ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကျီးပင်ကန်ကျေးရွာမှ တောင်သူ ၂၃ ဦး လုပ်ကိုင်နေသည့် လယ်ယာမြေ ဧက ၂၀၀ ကျော်ကို လယ်ယာမြေ ပိုင်ဆိုင်မှုလျှောက်ထားရာ ဗိုလ်ချူပ်များပိုင် အမည်ပေါက်မြေများ ဖြစ်နေကြောင်း တောင်သူများကပြောသည်။
“ကျနော်တို့ ပုံစံ (၇) လျှောက်ဖို့ သွားမေးတော့မှ ဗိုလ်ချုပ်တွေ ပိုင်ဆိုင်တယ်ဆိုတာ သိရတယ်။ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေပါ၊ မြေလွတ်မြေရိုင်းတွေ မဟုတ်ပါဘူး၊ ပါတီကောင်စီ ခေတ်ကနေ ၂၀၀၄-၂၀၀၅ ခုနှစ်အထိ အခွန်ပြေစာ တချို့ရှိပါသေးတယ်။ အခုချိန်အထိလည်း ကျနော်တို့ပဲ စိုက်ပျိုးနေတာပါ”ဟု ကျီးပင်ကန် ကျေးရွာမှ မြေပိုင်ဆိုင်မှု လျှောက်ထားသည့် တောင် သူ ဦးကျော်ဖေက ပြောသည်။
ယင်းမြေယာဧက ၂၀၀ ကျော်ကို ပိုင်ဆိုင်မှု လျှောက်ထားခွင့် မရှိကြောင်း၊ ထိုမြေများသည် ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် လှမင်း အမည်ပေါက် မြေများ ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက ပြောသည်ဟု ဦးကျော်ဖေ က ပြောပြသည်။
ထိုမြေများသည် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်နေသည့် မြေယာများဖြစ်ပြီး မြေလွတ်မြေရိုင်းများ မဟုတ်သည့်အပြင် ယခု အချိန်ထိ လုပ်ကိုင်နေသည့် သီးစားချထားသည့် အခွန်ပြေစာ တချို့လည်း ရှိနေကြောင်း၊ ထိုစဉ်က အာဏာပိုင်များက မြေလွတ်မြေ ရိုင်းများတွင် စာရင်းထည့်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု လယ်ယာမြေ ပိုင်ဆိုင်မှု သွားရောက် လျှောက်ထားသည့် တောင်သူ တချိူ့က လည်း ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် လှမင်းသည် ယခင်အစိုးရ လက်ထက်က ပဲခူးတိုင်း အနောက်ခြမ်း ဒေသကွပ်ကဲရေး စစ် ဌာန ချုပ် (ဒကစ) တွင် တာဝန်ထမ်းဆောင်စဉ် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ ချထားရေး ကော်မတီထံ ပုဂ္ဂလိက စိုက်ပျိုးရေး လုပ်ကိုင်ရန် ကွင်းအမှတ် (၁၉) (N) ကြိုးပြင် အပါအဝင် ထိုအနီးတဝိုက်မှ မြေဧက ၅၀၀ ကျော် ပိုင်ဆိုင်မှု လျှောက်ထားခဲ့သည့် အပေါ် ၂၀၀၈ ခုနှစ်က တရားဝင် လုပ်ပိုင်ခွင့် ချပေးခဲ့ခြင်း ဖြစ်သည်ဟု ပန်းတောင်းမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ဦးစီးမှူး ဦးရဲဝင်းက ဧရာဝတီကို ပြောသည်။
“လယ်သမားတွေက အခုမှ ပိုင်ဆိုင်ခွင့် ရခြင်လို့လာတာ။ တကယ်တော့ ဒီမြေတွေဟာ သူတို့ တရားဝင် ပိုင်ဆိုင်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်လှမင်းကို မြေလွတ်၊မြေလတ်နဲ့ မြေရိုင်းများချထားရေး ကော်မတီက ၂၀၀၈ ခုနှစ်ကတည်းက စိုက်ရေးပျိုးရေးတို့ မွေးမြူရေး လုပ်ဖို့ တရားဝင် အမိန့်စာနဲ့ ချထားပေးထားတာ၊ လက်ရှိတောင်သူတွေက ခေတ်ကာလ ပြောင်းလဲလို့ မြေလွတ်နေလို့ အတင်း ဝင် လုပ်နေကြတာတွေ၊ အရင်တုန်းက ဘယ်သူမှ မလုပ်ဘူး။ သူတို့က ကျူးကျော်တွေ။ အခု ဥပဒေတွေ ပြောင်းလာပြီး ပိုင်ဆိုင်မှုတွေ လျှောက်လို့ရပြီ ဆိုတော့မှ သူတို့က ဝင်လျှောက်ကြတာ”ဟု ၎င်းက ဆက်ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်လှမင်းအား မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက ၅၁၂.၄၈ ချထား ပေးခဲ့ရာ လက်ရှိ အချိန်အထိ မြေဧက ၁၅၀ ကျော်သာ စိုက်ပျိုးထားခြင်း ရှိကြောင်းနှင့် ဧက ၃၅၀ ကျော်မှာ လုပ်ကိုင်နိုင်ခြင်း မရှိသေး ကြောင်းလည်း ဦးရဲဝင်းက ပြောဆိုသည်။
ပန်းတောင်းမြို့နယ်အတွင်း မြေလွတ်၊မြေလတ်နှင့် မြေရိုင်းများ ချထားရေး ကော်မတီမှ စိုက်ပျိုးရေး အတွက် မြေ ၅၄၇၇ ဧကနှင့် မွေးမြူရေး အတွက် မြေ ၁၀၃ ဧကကို ချထားပေးခဲ့ကြောင်း၊ လုပ်ကိုင်ခွင့်ရသူများမှာ ဗိုလ်ချူပ်လှမင်း အပြင် ဒုဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း) ကို မြေ ၂၁၆.၄၂ ချပေးရာတွင် ဧက ၁၀၀ ကျော် စိုက်ပျိုးထားပြီး၊ ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်း (ငြိမ်း) ကို မြေ ၁၆၁.၉၁ ဧက ချပေးရာ၌ မြေဧက ၁၃၀ ကျော် စိုက်ပျိုးပြီးစီးကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးပန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)နှင့် တခြားပုဂ္ဂလိက လုပ်ငန်းရှင်များလည်း လုပ်ကိုင်ခွင့် ဝင်ရောက် လျှောက်ထားခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာန စာရင်းများတွင် ဖော်ပြထားသည်။
ကျီးပင်ကန် ကျေးရွာကို ၁၉၉၉ ခုနှစ် ညောင်ကိုင်းဆည် တည်ဆောက်မှုကြောင့် ရေမြုပ်ဧရိယာအတွင်း ကျရောက်ခဲ့သည့် ဒန့်ဒလွန် ရွာမှ ရွာသူရွာသားများအား ပြောင်းရွှေ့ ရွာသစ်တည် နေရာချပေးထားခြင်း ဖြစ်ကြောင်း၊ ရွာမတည်ခင်က အဆိုပါ မြေယာများကို လုပ်ကိုင်ကြသူများသည် အရှိုချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်တပ်နှင့် စစ်တပ်ပိုင်စက်ရုံများမှ သိမ်းယူခဲ့သည် ဆိုသော လယ်မြေ ဧက ၁၀၀၀၀ ကျော် ပြန်လည် ရရှိရေးအတွက် ဒေသခံလယ်သမား ၂၀၀ ခန့်က ၂၀၁၃ ခုနှစ် မေလ အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွား ခဲ့သေးသည်။