အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးလျက်ရှိသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ် ထိုးနိုင်ရေးသည် အောက်တို ဘာ လတွင် ဖြစ်ရန် မသေချာကြောင်း သိရသည်။
“အပစ်ရပ်ရေးက အောက်တိုဘာလထဲမှာ ဖြစ်မဖြစ် ဆိုတာက မပြောနိုင်ဘူး။ ဖြစ်မယ် ဆိုတာကလည်း အစိုးရဘက်က ပြောတာပါ။ ကျနော်တို့ဘက်က ပြောထားတာ မရှိဘူး။ ဒါက သူတို့ဘက်က လျှော့ရင်တော့ ထိုးနိုင်မှာပါ။ ကျနော်တို့ဘက်က တင်းမာတာ မရှိဘူး။ ငြိမ်းချမ်းရေးကို ကျနော်တို့က ပိုလိုချင်ပါတယ်”ဟု NCCT အဖွဲ့မှ နိုင်ဟံသာက ပြောသည်။
ယခု ကျင်းပနေသည့် (၆) ကြိမ်မြောက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အဓိကအပိုင်းဖြစ် သည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ရေးဆွဲရေးကို အကျေအလည် ဆွေးနွေးရန် စီစဉ် ထားသော်လည်း မဆွေးနွေးနိုင်သေးကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေးတွင် အရေးပါသည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် အခြေခံ သဘောတူညီချက်များကို နောက်ချန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးပြီးမှ ဆက်လက်ဆွေးနွေးမည် ဆိုသည့်အချက်ကို တိုင်း ရင်း သားများဘက်မှ သဘောမတူညီကြောင်း၊ အခြေခံ မခိုင်မာပါက လက်မှတ်ထိုးသွားမည် မဟုတ်ဟုလည်း နိုင်ဟံသာ က ပြော သည်။
လက်ရှိတွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက ဦးဆောင် ဆွေးနွေးလျက်ရှိပြီး ယခင် ဆွေးနွေးပွဲများတွင် အဓိက ဆွေးနွေးခဲ့သည့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှာ ယခုအခါ နယ်စပ်ရေးရာဝန်ကြီး အနေဖြင့် တက် ရောက်ပြီး ဆွေးနွေးမှုတွင် မပါဝင်တော့ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
ဆွေးနွေးပွဲတွင် ယခင်က သဘောတူညီထားခဲ့သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း ဆိုသည့် အချက်အား နိုင်ငံရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန် သဘောတူသည် ဆိုသည့် အချက်ကို ယခုအခါ တပ်မတော် ဘက်မှ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် မထည့်သွင်းလိုတော့ကြောင်း ပြောဆိုသည်ဟု သိရသည်။
NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း“ဟိုတခေါက် ဆွေးနွေးတာမှာ လက်ခံလိုက်ပြီး အခုတခေါက်မှာ လက်မခံတော့ဘူး။ သူတို့ဘက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်း တည်ဆောက်ရေးဆိုတဲ့ စကားလုံးကို ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်ဆိုတဲ့ သဘောပဲ သုံးချင်တယ်။ တည်ဆောက်နိုင်ရေး ဆိုတာကို မသုံးချင်တော့ဘူး။ အထက်ကို တင်မယ် ဖြစ်သွားတယ်”ဟု ပြောသည်။
လက်ရှိ တပ်မတော်တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်နေပြီးဖြစ်သည့်အတွက် ထပ်မံပြီး ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် မလိုကြောင်း UPWC ဘက်မှ တင်ပြခဲ့သည်ဟု သိရသည်။
ယခုဆွေးနွေးပွဲ မစတင်မီ မြဝတီတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၊ တိုင်းရင်းသား မြောက်ပိုင်းတပ်မတော် ဖွဲ့စည်းရန် စစ်ဦးစီးချုပ် ရွေးချယ်၍ “ဝ” နှင့် “မိုင်းလား” တို့ကို ပူးပေါင်းရန် စီစဉ်နေခြင်း စသည့် အချက်များကြောင့် အစိုးရပိုင်းမှ တိုင်းရင်းသားများကို ယုံကြည် မှု အားနည်းနေသည်ဟု အစိုးရဘက်မှ တာဝန်ရှိသူ တဦးက ပြောသည်။
အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက “အချက်ပေါင်း ရာချီ အဆိုပြုခဲ့တာတွေမှာ ၂ ဘက် မှတ်ထားတာတွေက မတူတာတွေ ရှိတယ်။ ဒါကို စစချင်း နေ့မှာ ပြန်လုပ်ရတယ်။ တချို့အချက်က ညှိလို့ရတာ ရှိမယ်။ တချို့အချက်တွေမှာ ပြန်ဆွေးနွေးရမယ်။ လူကြီးတွေ ပြန်တင်ပြရမှာ ဖြစ်တယ်။ ဒါက သဘောသဘာဝပါပဲ”ဟု ပြောဆိုသည်။
ယခင် နှစ်ဘက်ညှိနှိုင်းစဉ်က စာချုပ်ပါ အခန်း ၇ ခန်း၊ အချက်ပေါင်း ၁၀၄ ချက် ရှိသည့်အနက် ၅ ချက် ဆွေးနွေးရန် ကျန်ရှိတော့ သည် ဟု နှစ်ဘက်က ထုတ်ပြန်ထားသော်လည်း ယခုအခါ ကျန်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရမည့် လူများ၊ အပစ် အခတ် ရပ်စဲရေးတွင် ပါဝင်ရမည့် အဖွဲ့များ စာရင်း၊ ပူးတွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းရေး စသည့် အချက် ၅ ချက်ပါ အချက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ ကျင်းပနေသည့် UPWC နှင့် NCCT ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာလ ၂၆ ရက် အထိ ဆွေးနွေးနေခြင်း ဖြစ်သည်။