ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်ရှိ Koh Tao လို့ခေါ်တဲ့ လိပ်ကျွန်းမှာ နိုင်ငံခြားသား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ အလုပ် သမား တွေကို ထိုင်းရဲက ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ရိုက်နှက်မှုတွေ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြန် ပြောပြပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး လိပ်ကျွန်း ရဲစခန်းက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ရာမှာ ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေထဲက လူငယ် သုံးဦးကို ခေါ်ယူစစ်ဆေးပါတယ်။ အဲဒီလူငယ် သုံးဦးထဲက နှစ်ဦးကို ၁၉ ရက်နေ့ညနေက ခေါ်ယူစစ်ဆေးချိန် ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စစ်ဆေးခံခဲ့ရတဲ့ သုံးဦးထဲမှာ ပါဝင်တဲ့ ကိုစည်သူက“ကျနော်ဖြေနေတဲ့ အချိန်မှာ လင်းလင်းဆိုတဲ့ ကောင်လေးကိုရှေ့မှာ ပုလိပ် (ထိုင်းရဲ) ကမေးတယ်။ အဲဒီဓာတ်ပုံ ထဲက နင့်ပုံလားလို့မေးတယ်။ လင်းလင်းက သူ့ပုံမဟုတ်ဘူးလို့ဖြေတဲ့ ဟာကို လိမ်ရမလား ဆိုပြီး နောက်ကနေ ဒူးနဲ့ နောက်ကျောကို ဆောင့်တွန်းလိုက်တယ်။ ပြောရမယ်ဆိုရင်ကန်တဲ့ ပုံစံမျိုးပါဘဲ။ ဘေးတောင် လွှင့်ထွက် သွားတယ်”လို့ ပြောပြပါတယ်။
သူကဆက်ပြီး “နောက်မေးခွန်းတခု ထပ်မေးတယ်။ အဲဒီလူတွေကို နင်သတ်လားလို့မေးတော့ လင်းလင်းက သူမသတ်ဘူးလို့ ပြန်ဖြေတဲ့ဟာကို လိမ်ရမလားဆိုပြီးတော့ တချက်ရိုက်လိုက်တယ်။ နောက်မေးခွန်းတခုထပ်မေးတာကိုလည်း အမှန်တိုင်းဖြေတဲ့ ဟာကို နောက်တချက်ထပ်ရိုက်သေးတယ်”လို့ ရှင်းပြပါတယ်။
ထိုင်းနိုင်ငံကို အလည်ရောက်လာတဲ့ ဗြိတိသျှနိုင်ငံသား အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ နှစ်ဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့က လိပ်ကျွန်း ကမ်းခြေမှာ အသတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်ပွားမှုမှာ ရဲတွေရရှိထားတဲ့ မျိုးရိုးဗီဇ (DNA) စစ်ချက်တွေအရ လူသတ်မှုကျူးလွန်သူဟာ အာရှသားဖြစ်မယ်လို့ ရဲက ယူ ဆ ထားပြီး ကျွန်းပေါ်မှာ ရှိတဲ့မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းရာမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ပါဝင်နေတာဖြစ် ပါတယ်။
ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ဒီကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၃၀ ကျော် ကိုစစ်ဆေးခဲ့ပြီး ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းနဲ့ စစ်ချက်တွေအပြင် DNA ကိုလည်း ယူထားတယ်လို့ သိရပါတယ်။
ကိုစည်သူက“ကျနော်တို့ကို DNA ယူတယ်လို့ပြောတယ်၊ ခံတွင်းအနံ့ကို သူတို့ (ရဲ) က ယူတာပေါ့။ ဓာတ်ပုံတွေ ဘာတွေရိုက်တာ ပေါ့”လို့ ပြောပြပါတယ်။
ကိုစည်သူကိုယ်တိုင်လည်း ၁၉ ရက်နေ့က သူ့အိမ်ကို ရဲတွေလာရောက် စစ်ဆေးမေးမြန်းစဉ်မှာ ရဲက သူ့ရဲ့ခေါင်းကို လက်နဲ့ ရိုက် တာ ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ရဲစခန်းရောက်ချိန်မှာတော့ ရိုက်နှက်မေးမြန်းတာတွေ မရှိဘူးလို့ ဆိုပါတယ်။
လိပ်ကျွန်းပေါ်မှာ မြန်မာနိုင်ငံသားတွေဟာ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ ပန်းရန် လုပ်ငန်းတွေမှာ ထောင်နဲ့ချီ အလုပ်လုပ်နေကြပြီး အများစုက နေထိုင်၊ အလုပ်လုပ်ခွင့် အထောက်အထား အပြည့်အစုံရှိကြသူတွေ မဟုတ်ကြောင်း၊ အခုလိုပြဿနာမျိုးဖြစ်လာတဲ့ အချိန်မှာ အလုပ်မသွားရဲလောက်တဲ့ အထိ စိုးရိမ်မှုတွေဖြစ်နေကြောင်း ဒီကျွန်းပေါ်မှာ လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေတဲ့ ကိုစိုးမင်းထက် က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ကို ကူညီမယ့်လူတွေမရှိတော့ လုံခြုံမှုကင်းမဲ့နေသလို ခံစားနေရတာပေါ့။ အားငယ်တာပေါ့ဗျာ။ ဒီမှာ ဘာဖြစ်ဖြစ် ကျနော် တို့ နိုင်ငံသားတွေက အရှုံးချည်းပဲ။ အမြဲတမ်းလည်း အထင်သေးခံရတယ်။ အခုက အင်္ဂလိပ်တွေသေလို့သာ ဒီလောက်ကြီး တာ။ ကျနော်တို့ နိုင်ငံသားတွေ သေရင် အစအနအပျောက်ပဲ။ ဘယ်သူမှ ရေးကြီးခွင်ကျယ်မလုပ်ဘူး”လို့လည်း သူက ပြောပါတယ်။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးမှုတွေရှိနေတဲ့ အပေါ် စောင့်ကြည့်၊ စုံစမ်းမှုတွေပြုလုပ်ထားကြောင်း၊ စူရတ်ဌာနီ ခရိုင်ရဲမှူးကြီးနဲ့လည်း အဆက်အသွယ်တွေ လုပ်ထားသလို အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လည်း နေပြည်တော်ကို အဆက်မပြတ်သတင်းပို့ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီကို ပြောပါတယ်။
“သူတို့ရဲ့ ဥပဒေအရ စစ်နေတာကိုတော့ ကျနော်တို့က ဝင်ပြောလို့မဘူးပေါ့။ လွန်ကဲလာရင်တော့ သူတို့ထိုင်းအစိုးရကို ကန့်ကွက် တာတို့ ဘာတို့လုပ်ရမှာပေါ့။ မနေ့ကနောက်ဆုံးအခြေအနေ အရတော့ မြန်မာတွေသတ်တာ မဟုတ်ဘူး။ ထိုင်းတွေ သတ်တဲ့ အနေ အထားဖြစ်နေတဲ့အတွက် စစ်နေတယ်လို့ပြောတယ်”လို့ သံအမတ်ကြီး ဦးဝင်းမောင် က ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်သင့်ပြီး ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နိုင့်ထက်စီးနင်း ဆက်ဆံခံနေရမှုတွေဟာ မိခင်နိုင်ငံက ကိုယ့်နိုင်ငံသားကို အလေး မထား တာကြောင့် အခုလိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတာလို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED) မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။
ဦးထူးချစ် က “ထိုင်းနိုင်ငံမှာ တခုခု ဖြစ်ရင် မြန်မာနိုင်ငံသားတွေကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက်တာတွေက သဘာ၀ တခုလို ဖြစ်နေတယ်။ တချို့ဆိုရင် ဖမ်းဆီး စစ်ဆေးရုံမက ရိုက်နှက် စစ်ဆေးတာတွေနဲ့ ကြုံနေရတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
လိပ်ကျွန်းမှာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေ အနေနဲ့ မသင်္ကာလို့ ဖမ်းဆီး စစ်ဆေး တာအပြင် ထိခိုက်ဒဏ်ရာရစေတဲ့အထိ စစ်ဆေးမှုတွေရှိခဲ့တယ်ဆိုရင်တော့ ဥပဒေအကြောင်းအရ ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပြီး မြန်မာအစိုးရအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေအပေါ် အလေးထား ဆောင်ရွက်မှုတွေ ပြုလုပ်စေချင်တယ်လို့ ဆိုပါတယ်။
လူသတ်မှုဖြစ်ပွားပြီး နောက်တနေ့မှာ အခင်းဖြစ်ပွားစဉ်အနီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား သုံးဦးကို ခေါ်ယူ စစ် ဆေး မှု တွေပြုလုပ်ခဲ့တဲ့ အပေါ် ထိုင်း သတင်းမီဒီယာတွေပေါ်မှာ တော်တော်လေး ပျံ့နှံ့ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားသား ခရီးဖော်တွေရဲ့လုပ်ကြံမှုဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေထွက်ပေါ်လာတာနဲ့အတူ မြန်မာနိုင်ငံသားသုံးဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
DNA စစ်ဆေးချက်တွေအရ လူသတ်မှုကျူးလွန်သူဟာ အာရှသားဖြစ်မယ်ဆိုတဲ့ ရဲရဲ့ယူဆချက်တွေ ထွက်ပေါ်လာတဲ့ နောက်မှာတော့ ကျွန်းပေါ်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အစစ်အဆေးခံခဲ့ကြရတာ ဖြစ်ပါတယ်။
အခုနောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံခဲ့ရမှုမှာ သံသယရှိသူ နှစ်ဦးဟာ ထိုင်း လူမျိုး နှစ်ဦး ဖြစ်လာပါတယ်။ ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တဦးက သူရိုက်ယူထားတဲ့ တရားခံလို့ ယူဆရတဲ့ ထိုင်း လူမျိုး နှစ်ဦးရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ရဲလက်ကို အပ်ခဲ့တာလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံသားက သေဆုံးသူ ဗြိတိန် အမျိုးသမီးကို ထိုင်းအမျိုးသား နှစ်ဦးက ထိပါးဖို့ အားထုတ်နေမှုတွေကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားကြောင်း Bangkok Post သတင်းစာကလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်လည်း ထိုင်းအမျိုးသား နှစ်ဦးကို တယ်လီဖုန်းနဲ့ ဓာတ်ပုံမှတ်တမ်း ရယူခဲ့လို့ အသက်အန္တရယ် ခြိမ်းခြောက် ခံနေရတဲ့ အတွက် ပြင်သစ်နိုင်ငံသား ခရီးသည်ဟာ ထိုင်းအစိုးရက လုံခြုံရေး တာဝန်ယူထားပေးရတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့ နေ့က လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သံသယရှိသူ တဦးမှာ အဆိုပါ ထိုင်းနှစ်ဦးအနက်က တဦးဟာ နီးစပ်မှုတွေရှိနေပြီး လူသတ်မှုတရားခံလို့ ရဲကလည်း ယူဆထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ထိုင်းလူမျိုးနှစ်ဦးကို လူ သတ် မှု ဖြစ်စဉ်က ခေါ်ယူစစ်ဆေးစဉ်မှာ သူတို့နဲ့ မပတ်သက်ကြောင်း ရဲတပ်ဖွဲ့ရဲ့ DNA နမူနာတောင်းဆိုမှုကိုလည်း ငြင်းဆို ထား သူတွေလို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အရင် DNA ရယူထားတဲ့ လူ ၃၀ ခန့်ဟာ သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ရရှိထားတဲ့ သုက်ပိုး သက်သေနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။