Eleven ဂျာနယ်နှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့ကို တရားစွဲရန် ပြင်ဆင်ရခြင်းမှာ ရွေးချယ်စရာ လမ်းမရှိတော့သောကြောင့်သာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
အဆိုပါဂျာနယ် ၂ စောင်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ ညှိနှိုင်းဖြေရှင်းမှု အစီအစဉ်ဖြင့် ပြေလည်အောင် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ မည်သည့် ပုံစံမျိုးဖြင့် တရားစွဲဆိုမည်ဆိုသည်ကိုမူ အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဦးရဲထွဋ်က “၂ ခုလုံးမှာ စာနယ်ဇင်းကောင်စီရဲ့ တိုင်ကြားမှု ဖြေရှင်းတဲ့လုပ်ငန်းစဉ် ၂ ကြိမ် လုပ်ခဲ့တယ်။ စာနယ်ဇင်းကောင်စီ သတ်မှတ် စံနှုန်းတွေအတိုင်း ဖြေရှင်းရင်း မအောင်မြင်လို့သာ ဒီဥပဒေကြောင်းအရ သွားရမှာ။ ပုံနှိပ်စက်ဆိုရင် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအောင်ကြည်ဆို ဌာနမှာ တင်ဒါစည်းမျဉ်းစည်းကမ်းတွေ ပြင်ဆင်ပေးခဲ့တာ ရှိတယ်။ သူ အနားယူတဲ့အ ခါ ပုံနှိပ်စက်ကြောင့်လားဆိုတာ ဂျာနယ်တချို့က ရေးတာရှိတယ်။ ဒီလိုဟာမျိုးတွေမှာ ဂုဏ်သိက္ခာ ထိခိုက်ရတယ်။ ပါဝင် ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာအတွက်ပါ။ ဒါကို စာနယ်ဇင်း လွတ်လပ်ခွင့်လို့၊ သတင်းမီဒီယာ လွတ်လပ်ခွင့်လို့ ဆက်စပ်ပြောလို့မရဘူး။ ဥပဒေကြောင်းရာ ကိစ္စကိုတော့ အသေးစိတ် ပြောမရပါဘူး။ ကျနော်တို့ ရွေးချယ်စရာ နည်းလမ်း မရှိတော့လို့ အခုလို လုပ်ရမှာ” ဟု ၎င်းက ဆိုသည်။
ပုံနှိပ်စက်ကိစ္စတွင် ဈေးနှုန်းကွာဟမှု ရှိသည့်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် တာဝန်ထမ်းဆောင်နေစဉ် အချိန်ကတည်းက သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ကြောင်း၊ Eleven ဂျာနယ်ဘက်က ဖြေရှင်းရန် အကြောင်းမရှိဟု စာနင်ဇင်းကောင်စီမှတဆင့် ဆိုသဖြင့် ဥပဒေကြောင်းအရ ဆက်လုပ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ဆက်ပြောသည်။
မြန်မာသံတော်ဆင့် ဂျာနယ်တွင် သမ္မတ ဦးသိန်းစိန် “ဗလာင်းဗလဲလုပ်နေသည်” ဟူသော ဖော်ပြချက်နှင့် ပတ်သက်၍လည်း စာနယ်ဇင်းကောင်စီနှင့် ၂ ကြိမ်တိုင် ဆက်သွယ် ဆောင်ရွက်ခဲ့သော်လည်း သမ္မတ၏ ဂုဏ်သိက္ခာအတွက် နစ်နာသူ၏ ထိခိုက်မှု ပြေလည်စေသည့် ပုံစံမျိုးဖြင့် ညှိနှိုင်း၍ မရသောကြောင့် ဖြစ်ကြောင်း သိရသည်။
ပုံနှိပ်စက်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ သတင်းစာ၊ ဂျာနယ်များတွင် အထောက်အထား၊ အချက်အလက်များနှင့် ရေးသားခြင်းဖြစ်ပြီး ၎င်းတို့ကိုလည်း ပြောထားပြီးဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် မိမိတို့ကို တရားမစွဲခင် ၎င်းကိစ္စကို အရင်ဆုံး ဖြေရှင်းဆောင်ရွက်မှသာ တရားမျှတမည်ဖြစ်ကြောင်း Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဧရာဝတီသို့ ပြောသည်။
“ပုံနှိပ်စက်ဆိုတာ နမူနာသဘောလို့ ပြောတာ။ နောက်နောင်လည်း တခြားကိစ္စတွေ အများကြီး ရှိလာနိုင်သေးတယ်။ ကျနော်တို့က ပြည်သူလူထုရဲ့ ချွေးနဲစာနဲ့ ရထားတဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုတွေဟာ ဒီလိုနေရာမျိုးတွေမှာ ရှိနိုင်တယ်ဆိုတာ ထောက်ပြတာ။ အမှန်တရားအတွက် ကျနော်တို့ ရပ်တည်တာ။ ကျနော်တို့ဘက်က အမှန်တရားအတွက် ရင်ဆိုင်ဖို့ အသင့်ပဲ” ဟု ၎င်းက ဆိုသည်။
မြန်မာသံတော်ဆင့် ဂျာနယ်ကလည်း မိမိတို့အနေဖြင့် ပြန်ကြားရေးဌာနဘက်သို့ လိုက်လျောနိုင်သမျှကို လိုက်လျောရန် စာနယ်ဇင်းကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်စဉ်က ဆွေးနွေးခဲ့သော်လည်း ဥပဒေကြောင်းအရသာဟု ဆိုလာသည့်အတွက် ရင်ဆိုင်မည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်၏ ဒုတိယ အယ်ဒီတာချုပ် ဦးအောင်ကျော်မင်းက ဧရာဝတီသို့ ပြောသည်။
မိမိတို့အနေဖြင့် သမ္မတ ဦးသိန်းစိန်ကို ထိခိုက်အောင် မရည်ရွယ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြေလည်စေချင်သည့်အတွက် စာနယ်ဇင်းကောင်စီ၏ ညှိနှိုင်းဖြေရှင်းမှုအဆင့်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ရေးခဲ့တာမှာ ဘာမှ အမှားမရှိခဲ့ပါဘူး။ အမှားမရှိလို့လည်း စာနယ်ဇင်းကောင်စီ ကနေတဆင့် ပြေလည်အောင် လုပ်ခဲ့တာပဲ။ အခုလို တရားစွဲတဲ့အဆင့်ထိ ရောက်လာတာကတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ကောင်စီနဲ့ ဆွေးနွေးတော့ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေ၊ သဘောထားတွေကိုလည်း ပြောပြီးသားပါ။ ရှင်းရှင်းပြောရရင် ကျနော်တို့ဘက်က ဘယ်လိုပုံစံမျိုးနဲ့ တောင်းပန်ဖို့ဆိုတာ ပြောခဲ့တာပါ။ အဲဒါကို သူတို့ဘက်က လက်မခံတာ” ဟု ဦးအောင်ကျော်မင်းက ဆိုသည်။