ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်း ဒီရေတောများ စိုက်ပျိုးခဲ့သည့် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးနှင့် ဒေသ ခံ ၃ ဦးအား ဒေးဒရဲမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် ယမန်နေ့ ညနေ ပိုင်းက ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးရန် ဟောပြောမှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးမှုနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် တကိုယ် တော် ဆန္ဒဖော်ထုတ်မှုတို့ဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်(HRWDN)မှ ဦးထွန်းထွန်းဦးအား ထောင်ဒဏ် ၆ လ၊ ဒေသခံ ဦးချိုလွင်နှင့် ဦးခင်ရွှေတို့အား ထောင်ဒဏ် ၄ လနှင့် ဒေသခံ ဦးမြင့်လွင်အား ထောင်ဒဏ် ၂ လ ပြစ်ဒဏ်များကို ဒေးဒရဲမြို့နယ် တရားသူကြီး ဦးရဲထွဋ်ခေါင်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ဒီအမှုနဲ့ ပတ်သက်လို့ တရားခံတွေဘက်က ဘာပြောချင်သလဲတို့၊ အပြစ်ရှိကြောင်း ဝန်ခံသလားတို့ တရားသူကြီးက မေးမြန်းခြင်း မရှိဘူး။ ဦးထွန်းထွန်းဦး ဟိုတနေ့က တင်ထားတဲ့ အပြီးသတ်လျှေက်လဲချက်ကို တရားသူကြီးက ဖတ်ပြပြီးတော့ ပုဒ်မ ၁၈ တမှုကို ထောင် ၂ လနှုန်းနဲ့ ချမှတ်လိုက်တာ။ ဦးထွန်းထွန်းဦး ကတော့ ဒါလားကွ ဒီမိုကရေစီလို့ အော်ဟစ်ပြီး ရဲတွေခေါ်တဲ့နောက်ကို ပါသွားတယ်”ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သည့် ဒေးဒရဲဒေသခံ ကိုအောင်ကျော်စန်းက ဧရာဝတီကိုပြောသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးနေသဖြင့် ဒီရေတောများစိုက်ပျိုးကြရန် HRWDN အဖွဲ့မှ ဦးထွန်းထွန်းဦးက ဒေးဒရဲမြို့နယ်၌ ယခုနှစ် မတ်လအတွင်းကလိုက်လံ ဟောပြောခဲ့ရာ ဦးထွန်းထွန်းဦးအပါအဝင် ဒေသခံ ဦးချိုလွင်၊ ဦးခင်ရွှေနှင့် ဦးမြင့်လွင်တို့အား နယ်မြေခံ ကျုံဒါး စခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် ပထမအကြိမ် တရားစွဲဆိုခဲ့သည်။
ယခုနှစ် မေလက ဦးထွန်းထွန်းဦးနှင့် ဒေသခံများပူးပေါင်း၍ ဒေးဒရဲမြို့နယ် ကျုံကနပ်စားကျက်မြေအတွင်း၌ ဒီရေတော အပင်ပေါင်း ၉ သောင်းကျော် စိုက်ပျိုးခဲ့ရာ ရဲအုပ်နိုင်မွန်ထွန်းက ဦးထွန်းထွန်းဦးအပါအဝင် ဒေသခံ ဦးချိုလွင်နှင့် ဦးခင်ရွှေတို့အား ပုဒ်မ ၁၈ ဖြင့် ဒုတိယအကြိမ် ထပ်မံ တရားစွဲဆိုခဲ့သည်။ ယင်းအမှုများကို ဒေးဒရဲမြို့နယ်တရားရုံးက အချိန် ၃ လကျော် ကြားနာစစ်ဆေးပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ဒေသမှာ ဒီရေတောတွေစိုက်ဖို့ လိုအပ်နေတဲ့အကြောင်း ဦးထွန်းထွန်းဦးက လိုက်လံဟောပြော ဆွေးနွေးပြီး ဦးဆောင် စိုက်ပျိုး ခဲ့သူပါ။ ကျမတို့ဒေသခံတွေကလည်း ဒီရေတောတွေမရှိတော့လို့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ဖို့ ဒီရေတောတွေ ဝိုင်းစိုက်ကြတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဆီ သွားတင်ပြတော့လည်း ဒီရေတောတွေ သမီးတို့လည်းစိုက်ကြ၊ အဘတို့လည်း စိုက်မယ်လို့ပြောလို့ ကျမတို့ပြည်သူတွေက ဒီရေတောတွေ စိုက်ခဲ့ကြတာ အခုကျတော့ ပုဒ်မ ၁၈ တွေနဲ့ ထောင်ချပစ်တာဟာ လုံး၀ တရားမျှတမှု မရှိပါဘူး”ဟု ဒေးဒရဲမြို့နယ် တော်ကနိ – ညောင်လိန်ကုန်းကျေးရွာမှ ဒေါ်စိုးစိုးက ပြောသည်။
ဒီရေတောစိုက်ပျိုးသဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦးအား ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဖျာပုံထောင်သို့ ယမန်နေ့ညပိုင်းက လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး ပြစ်ဒဏ်များကိုလည်း ဖျာပုံထောင်၌ ကျခံရမည်ဖြစ်သည်ဟု ဆိုသည်။
ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးထားသည့် ဒီရေတောများကို ကျွဲကျောင်း၍ ဖျက်ဆီးသည်ဟုဆိုကာ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦး ကို ဒေးဒရဲမြို့နယ် သစ်တောဌာနက ပုဒ်မ ၆/၁ (ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု) ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒေးဒရဲမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၈ သည် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ဖြစ်ပြီး ယင်းဥပဒေကို သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
ပုဒ်မ ၁၈ ဥပဒေ ပြဌာန်းခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ ယင်းဥပဒေဖြင့် အပြစ်ဒဏ်ပေးခံရသူ ၂၉ ဦး ရှိပြီး ၁၅ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ဖော်ပြောဆိုထားသည်။
ဒေးဒရဲမြို့နယ်ရှိ ကျုံဒါး၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန် စသည့် ကျေးရွာ အုပ်စုများသည် ဒေးဒရဲမြို့ တောင်ဘက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၄၆ ရွာ ပါဝင်၍ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြသည့် ပင်လယ်ကမ်းခြေ ဒေသဖြစ်သည်။
လက်ရှိတွင် ပင်လယ်ရေ တိုက်စားမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်နေသည့် ဒေသတခု ဖြစ်သည်။