ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မြို့မဈေးကြီးတွင် စက်တင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂နာရီ ခွဲအချိန်က ရွှေဆိုင်တဆိုင် အနုကြမ်းစီး လုယက်ခံရကြောင်း လားရှိုးမြို့မရဲစခန်းနှင့် လားရှိုးရွှေကုန်သည်များအသင်းထံမှ စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မျက်နှာဖုံးအုပ်ထားသော လူတယောက်သည် သေနတ်တလက်ဖြင့်
လားရှိုးမြို့မဈေးရှိ “ဝေဟင်” ရွှေဆိုင်ထဲသို့ ဝင်ရောက်လာပြီး ရွှေထည်များ လုယက်သွားကြောင်း၊ အလုယက်ခံရသော ရွှေထည် ပစ္စည်းများ၏တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ခန့် ရှိကြောင်း လားရှိုးရွှေကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးညီထွေးက ဧရာဝတီသို့ ပြောသည်။
လားရှိုးမြို့မဈေးတွင် နေ့လယ် အချိန် ရွှေဆိုင်ကို အနုကြမ်းစီးသည့် အတွက် ရွှေဆိုင်များနှင့် ကုန်သည်များ ကြောက်လန့် ကြောင်း၊ လားရှိုးမြို့တွင် လူမျိုးပေါင်းစုံ နေထိုင်သည့်အတွက် လုံခြုံမှုမရှိသည့်အတွက် ဒေသခံများ စိုးရိမ် နေကြပြီး လက်ရှိ အနုကြမ်းစီးသည့်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
လားရှိုးရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းသောအခါ “တရားခံကို အမြန်ဆုံး ဖမ်းဆီးမိရေး စုံစမ်းနေတယ်” ဟု တာဝန်ကျရဲအရာရှိက ပြောဆိုသည်။
“လွန်ခဲ့တဲ့ ၇နှစ်တုန်းက လက်ကီးရွှေဆိုင် ကို ဓါးပြတခါတိုက်ဖူးတယ်။ တရားခံ တွေဖမ်းမိတယ်။ လားရှိုးမှာတော့လုံခြုံရေး အမြဲတမ်း လိုအပ်နေပါတယ်။ ဒီလိုဖြစ်တာ မြို့ရဲ့ သိက္ခာကိုကျစေပါတယ်။ ပြီးတော့ အစဉ်အလာအတွက်လည်း မကောင်း ဘူး” ဟု လားရှိုးမြို့ ရွှေကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးညီထွေးက ဆိုသည်။
၂၀၁၃ ခုနစ်၊ ဧပြီ ၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ် ထပ်ရှိ ရွှင်လင်းရောင် ရွှေဆိုင်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တရားခံကို ဖော်ထုတ် ဖမ်းဆီး နိုင်ခြင်း မရှိ သေးပေ။