Culture

ဓမ္မစေတီ ခေါင်းလောင်း ရှိ၊ မရှိ သမိုင်း အထောက် အထားများ မတွေ့ဟု ယဉ်ကျေးမှုဝန်ကြီး ပြော

This article has been converted from Zawgyi One to Unicode

ဓမ္မစေတီ ခေါင်းလောင်း ရှိ၊ မရှိသည် သမိုင်း အထောက်အထားများတွင်လည်း မတွေ့ရသကဲ့သို့ အခြား အထောက်အထားများ အရ လေ့လာ ဆန်းစစ်ကြည့်ပါကလည်း မဖြစ်နိုင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြား သည်။

ယနေ့ အမျိုးသားပြတိုက်တွင် ကျင်းပသည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး ကျင်းပခြင်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနှင့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုတွင် ပါဝင်ခြင်း ရှိ၊ မရှိ မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးအေးမြင့်ကြူက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ဓမ္မစေတီခေါင်းလောင်းနဲ့ ပတ်သက်လို့ ကျနော်တို့ ရရှိတဲ့ စာအုပ်တွေအရ ဆိုရင် ဒီအထောက်အထားက ပေါ်တူဂီက သယ်သွားတယ် ဆိုတာ မွန်-ရာဇာဓိရာဇ်ထဲမှာတော့ ကျနော်မလေ့လာခဲ့ရ ပါဘူး။ ရှိမရှိဆိုတာ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကြည့် တဲ့ မှတ်တမ်းတွေအရတော့ ဘယ်မှာမှ မရှိပါဘူး”ဟု ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက ဆိုသည်။

၎င်းက ဆက်လက်၍“နောက်တခုကတော့ သတင်းမှာ ဖော်ပြတဲ့ ခေါင်းလောင်းရဲ့ အလေးချိန်နဲ့ အဲဒီခေတ်က သဘောၤတွေရဲ့ ခံနိုင် ရည်ကို လေ့လာကြည့်တဲ့အခါမှာ ပေါ်တူဂီ သဘောၤတွေဟာ ပဲခူးမြစ်ကို ဖြတ်သန်းသွားလာနိုင်တယ် ဆိုထားတဲ့အတွက် ပဲခူး မြစ် ရဲ့ အနက်၊ အကွေ့တွေကို လေ့လာကြည့်မယ်ဆိုရင် သဘောၤတွေရဲ့ အလျားဟာ ပေ ၆၀၊ ပေ ၈၀ ထက် မကျော်နိုင်ပါဘူး။ အဲဒီ ခေတ် က သဘောၤတွေရဲ့ ဒီဇိုင်းနဲ့ ပုံစံကို ကြည့်မယ်ဆိုရင်လည်း ခေါင်းလောင်းအလေးချိန်ကို ဘယ်လိုတင်၊ ဘယ်လိုချမလဲဆိုတဲ့ မေးခွန်းတွေ မေးနိုင်ပါတယ်။ သူများလုပ်ထားတဲ့ ကိစ္စတွေကိုတော့ မဖြစ်နိုင်ပါဘူးလို့တော့ မပြောလိုပါဘူး”ဟုလည်း ပြောကြား သည်။

ယခုရှာဖွေခဲ့သည့် ဦးစံလင်း ဦးဆောင်သော ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှုကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြခဲ့သော်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး၏ သဘောအတိုင်းသာ လုပ်ဆောင်သွားရန် ညွှန်ကြားခဲ့ကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ထည့်သွင်း ဖြေကြားသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးနှင့် ပတ်သက်၍ အခြားအဖွဲ့များ နောက်ထပ် တင်ပြခဲ့လျှင်လည်း ဓမ္မစေတီ ခေါင်းလောင်း ဘယ်နေရာမှာ တကယ်မြုပ်သွားခဲ့သည် ဆိုသော တိကျသည့် သမိုင်းအထောက်အထားများကို တိတိကျကျ သိရှိနိုင်ရန် လိုအပ်ကြောင်းလည်း ပြောသည်။

“သာမန်အားဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြည့်မယ်ဆိုရင် အိမ်မက်အရ၊ စောင့်ရှောက်မှုအရ ရှိတယ်ဆိုတာကိုတော့ ငြင်းဆို စရာ တော့ မရှိပါဘူး။ သို့သော်လည်း တကယ်လက်တွေ့ နယ်ပယ်မှာတော့ အထောက်အထားတခုတော့ လိုမယ်လို့ ထင်ပါတယ်။ တခုက ဘဏ္ဍာငွေကြေးနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ တာဝန်ယူပါသလဲ။ နောက်တခုကတော့ အချိန်ကာလ သတ်မှတ်ချက် ဘယ်လောက်အတွင်းမှာ ဆောင်ရွက်မှာလဲ။ နောက်တခုက ဒီကိစ္စဆောင်ရွက်နေစဉ်မှာ မလွှဲမရှောင်သာ ဖြစ်ပေါ်လာမယ့် ပတ် ဝန်း ကျင် ထိခိုက်မှုတွေကို ဘယ်လိုပြန်လည် ဖြေရှင်းပေးမလဲ ဆိုတာမျိုးတွေကို ကုမ္ပဏီကို မေးသင့်ပါတယ်”ဟု ဦးအေးမြင့်ကြူက ဆိုသည်။

ထို့အပြင် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနှင့် ဓမ္မာစေတီ ခေါင်းလောင်း ရှိခြင်း၊ မရှိခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သုတေသန လုပ်ဆောင်သွားရန် အစီအစဉ် မရှိသေးကြောင်းလည်း ဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသွားသည်။

ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကလည်း ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြလာသည့် မည်သူ့ကို မဆို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

စက်တင်ဘာ ၂၃ ရက်က ကျင်းပသော ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးပြီးဆုံးချိန် ပြင်ပတွင် မီဒီယာများ၏ မေးမြန်းမှု ကို ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှုကို ဦးစံလင်း ဦးဆောင်သည့် အဖွဲ့က သြဂုတ် ၈ ရက်က စတင်၍ ရန်ကုန်မြစ်၊ ပဲခူးမြစ် နှင့် ပုဇွန် တောင် ချောင်း ၃ ခွဆုံတွင် ရှာဖွေကြခြင်း ဖြစ်သည်။

ရှာဖွေမှု မတိုင်ခင် သြဂုတ် ၂၆ ရက် အပြီးဆယ်ယူမည်ဟု ပြောဆိုထားသော်လည်း ယနေ့အထိ မတွေ့ရှိသေးပေ။

မေခ ပူးပေါင်း ရေးသားသည်။

Loading