နိုင်ငံ၏ ဘတ်ဂျက်နှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တို့အကြား ပူးပေါင်း ဆောင် ရွက်မှုများစွာ လိုအပ်ကြောင်း ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့(Open Myanmar Initiative-OMI) က ပြောသည်။
စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော OMI အဖွဲ့၏ သတ္တမအကြိမ်မှ နဝမအကြိမ်အထိ လွှတ်တော် ပုံမှန် အစည်းအဝေးများ အတွင်း မေးခွန်းများနှင့် အဆိုများကို လေ့လာထားသည့် လွှတ်တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် ၃ ထုတ်ပြန်ပွဲ၌ ဧရာဝတီ၏ သီးသန့်မေးမြန်းမှုကို OMI သုတေသနဌာန ဒါရိုက်တာ ကိုအေးခိုင်က ဖြေကြားခြင်း ဖြစ်သည်။
ဘတ်ဂျက်ကို ဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းများက တင်ပြသည့်အခါ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသုံးပြုရန် အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များကို တွဲဖက်ပြီး တာဝန်ပေးလေ့ရှိသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အနေဖြင့် တချို့သော ဘတ်ဂျက်ကိစ္စများကို တင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အပြန်အလှန် စွက်ဖက်ဖို့မဟုတ်ဘဲ နိုင်ငံအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာရော၊ မူဝါဒအရ စီမံကိန်းချပြီး လုပ်တဲ့ ကိစ္စတွေမှာပါ ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့တိုင်းအဆင့် အစိုးရတွေက ပူးပေါင်းဆောင်ရွက်နိုင်မယ့် မူဝါဒ သေချာပြဋ္ဌာန်းပေး ထား ရမယ်။ ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့ကိစ္စလည်း ဖြစ်တဲ့အတွက် ဥပဒေတရပ်ပြဋ္ဌာန်းပြီး ဆောင်ရွက်ဖို့ လိုကောင်းလိုမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက ဒီကိစ္စကို ဘယ်လိုသဘောထားမလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတာ လွှတ်တော်တွေနဲ့ပါ ဆွေးနွေးပြီး ဥပဒေ တရပ်ပေါ်လာဖို့ လုပ်ကောင်းလုပ်ရလိမ့်မယ်”ဟု ကိုအေးခိုင်က ဆိုသည်။
လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ပြည်ထောင်စု လွှတ်တော်နှင့် တိုက်ရိုက်ဆက်သွယ်မည်ဆိုလျှင် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မှရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
လက်ရှိအခြေအနေအရ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များအနေဖြင့် ဘတ်ဂျက်နှင့်ပတ်သက်လျှင် နိုင်ငံတော် သမ္မတ ထံသို့သာ သဝဏ်လွှာပေးပို့ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော်သို့ တိုက်ရိုက် ဆက်သွယ်ခွင့်မရှိကြောင်း ၎င်းက ပြောပြသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌ တချို့ကလည်း ကျနော်တို့နဲ့ တိုက်ရိုက် ဆက်သွယ်ချင်ကြပါတယ်။ အခုလို ဖြစ်နေ တာ ကိုလည်း သူတို့ညဉ်းညူသံတွေ ကြားရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ လွှမ်းမိုးမှုကို သူတို့ မခံနိုင်ကြ တော့ဘူး။ ဒါပေမယ့် အဲဒီလို တိုက်ရိုက်ဆက်သွယ်ဖို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ကွင်းဆက်ဖြတ် ထားတယ်”ဟု ဦးလှဆွေ က ပြောသည်။
ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေတခုခု ပြုလုပ် မည် ဆိုပါက ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် တဦးဦးက စတင်၍ လွှတ်တော်တွင် တင်ပြ ဆောင်ရွက်မည်ဆိုလျှင် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် အဆိုတင်သွင်းမှု၊ မေးခွန်းမေးမြန်းမှုများကို စီမံခန့်ခွဲသော လွှတ်တော်ရုံးအဖွဲ့များအနေဖြင့် ပွင့်လင်းမြင်သာမှုရှိ ရန် လို အပ် သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ထောက်ပြဆွေးနွေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကလည်း ပြောသည်။
၎င်းတို့ လုပ်ကိုင်လျက်ရှိသော OMI အဖွဲ့အနေဖြင့် နောက်ထပ် သုတေသနပြုလုပ်မည့် စီမံချက်များတွင် ဘတ်ဂျက် ဆိုင်ရာ များလည်း ထည့်သွင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း၊ လက်ရှိအချိန်အထိ ဘတ်ဂျက်နှင့်ပတ်သက်သော အချက်အလက်များကို လွှတ် တော် အတွင်းမှ ရယူနိုင်ရန်မှာ အခက်အခဲများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
“ဘတ်ဂျက်ကိစ္စ ဆွေးနွေးမယ်ဆိုရင် ဘတ်ဂျက်က ပွင့်လင်းမြင်သာမှု ရှိရမယ်။ လျာထား ဘတ်ဂျက်၊ ဖြည့်စွက် ထပ်တိုး ဘတ်ဂျက်၊ သုံးစွဲမှုတွေကိုပါ စိစစ်တဲ့ကိစ္စတွေ၊ အစိုးရရဲ့ ကတိကဝတ်တွေ၊ စီမံကိန်းတွေကို အကောင်အထည် ဖော်ဆောင်မှု သုံးသပ်တဲ့ ကော် မတီ တွေရဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေဟာ အခုအချိန်ထိ လျှို့ဝှက်အဆင့်မှာပဲ ရှိနေသေးတယ်။ အစီရင်ခံစာ အဆင့်မှပဲ သိရှိခွင့်ရ တယ်။ ဆွေးနွေးချက်တွေကို ထုတ်ပြန်တာ မရှိဘူး။ အဲဒါကို ဥပဒေအရ ပြဋ္ဌာန်းပြီးမှ ကျနော်တို့တွေက ထဲထဲဝင်ဝင် ဆွေးနွေးလို့ ရနိုင်မယ်”ဟုလည်း ဦးကိုကိုကြီး က ပြောဆိုသည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့(Open Myanmar Initiative-OMI) သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ စီစဉ်မှုဖြင့် မြန်မာ့ လွှတ်တော်အတွင်း ဆွေးနွေးချက်များ၊ မေးခွန်းမေးမြန်း၊ အဆိုတင်သွင်းမှုများနှင့် ပတ်သက်သော ထုတ်ပြန်ချက် များ၊ သတင်းစာ၊ ဂျာနယ်များတွင် လွှတ်တော်နှင့် သက်ဆိုင်သော ဖော်ပြချက်များကို အခြေခံ၍ သုတေသနပြုလုပ်သော အဖွဲ့အစည်း ဖြစ်သည်။
လွှတ်တော်တရပ်၏ အခန်းကဏ္ဍနှင့် အားကောင်းမှုများ၊ အားနည်းချက်များ၊ အကျိုးသက်ရောက်မှုများကို သိရှိစေရန်အတွက် သုတေသနပြု အစီရင်ခံစာ ထုတ်ပြန်ခြင်းမှာ ယခုအကြိမ်နှင့် ဆိုလျှင် အစီရင်ခံစာ ၃ စောင်အထိ ထွက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။