မန္တလေး ရတနာပုံ တက္ကသိုလ်တွင် တက်ရောက် သင်ကြားနေသည့် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေး အမှုကို စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးတွင် ယနေ့ ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားရုံးသို့ အာမခံ လျှောက်ထား ခဲ့ရာ ပယ်ချခံခဲ့ရကြောင်း သတင်းရရှိသည်။
“ကျနော်တို့က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၄၉၇ အရ အာမခံ လျှောက်တာပါ။ ကျနော့် အမှုသည်က လောလောဆယ် စွပ်စွဲခံထား ရတဲ့ ပုဒ်မအရ အာမခံလျှောက်ခွင့် မရှိပေမယ့် အသက်အရွယ် ကြီးရင့်သူတွေ၊ အမျိုးသမီးတွေအတွက် လျှောက်ထား လို့ရတဲ့ အတွက် လျှောက်တာပါ။ ဒါပေမယ့် အပယ်ခံရပါတယ်။ ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ မဖြူနှင်းထွေးကို မုံရွာထောင်ကို ပြန်ပို့လိုက်ပါတယ်” ဟု မဖြူနှင်းထွေး၏ ရှေ့နေ ဦးနန္ဒဇော်က ဧရာဝတီသို့
ပြောကြားသည်။
မဖြူနှင်းထွေးကို စွပ်စွဲထားသည့် ပုဒ်မ ၃၆၄ နှင့် ၃၆၈ တို့မှာ ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများ ဖြစ်နေပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။
ယနေ့ ဒုတိယအကြိမ် ရုံးချိန်းတွက် တရားလိုပြ သက်သေများ ဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူ ၂ ဦး၊ အစိုးရ ဌာနဆိုင်ရာမှ တာဝန်ရှိသူ တဦးတို့ကို ၄ နာရီခန့် အချိန်ယူ မေးမြန်းခဲ့ကြောင်း၊ နောက်တပတ် ရုံးချိန်းဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် တရားလိုပြ သက်သေ ၃ ဦးခန့် ထပ်မံ စစ်ဆေးပြီး အမှုစွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။
ယနေ့ ရုံးချိန်းတွင် လုံခြုံရေး အင်အား ၁၀၀ ခန့် အထိ တိုးမြင့်ထားပြီး ရဲတပ်ရင်း တခုကိုပါ ချထားကြောင်း၊ မဖြူနှင်းထွေး ထံသို့ ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့တို့မှ ဗကသ အဖွဲ့ဝင် ကျောင်းသားများ လာရောက်ခဲ့ပြီး မုံရွာဒေသခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် များလည်း လာရောက်ခဲ့ကြောင်း သိရသည်။
မဖြူနှင်းထွေးမှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်း ရာတွင် ပါဝင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရပြီး ၎င်းကို စက်တင်ဘာ ၁၅ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။