ မိသားစုကလည်း တနေ့ ဒီလိုအခြေအနေ ရင်ဆိုင်ကြုံတွေ့ရမယ် ဆိုတာ မျှော်လင့် ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။