၁၉၄၈ ခုနှစ်က လန်ဒန်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ် ပြိုင်ပွဲကျင်းပနေစဉ် အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) အဖွဲ့ဝင်လည်းဖြစ်၊ အိန္ဒိယ နိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ Mr. Sondhi သည် အာရှ ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ အာရှတိုက် အားကစား အဖွဲ့အစည်းတရပ် ထူထောင် ဖွဲ့စည်း နိုင်ရန်နှင့် အာရှအားကစား ပြိုင်ပွဲများကျင်းပနိုင်ရေး အတွက် အစည်းအဝေး ခေါ်ယူ၍ စတင် အကောင်အထည် ဖော်ခဲ့သည်။
Mr. Sondhi သည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး အာရှတလွှား နိုင်ငံတော်တော်များများ လွတ်လပ်ရေး ရရှိနေကြ ပြီ ဖြစ်သည့် အားလျော်စွာ အစိပ်စိပ် ကွဲနေသော အာရှညီအစ်ကိုများ အချင်းချင်း ညီညွတ်ရေး (Brotherhood of Asians) ကို ဖွဲ့စည်းနိုင်ရေး ရှေးရှုမြော်မြင် စတင်ခဲ့သူလည်း ဖြစ်သည်။
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာ၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့အပြင်၊ လေ့လာသော နိုင်ငံများ အဖြစ် ထိုင်း၊ နီပေါ၊ သီဟိုဠ် (ယခုသီရီလင်္ကာ) ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှား နိုင်ငံများကို ဖိတ်ခေါ်၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့ပါသည်။
၎င်း အစည်းအဝေးတွင် အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Asian Games Federation – AGF) ကို ဖွဲ့စည်းနိုင် ခဲ့ရာ အိန္ဒိယ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပထမဆုံး သဘောတူ လက်မှတ် ရေးထိုးခဲ့သော အဖွဲ့ဝင် နိုင်ငံများဖြစ်လာကြသည်။
ထို့ကြောင့် ၁၉၅၁ ခုနှစ်တွင် First Asian Games ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြ ပါသည်။
AGF သည် အာရှ အားကစား ပြိုင်ပွဲကြီးများကို အိုလံပစ် အားကစားပြိုင်ပွဲများနည်းတူ ၄ နှစ် တကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ပြေးခုန်ပစ် အားကစားနည်းများ (Track and Field) နှင့် ရေကူးကစားနည်း (Swimming) များကို အဓိက ထည့်သွင်းကျင်းပရမည့် အားကစားနည်းများဟု သတ်မှတ်ခဲ့သည်။
တခြား အားကစားနည်းများကိုမူ ကျင်းပသော အိမ်ရှင်နိုင်ငံက ထည့်သွင်းသတ်မှတ်နိုင်ပြီး အနည်းဆုံး လေးနိုင်ငံ (သို့) ဒေသအများ ပါဝင်ယှဉ်ပြိုင် ရမည်ဟု သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် အာရှ အားကစား ပြိုင်ပွဲများ ကျင်းပလျှင် အားကစားနည်း ၈ မျိုးထက် မနည်းထည့်သွင်း ကျင်းပရန် ထုတ်ပြန်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် ပထမအကြိမ် အာရှအားကစား ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တော်တွင် ၁၉၅၄ ခုနှစ်တွင် ကျင်းပခဲ့ရာ ၃ နှစ်သာခြားပြီး ကျင်းပခဲ့ခြင်းမှာ အိုလံပစ် ပြိုင်ပွဲကြီးများ၏ တခုနှင့် တခုကြား ကျရောက်နိုင်ရန် ဖြစ်သည်။ နောက်ပိုင်းတွင်မူ ၄ နှစ် တကြိမ် ကျင်းပနိုင်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်နှင့် ထိုခေတ်က ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ပန်ဒစ်ဂျဝါဟလာ နေရူး (Pandit Jawaharlal Nehru) သည် အာရှအားကစား ပြိုင်ပွဲကြီး၏ ဆောင်ပုဒ် ဖြစ်သည့် “Ever Onward” ကို ဖော်ဆောင်ပေးခဲ့သူ ဖြစ်သည်။ အာရှအားကစား ပြိုင်ပွဲကြီး၏ အထိမ်းအမှတ်တံဆိပ် “Emblem” သည် “အပြည့်အ၀ ထွက်လာသည့် နေမင်းပုံ” ဖြစ်သည်။
၁၉၈၂ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကြီး ကျင်းပခဲ့ချိန်တွင် Asian Games Federation (AGF) မှ Olympic Council of Asia (OCA) သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။
တောင်ကိုရီးယား
ယခု တောင်ကိုရီးယား နိုင်ငံအင်ချွန်မြို့တွင် ကျင်းပလျက် ရှိသည့် အားကစားပွဲမှာ ၁၇ ကြိမ်မြောက် ကျင်းပသည့် အာရှ အားကစား ပြိုင်ပွဲဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံတွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ယခင်က ၁၉၈၆၊ ၂၀၀၂ ခုနှစ်များတွင် ကျင်းပခဲ့သည်။
အာရှအားကစားပွဲကို ထိုင်းနိုင်ငံက အကြိမ် အများဆုံး လက်ခံကျင်းပခဲ့ပြီး ၁၉၆၆၊ ၁၉၇၁၊ ၁၉၇၈၊ ၁၉၉၈ ခုနှစ်များတွင် ဘန်ကောက်၌ ကျင်းပခဲ့သည်။
အိန္ဒိယနိုင်ငံက နှစ်ကြိမ် (၁၉၅၁၊ ၁၉၈၂)၊ ဂျပန်နိုင်ငံကလည်း နှစ်ကြိမ် (တိုကျို ၁၉၅၈၊ ဟီရိုရှီးမား ၁၉၉၄)၊ တရုတ်နိုင်ငံက နှစ်ကြိမ် (၁၉၉၀၊ ၂၀၁၀)၊ ဖိလစ်ပိုင်က တကြိမ် (မနီလာ ၁၉၅၄)၊ အင်ဒိုနီးရှားက (ဂျာကာတာ ၁၉၆၂)၊ အီရန်က (တီဟီရန် ၁၉၇၄)၊ ကာတာက တကြိမ် (ဒိုဟာ ၂၀၀၆) တို့ ဖြစ်ကြသည်။
မြန်မာနှင့် အာရှပွဲ
မြန်မာနိုင်ငံသည် အာရှအားကစားပွဲတွင် ပထမ အကြိမ် ကတည်းက စတင်ပါဝင်ခဲ့သည်။
အာရှအားကစားပွဲတွင် မြန်မာနိုင်ငံ ရွှေတံဆိပ် အများဆုံးရသည့် ပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အားကစားပြိုင်ပွဲ၌ ဖြစ်သည်။ ရွှေတံဆိပ် ၃ ခုကို ပြေးခုန်ပစ်၊ ရွက်လှေနှင့် ဘောလုံးတို့က ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ အားကစား သမားများက အာရှ အားကစားပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့သည့်ပွဲများမှာ ၁၉၅၁ (ကြေးတံဆိပ် ၃ ခုသာ ရသည်)၊ ၁၉၇၈ (ငွေ ၃၊ ကြေး ၃ သာရသည်)၊ ၁၉၈၂ (ကြေးတံဆိပ် တဆုသာ ရသည်)၊ ၁၉၉၄ (ကြေးတံဆိပ် ၂ ဆုသာ ရသည်)၊ ၂၀၀၆ (ငွေတံဆိပ် ၄ ဆု၊ ကြေးတံဆိပ် ၇ ဆုရသည်)။
မြန်မာနိုင်ငံမှ အာရှအားကစားပွဲတွင် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်သူမှာ ထွန်းမောင် (အလေးမ) ဖြစ်သည်။ ပထမဆုံး ဆုရသည့် အမျိုးသမီး ပြိုင်ပွဲဝင်မှာ မြင့်မြင့်အေး (ငွေ၊ ၆၂ ဂျာကာတာ) ဖြစ်သည်။ ပထမဆုံး အမျိုးသမီး တဦးချင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ရသူမှာ ခိုင်ခိုင်မော် (ဝူရှုး) ဖြစ်သည်။
အာရှ အားကစားပွဲ တကြိမ်ထဲတွင် ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူးနိုင်သူမှာ တင်မောင်နီ (ရေကူး) ဖြစ်သည်။ ၆၂ ဂျာကာတာ ပွဲတွင် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ အာရှအားကစားပွဲ နှစ်ကြိမ် ဆက်တိုက် (၆၆၊ ၇၀) ရရှိသည့် အားကစားနည်းမှာ ဘောလုံးအားကစားနည်း ဖြစ်သည်။
ဘောလုံးဝင်မပြိုင်
ယခု ကျင်းပနေသည့် ၁၇ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း ၁၀ မျိုးတွင် ဘောလုံးအားကစားနည်း၊ အမျိုးသား ယူ – ၂၃ အသင်းရော၊ အမျိုးသမီး အသင်းပါ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည်ကို တွေ့ရသည်။
အမျိုးသား ယူ -၂၃ အသင်းမှာ ဂျပန် အပျော်တမ်းလိဂ် ညွန့်ပေါင်းအသင်းနှင့် ကစားစဉ်က ခြေစွမ်းခြေစ အရ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုသည်မှာ မှန်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသော (ယူ – ၁၉၊ ယူ – ၂၃၊ လက်ရွေးစင်အသင်း) စသည့် ဘောလုံးအသင်း ၃ သင်း အနက် ယူ – ၂၃ အသင်း၏ ခြေစွမ်းမှာ အားရစရာ မကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် အင်ချွန်အားကစားပွဲတွင် လက်ရှိ ယူ – ၂၃ အသင်းထက် အားနည်းသော နိုင်ငံများ ပါဝင်ယှဉ်ပြိုင် နေသည်ကို တွေ့ရသည်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံ အနက် ၇ သင်း ပါဝင်ယှဉ်ပြိုင်နေကြသည်။ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုကြသည့် နိုင်ငံများမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့သာ ဖြစ်သည်။ လာအို၊ အရှေ့တီမော အသင်းတို့ပင် ပါဝင်ယှဉ်ပြိုင်သည်။
ယင်း မြန်မာ ယူ – ၂၃ အမျိုးသား အသင်းက နေပြည်တော် ဆီးဂိမ်းတွင် ရှုံးနိမ့်ခဲ့မှုကြောင့် (ဝါ) ဆုတံဆိပ် မရခဲ့ခြင်း ကြောင့် အာရှအဆင့် တက်ပြီး ယှဉ်ပြိုင်ခွင့် မရခြင်းကို လက်ခံနိုင်စရာ ရှိသော်လည်း မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်း အင်ချွန် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးခြင်းကိုမူ အံ့သြကြီးစွာဖြင့်ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းသည် ပြီးစီးခဲ့သည့် နေပြည်တော် ဆီးဂိမ်းတွင် ကောင်းစွာ ယှဉ်ပြိုင်နိုင်ခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနေရာမှ သရေကျအောင် ထိုင်းအသင်းနှင့် ကစားနိုင်ခဲ့သည်။ ပင်နယ်တီ ဂိုးဖြင့် အဆုံးအဖြတ် ယူရာတွင် ကျမှ တယောက်သောသူ၏ အစိုးရိမ်လွန်ကဲမှု ကြောင့် အနိုင်မှ အရှုံးဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဗိုလ်လုပွဲနှင့် ဝေးခဲ့ရသည်။
သမ္မတက ဂုဏ်ပြု
သမ္မတ ဦးသိန်းစိန်က နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာ အားကစားသမားများကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် မြန်မာအမျိုးသမီး ဘောလုံးသမားများ၏ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်၊ အားမာန်တို့ကို ဖော်ထုတ် ချီးကျူးခဲ့သည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းက ဆီးဂိမ်းတွင် တတိယ ကြေးတံဆိပ် ရခဲ့သည်။ ယင်းကဲ့သို့သော မြန်မာ အမျိုးသမီး ဘောလုံးအသင်းကို ၁၇ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် မည်သည့်အကြောင်းများကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုသည်ကို ဘောလုံးချစ်သူတိုင်းက သိလိုနေကြပါသည်။
ဆီးဂိမ်းတွင် အစွမ်းပြပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် အားကစားနည်းများကိုသာ စေလွှတ်ယှဉ်ပြိုင်စေခြင်း ဖြစ်သည် ဟုလည်း မပြောနိုင်ပါ။
မြန်မာအဖွဲ့
ကျင်းပနေသည့် အင်ချွန် အာရှအားကစားပွဲသို့ မြန်မာနိုင်ငံက အားကစားနည်း ၁၀ မျိုးကို အားကစားသမား ၆၅ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းနှင့် အားကစားသမားများမှာ မြှားပစ် ၅၊ ပြေးခုန်ပစ် ၄၊ ဂျူဒို ၃၊ ပိုက်ကျော်ခြင်း ၁၆၊ သေနတ်ပစ် ၆၊ တိုက်ကွမ်ဒို ၅၊ အလေးမ ၂၊ နပန်း ၆၊ ဝူရှုး ၇၊ ဘော်လီဘော ၁၁ တို့ ဖြစ်သည်။
ယင်းအားကစားနည်း ၁၀ မျိုးထဲတွင် ရွှေတံဆိပ်ရဖူးသည့် အားကစားနည်း ၄ မျိုးသာပါသည်။ ယင်းတို့မှာ ပြေးခုန်ပစ်၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ ဝူရှုး တို့သာ ဖြစ်သည်။ အင်ချွန် အာရှအားကစားပွဲသို့ စေလွှတ်သည့် အားကစားနည်း ၁၀ မျိုး ထဲတွင် နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆု မရခဲ့သည့် အားကစားနည်း တမျိုး ပါဝင်နေသည်ကို အံ့သြဖွယ်ရာ တွေ့ကြရမည် ဖြစ်ပါသည်။
ပြီးစီးခဲ့သည့် အာရှအားကစားပွဲများတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ရေကူး၊ လက်ဝှေ့၊ ရွက်လှေ၊ ဘောလုံး အားကစား နည်းများ စေလွှတ်ယှဉ်ပြိုင်ခြင်း မပြုသည်ကိုလည်း တွေ့ရသည်။
နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် အားကစားနည်းများကိုသာ အင်ချွန် အာရှ အားကစားပွဲသို့ စေလွှတ် ယှဉ်ပြိုင်စေ ခဲ့သည် ဆိုပါလျှင်လည်း နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ရခဲ့ကြသည့် လက်ဝှေ့နှင့် ရွက်လှေ အားကစား နည်းတို့ စေလွှတ်ယှဉ်ပြိုင်စေခြင်း မပြုသည်မှာလည်း ထပ်ဆင့်မေးစရာ ဖြစ်လာပါသည်။
အင်ချွန် အာရှ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မြန်မာ အားကစားနည်းများ၏ အခြေအနေကို မြင်တွေ့ ကြရတော့မည် ဖြစ်ပါသည်။
အင်ချွန် အာရှ အားကစားပွဲဝင် မြန်မာ အားကစားသမားများ၊ အားကစား အသင်းများ အောင်မြင်ကြပါစေ။ ။