ရန်ကုန်မြို့သစ်စီမံကိန်းကို လာမည့် စက်တင်ဘာ ၂၆ ရက် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး၍ စီမံကိန်း ဆောင်ရွက်သင့် မသင့် လွှတ်တော် လုပ်ထုံးအရ ဆုံးဖြတ်မည်ဖြစ်သည်ဟု လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်း က ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ပူးပေါင်း လုပ်ဆောင် မည့် မဟာရန်ကုန် အဆင့်မြှင့်တင်ရေး မြို့ပြ စီမံကိန်း မဟာဗျူဟာ စီမံကိန်းနှင့် ကိုက်ညီသည့် အတွက် လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်း အဝေးတွင် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောဆိုသည်။
“ရန်ကုန် မြို့တော်ကြီး ဘက်စုံဖွံ့ဖြိုးဖို့ကို ကျနော်တို့ ပြည်ပ အကူအညီတွေ ရယူချိန်မှာပဲ မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ က မြို့သစ် ဆောက်လုပ်ဖို့ ကမ်းလှမ်းလာတယ်။ အခုလုပ်မယ့် မဟာရန်ကုန် မြို့ပြ စီမံကိန်း မဟာဗျူဟာ စီမံကိန်းတွေကို JICA ဘက်ကလည်း ပြည်သူတွေကို ရှင်းလင်း ထားပြီးပါပြီ။ ပြည်သူတွေ လိုလားတဲ့အတွက် ကိုက်ညီတာကြောင့် ကျနော်တို့ မူအားဖြင့် သဘောတူခဲ့တာပါ”ဟုလည်း ၎င်းက ဆိုသည်။
ယခုကျင်းပသည့် လွှတ်တော်၌ ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းမှုမှာ စီမံကိန်းကို လုပ်ကိုင်ခွင့်ပြုသော ကုမ္ပဏီ ကိစ္စ ရှင်းလင်းမှုထက် JICA နှင့် လုပ်ဆောင်နေသည့် စီမံကိန်းကိုသာ အသေးစိတ် ထပ်မံရှင်းပြခြင်းသည် တိုင်းဒေသကြီး အစိုးရ ဘက်က လှည့်စားမှုတခုအဖြစ် တင်ပြခြင်းသာ ဖြစ်သည်ဟု လွှတ်တော်အမတ် တချို့က ထောက်ပြဝေဖန်ကြသည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ညိုညိုသင်းက“ဒီစီမံကိန်းက ဂျပန်လုပ်နေတဲ့ ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်သလိုလို ပြော သွားတယ်။ ပထမတော့ အစိုးရဘက်က လျိူ့ဝှက်ဆောင်ရွက်တာပါ ပြောတယ်။ နှစ်ခုက မညီဘူး။ ဒါက ကျမတို့ကို နားလှည့် လိုက် တာပဲ။ အခုလိုလုပ်တာက အစိုးရ အဖွဲ့ရဲ့မရိုးသားမှုကို ဖော်ပြတယ်”ဟု ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန် မြို့တော်ဝန်က လွှတ်တော်သို့ တင်ပြရာတွင် “ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ လုပ်ဆောင်သွားပါမယ်။ တင်ဒါစိစစ်ခြင်းကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပါမည်။ ပြည်သူတွေဘက်ကလည်း ထောက်ခံမှုတွေ ရှိပါတယ်”ဟု ဖော်ပြ ပါရှိသော်လည်း မည်သို့ လုပ်ဆောင်မည်၊ ပြည်သူက မည်မျှထောက်ခံသည်။ မည်သို့ ပွင့်လင်းစွာ ပါဝင်နိုင်မည် ကို အသေးစိတ် တင်ပြခြင်း မရှိကြောင်း လွှတ်တော်အမတ်များက ပြောသည်။
ယခုကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် နဝမ ပုံမှန်လွှတ်တော် အစည်းအဝေးသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ က သဝဏ်လွှာ ပေးပို့ရာ၌ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာကျပ်ငွေ ဘီလီယံ ၇၀၀၀ နှင့် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ အကုန်အကျခံကာ ၃ နှစ် အတွင်း ၇ဝ ရာခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက်မည်ဟု သဘောတူညီထားကြောင်း၊ ထိုစီမံကိန်းအတွက် ကုမ္ပဏီဘက်က တန်ဖိုးနည်း တိုက်ခန်း ၂ သောင်း၊ ကျောင်းသား ၁၀၀၀ ဆန့် စာသင်ကျောင်း တခု၊ ဘိုးဘွားရိပ်သာ တဆောင်နှင့် ၆ လမ်းသွား တံတား ၅ စင်းကို တည်ဆောက်ပေးမည်ဟု ဖော်ပြသည့် သဘောတူညီချက်ကိုသာ ပြန် လည် ဖော်ပြ ပေးပို့ခဲ့သည်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ်(၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က “အစိုးရ အနေနဲ့ မလုပ်သင့်တာ လုပ်တယ်။ အခု တင်ပြတယ် ဆိုပေမယ့် ပွင့်လင်းမြင်သာမှုက အခုချိန်အထိ မရှိသေးဘူး။ ပွင့်လင်းမှု မရှိတဲ့အပြင် အခုလို အရှေ့က စီမံကိန်းနဲ့ ရောချတယ်။ ဒါက မဖြစ်သင့်ဘူး။ ကျနော်တို့ အနေနဲ့ ဆွေးနွေးတာမှာ တိတိကျကျ မေးမြန်းသွားမယ်”ဟု ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား၊ မြေနေရာများကို လျာထားပြီး မြို့သစ် တည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းနေရာများသည် ကြည့်မြင်တိုင်မြို့နယ်၊ ဆိတ်ကြီးခနောင်တို မြို့နယ်နှင့် တွံ့တေးမြို့နယ်များ အတွင်း တည်ရှိကြောင်း သိရှိရသည်။