ရှေ့လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်တော့မယ့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက ချင်းချောင်း နန်းတော်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံ အဖြစ်သတ်မှတ်ကာ ပြုပြင်ထိန်းသိမ်းတော့မှာ ဖြစ်ပါတယ်။
ကမ္ဘောဇရိပ်သာလို့ အများက ခေါ်ဝေါ်နေကြတဲ့ ချင်းချောင်းနန်းတော်ကို ကိုလိုနီခေတ်က အရှေ့တိုင်းဟန်နဲ့ အနောက် တိုင်း ဗိသုကာ လက်ရာတွေပေါင်းစပ်ကာ တည်ဆောက်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ နှစ် ၁၀၀ ပြည့်တော့မှာဖြစ်တဲ့ အတွက် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံအဖြစ် ထိန်းသိမ်းတော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ညွန့်က ပြောပါတယ်။
“ဒီအဆောက်အအုံကြီးက ဗိသုကာလက်ရာလည်း ရှိသလို၊ ကျကျနနလည်း တည်ဆောက်ထားတယ်၊ လက်ရှိအခြေအနေ မှာလည်း နည်းနည်း ပျက်စီးလာပြီဆိုတော့ ရေရှည်တည်တံ့ခိုင်မြဲဖို့ အတွက် ထိန်းသိမ်းတာပါ” လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ချင်းချောင်းနန်းတော်ကို အနုပညာ ဦးစီးဌာနက ရုံးနဲ့ အနုပညာ အထက်တန်းကျောင်း ဖွင့်လှစ်ကာ ပန်းချီဆွဲခန်း၊ စာသင်ခန်းများ အဖြစ်လည်း အသုံးပြုလျှက်ရှိပါတယ်။
အနုပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက“အခုလို ရှေးဟောင်းက ထိန်းသိမ်းမယ်ဆိုတာ ကောင်းပါတယ်၊ အဆောက်အဦ ထပ်မြင့်ကြီးဆိုတော့ ကျနော်တို့ အနေနဲ့ ထိန်းရတာခက်တယ်၊ နောက် ရန်ကုန်က မိုးများတဲ့ဒေသ ဆိုတော့ နှစ်စဉ် ပြုပြင် နေရတယ်” လို့ ဆိုပါတယ်။
ချင်းချောင်းနန်းတော်ကို ၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ် အတွင်းက တရုတ်စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး လင်ချင်းချောင်း (Lim Ching Tsong) က ရူပီးငွေ ၂ သန်းကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် တည်ဆောက်ခဲ့တဲ့ ခုနှစ်နဲ့ ပတ်သက်ပြီး ကွဲလွဲမှုတချို့ ရှိနေကာ၊ ဝီကီပီးဒီယား အပါအဝင် တခြားသော သမိုင်းကြောင်း ဆိုင်ရာတွေမှာ တော့ ၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထပ်ပေါင်း ၅ ထပ်ပါရှိတဲ့ ဘုံနန်းအဆင့်ဆင့်နဲ့ ခမ်းနားထည်ဝါစွာ တည်ဆောက်ထားတဲ့ ချင်းချောင်းနန်းတော်ရဲ့ အတွင်းဘက်မှာတော့ နာမည်ကြီး အင်္ဂလိပ် ပန်းချီပညာ ရှင်များရဲ့ လက်ရာ နံရံပန်းချီများနဲ့ ချယ်မှုန်းထားတယ်လို့ သိရပါတယ်။
သူဌေးကြီး လင်ချင်ချောင်းရဲ့ အဖေဟာ မြန်မာပြည်ဖွား တရုတ်လူမျိုး မဟုတ်ပါဘူး၊ ပင်လယ်ရပ်ခြား တရုတ်အမျိုးသား တဦးပါ။
၁၈၆၁ ခုနှစ်မှာ တရုတ်နိုင်ငံ အမွိုင်မြို့ ကနေ မြန်မာပြည်ကို ပြောင်းရွှေ့အခြေချပြီး ဆန်စပါးရောင်း ဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
၁၈၈၈ ခုနှစ်မှာ ဖခင် ကွယ်လွန်သွားတဲ့ အခါမှာတော့ ရန်ကုန်ကောလိပ် ကျောင်းထွက် ပညာတတ် တဦးဖြစ်တဲ့ လင်ချင်း ချောင်းက စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံပြီး လုပ်ကိုင်ခဲ့ပါတယ်။
လင်ချင်းချောင်းရဲ့ လက်ထက်မှာတော့ ဆန်စပါးရောင်းဝယ်ရေးအပြင် ရေနံလုပ်ငန်းကိုပါ တိုးချဲ့ လုပ်ကိုင်လာခဲ့ရာ၊ ၁၈၉၁ ခုနှစ်မှာ ဘီအိုစီ (Burmah Oil Company) ရဲ့ ဒေသတွင်း အထူးကိုယ်စားလှယ် ဖြစ်လာခဲ့တဲ့ အပြင်၊ ရာဘာ စိုက်ပျိုးရေး၊ အထည်အလိပ်လုပ်ငန်း၊ ဆီစက်၊ သတ္တု တူးဖော်ရေး၊ ဘဏ်လုပ်ငန်းတွေကိုလည်း ချဲ့ထွင်လုပ်ကိုင်ခဲ့ ပါတယ်။
နောက်ပိုင်းမှာ ဥပဒေပြုကောင်စီဝင်တဦး ဖြစ်လာရုံမက၊ ရန်ကုန် မြင်းပြိုင်ကွင်း တပ်ဖ်ကလပ် (Turf Club) ရဲ့ ပိုင်ရှင်ဖြစ်လာ ခဲ့သလို၊ ပထမကမ္ဘာစစ်ကြီးမှာ ဗြိတိသျှ အင်ပါယာ စစ်နိုင်ရေးအတွက် ရံပုံငွေ ရှာဖွေပေးခဲ့လို့ ဗြိတိသျှ အစိုးရက OBE (Order of the British Empire) ဘွဲ့ကို ချီးမြှင့် သူကောင်းပြုခဲ့ပါတယ်။
၁၉၂၁ ခုနှစ်မှာတော့ စပါးဈေးမြင့်တက်လာတဲ့အတွက် အင်္ဂလိပ်အစိုးရက ဆန်စပါး ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင် လိုက်တဲ့ အခါမှာ သူ့ရဲ့စီးပွားရေးလည်း ထိခိုက်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ၁၉၂၃ ခုနှစ်မှာတော့ သူဌေးကြီး လင်ချင်းချောင်း နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။
သူ ကွယ်လွန်ပြီး နောက် တနှစ်မှာ ကြွေးမြီများ မပေးဆပ်နိုင်တော့တာကြောင့် ချင်းချောင်းနန်းတော်ကို မိသားစုက စွန့်လွှတ် ခဲ့ရပြီး နောက်ပိုင်း ပိုင်ရှင်အမျိုးမျိုး ပြောင်းလဲခဲ့ပါတယ်။
ဂျပန်ခေတ်မှာတော့ ချင်းချောင်းနန်းတော်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့် ဌာန (All Burma Broadcasting Station) ကို ဖွင့်လှစ်ခဲ့ပါတယ်။
စစ်ပြီးခေတ်မှာတော့ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ၁၉၅၁ ခုနှစ်ခန့်မှာ ကမ္ဘောဇ ရိပ်သာလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ ပါတယ်။
အဲဒီနောက်မှာတော့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ရုံးအဖြစ် ပြောင်းလဲ့ဖွင့်လှစ်ခဲ့တာ ၂၀၀၆ ခုနှစ် အထိ ဖြစ်ပါတယ်။