နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းလွတ်လပ်စပြုလာသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်နိုင် ရေး ဆွေးနွေးပွဲ တခုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စတင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ The Myanmar Investment and Tourism Forum ဆိုသည့် ခေါင်းစဉ်ဖြင့် Peninsula Press မှ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြသည်။
ယင်းဖိုရမ်တွင် အမေရိကန်နှင့် ကမ္ဘာတဝန်းမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံတွင်း ငွေကြေးနှင့် ဘဏ် လုပ်ငန်း၊ စက်မှုကုန် ထုတ်လုပ်ငန်းနှင့်အကြီးစား စက်ရုံ အလုပ်ရုံလုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ စွမ်း အင်နှင့် မိုင်း တူးဖော်ရေး လုပ်ငန်း၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အခြေခံအဆောက်အဦ ဖွံဖြိုး တိုးတက်ရေး လုပ် ငန်းများစသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးသွားကြမည်ဟု သိရ သည်။
ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဟိုတယ်နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးဌေးအောင်၊ စွမ်း အင် ဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုအုပ်ချုပ်ရေးမှူး ဦးဆက်အောင်၊ Directorate of Investment and Company Administration(DICA )မှ ဦးအောင်နိုင်ဦးတို့အပြင်၊ လုပ်ငန်းရှင်များဖြစ်သည့် MPRL E&P ကုမ္ပဏီအုပ်စုမှ ဦးမိုးမြင့်၊ SPA လုပ်ငန်းစုမှ မစ္စတာ ဆာ့ချ် ပန်း ခေါ် ဦးသိမ်းဝေ၊ MAI လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကမ္ဘောဇဘဏ်မှာ ဦးသန်းလွင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလန်ခမ်း၊ လက်ဝါး စီးပွားရေး လုပ်ငန်း အုပ်စုမှ ဒေါက်တာ ခင်မောင် အေး၊ စီးတီးမတ်အုပ်စုမှ ဒေါ်ဝင်းဝင်းတင် စသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ဆွေးနွေးပြော ဆိုမည်ဖြစ်သည်။
The Myanmar Investment and Tourism Forum ဖိုရမ်တွင် တက်ရောက်ကြ သည့် မြန်မာစီးပွားရေးလုပ်ငန်း ရှင် များမှာ အမေရိကန်နိုင်ငံ၏ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု နာမည်ပျက်စာ ရင်းတွင် ပါဝင်ကြသူများ မဟုတ်ပေ။
ထို့အတူ အမေရိကန် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Charles H Rivkin၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ၊ စီအီးအို မစ္စတာ Alexander Feldman၊ U.S. Chamber of Commerce ၏ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံ မစ္စတာ John Goyer၊ Asia Society မှ အကြီးတန်းအကြံပေး မစ္စ Pricilla Clapp တို့အပြင်၊ သူဌေးကြီး ဂျော့ဆိုးရော့စ်၊ Center for Strategic and International Studies –CSIS မှ မစ္စတာ Murray Hiebert Chevron ကုမ္ပဏီမှ Mariano Vela၊ တယ်လီနော-(မြန်မာ) တာဝန်ရှိသူ Per Erik Hyllan စသူတို့လည်း ဆွေးနွေး ပြောကြားမည်ဖြစ်သည်။
ယခုကဲ့သို့ အမေရိကန်နိုင်ငံ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်သည့် ဖိုရမ်တခု ကျင်းပခြင်းသည် အမေရိကန် အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသည့် ထင်ရှားသော နောက်ထပ်ခြေလှမ်းလည်း ဖြစ်သည်။
တချိန်က တံခါးပိတ်ကျင့်သုံးခဲ့ပြီး အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် အာရှတိုက်တွင် နောက်ဆုံး ပေါ်ထွန်းလာ သည့် ခြသေ့ၤတကောင်အဖြစ် တင်စားခံရကာ အမေရိကန်နှင့် ကမ္ဘာတလွှားမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နေ လျှက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လက သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးစီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ချိန် သမ္မတ အိုဘားမား အစိုးရကလည်း မြန်မာအပေါ် ထိတွေ့ဆက်ဆံမှုများ လုပ် ဆောင်လာကာ ပိတ်ဆို့ဒဏ်ခတ် အရေး ယူမှုများကို ဖြေလျှော့ပေးခဲ့သည်။
အလားတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အခြား အနောက်နိုင်ငံများကလည်း မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို ပလပ်ပေးခဲ့သည်။
ထို့နောက် ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လက်မှတ်ထိုး အတည်ပြုပြီးချိန်မှ စတင်ကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ တဖွဲဖွဲ လာရောက်နေကြသည်။
သို့သော် ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအား မျက်စေ့ကျစ ရာ ဆွဲဆောင်မှုများ ရှိနေစဉ်ပင် စိန်ခေါ်မှုများစွာလည်း ရှိနေသည်။
သဘာဝအရင်းအမြစ်များ ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဖြစ်စေရေးသည် အလွန် အရေးကြီးသော အချက်တချက်လည်းဖြစ်သည်ဟု ပညာရှင်းများက သုံးသပ်နေ ကြသည်။