ရန်ကုန်တိုင်းဒေသကြီး အတွင်း မင်းမဲ့စရိုက်ဆန်သော မှုခင်းများ ပိုမိုများပြားလာသည့်အပေါ် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုင် ရာများနှင့် ပတ်သက်ပြီး လွှတ်တော်အမတ်များက ထောက်ပြ ဝေဖန်မှုများ ပြုလုပ်ကြောင်း သိရသည်။
မင်းမဲ့စရိုက်ဆန်သည့် မှုခင်းဖြစ်စဉ်များကြောင့် တရားဥပဒေစိုမိုးရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် ရန်ကုန် တိုင်း အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်း အဝေး၌ တင်သွင်းခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် လွှတ်တော်က လက်ခံဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးပြီး တိုင်းအစိုးရက လက်ခံ သဘောတူညီခဲ့သော်လည်း မည်သို့ကာကွယ်မည်ကို အစိုးရက တိကျသည့်အဖြေတခုဖြင့် ပြောကြားနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းအဆိုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်ပွားနေသော လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ လက်နက်ကိုင်ရမ်းကားမှုများ ဖြစ်ပေါ်နေသည့်အတွက်
ထိုသို့တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မင်းမဲ့စရိုက်ဆန်သည့် မှုခင်းဖြစ်စဉ်များကြောင့် တရားဥပဒေစိုမိုးရေးကို ပိုမိုထိရောက်စွာလုပ်ဆောင် နိုင်သွားရန်အတွက် နေ့စဉ် မူခင်း ၁၅၀ ကျော်ကို ကြိုတင်ကာကွယ်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသော်လည်း ထုတ်ပြန်ထားသည့် မူခင်းဖြစ်ပွားမှုနှုန်းအရ မူခင်းများမှာ တိုးတက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“လုံခြုံရေးပိုင်းက တိုးမြှင့်လုပ်ဆောင်နေတာတွေက ရှိပြီးသားပါ။ ဒါတွေကို သေချာပြောလို့တော့ မရဘူး။ ဒါပေမယ့် အခု ပွင့်လင်း ရာသီမှာတော့ လုံခြုံရေးအန္တရာယ်အတွက် ထိထိရောက်ရောက် လုပ်ပေးထားမှာပါ။ ရန်ကုန်က လူဦးရေများတော့ မူခင်းကလည်းများလာမှာပဲ။ များလာတဲ့မူခင်းတွေကိုအချိန်မီ ဖော်ထုတ်နိုင်ဖို့အတွက်လည်း လုပ်တယ်။ ၈၀ ရာခိုင်နှုန်းနီးပါး ဖော်ထုတ်နိုင်တယ်။ အရေးယူနိုင်အောင်လည်း လုပ်ဆောင်နေပါတယ်”ဟု ဗိုလ်မှူးကြီး တင်ဝင်း က ပြောသည်။
လတ်တလောကာလများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သာကေတမြို့နယ်တွင် ဖြစ်ပွားမှု၊ လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားမှု
စသည့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုများကိုလည်း ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆို တင်သွင်းသူ ဒေါ်စန်းစန်းဝင်းက‘‘တရားဥပဒေမဲ့ လုပ်ဆောင်တယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိကပိုင်၊ ဌာနပိုင်၊ အများပိုင် စတဲ့ မြေ တွေမှာ အုပ်စုဖွဲ့ ကျူးကျော် ဝင်ရောက်မှုတွေ တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်တာတွေအပေါ်မှာ အပြစ် ရှိသူကို ရှိသကဲ့သို့ အရေးယူပြီး မှန်ကန်သူများအတွက်လည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လုပ်ပေးသင့်ပါတယ်’’ဟု ပြောသည်။
ယင်းအဆိုကို လွှတ်တော်တွင် အမတ် ၇ ဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ကြည့်မြင်တိုင် မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာကလည်း“ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတွေကို ဓားနဲ့ထိုးတာ၊ လုံးထွေး သတ်ပုတ်တာတွေ ရှိတယ်။ ဒါက ဥပဒေ လျော့လျဲတာကို ပြပါတယ်။ ဆောင်ရွက်နေတာမှာ တာဝန်ခွဲဝေယူလုပ်ရတာမှာ အင်အားအခြေအနေက မျှတမှုမရှိဘူး။ ဒီဟာကို ဘယ်လို အဖြေရှာမလဲ ဆိုတာကို တိကျစွာ လုပ်ဆောင်စေချင်တယ်။ ပြည်ထောင်စုအစိုးရကို တင်ပြပေးသင့်တယ်”ဟု ပြောသည်။
ထို့အပြင် လူငယ်များ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုများကို တားဆီးနိုင်ရန်၊ လမ်းမှားသို့ မရောက်စေရန် ကျောင်းများ၊ ရပ်ကွက် များတွင် ပညာပေးလုပ်ငန်းများ လုပ်သင့်ကြောင်းလည်း ၎င်းကတင်ပြခဲ့သည်ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူကို ကာကွယ်ရန် တိကျစွာ ဖော်ပြပါရှိသော်လည်း ဥပဒေကို လက်တလုံးခြား လုပ်ဆောင်မှု များ ရှိကြောင်း၊ ငွေကြေးနှင့် အာဏာကို သုံး၍ လုပ်ဆောင်မှုများ ရှိကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၉ ခုနှစ်တွင် ၇၅ မှု၊ ၂၀၁၀ တွင် ၁၀၀ ၊ ၂၀၁၁ တွင် ၁၅၅ မှု၊ ၂၀၁၂ တွင် ၁၆၄ မှု၊ ၂၀၁၃ တွင် ၁၃၀၊ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း လူသတ်မှု ၁၃၂ မှု၊ မုဒိန်းမှု ၉၃ မှု၊ ယာဉ်တိုက်မှု ၂၀၂၇ မှုတွင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၂၀၀၀ ကျော်ဒဏ်ရာရကြောင်း၊ ယခင်နှစ်များထက် ပိုမိုတိုးလာနေကြောင်း သို့အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အထူးကြပ်မတ်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်လှိုင်က ပြောပြသည်။
ဗိုလ်မှူးကြီး တင်ဝင်းက“တာဝန်ဝတ္တရား ပေါ့လျော့တာ၊ အဂတိ လိုက်စားတာတွေကို ရဲကျင့်ဝတ် စည်းမျဉ်းနဲ့ အရေးယူတာ အများကြီးပါပဲ။ တခုက ရဲဝန်ထမ်းတွေ ထပ်တိုးဖို့အတွက်လည်း လုပ်နေတယ်။ ဒါပေမယ့် ဒါက ဝင်ချင်သူရှိမှ။ ဝင်ဖို့လည်း နှိုးဆော်ထားပါတယ်။ လစဉ် စစ်ဆေးတာတွေ ရှိနေတယ်။ နောက် ရဲအင်အားများလာဖို့လုပ်နေတယ်။ လုံခြုံရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုပါ ဖြည့်တင်း လုပ်ဆောင်ထားပါတယ်”ဟု ပြောသည်။
မင်းမဲ့စရိုက်ဆန်သည့် မှုခင်းဖြစ်စဉ်များကြောင့် တရားဥပဒေ စိုမိုးရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်သွားရန် အဆို မှာအောင်မြင် ခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရ အနေဖြင့် တိကျသည့် လုပ်ဆောင်မှုကို ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုကြောင်း၊ လွှတ် တော် တွင်း အောင်မြင်ခဲ့သည့် အဆိုများကိုလည်း အကောင်အထည်ဖော်ရာတွင် အားနည်းနေသေးကြောင်း ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တရားဥပဒေစိုးမိုးရေးကို တိတိကျကျလုပ်ဆောင်ရန်သည် အစိုးရကိုယ်တိုင် လိုက်နာရမည့် ဥပဒေများကို လျစ်လျူရှု ထားမှုရှိနေကြောင်းလည်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ရဲဝန်ထမ်းတဦးလျှင် လူ ၁၅၀၀ ခန့်ကို ကိုင်တွယ်ထိန်းသိမ်းနေရကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ နှုန်းမှာ ရာဇဝတ်မှုကို နိုင်နင်းစွာမထိန်းနိုင်သည့် အခြေအနေကို ညွှန်ပြနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက
သုံးသပ် တင်ပြထားသည်ဟု သိရသည်။
လတ်တလောတွင် လှိုင်သာယာ လူသတ်မှု၊ ရန်ကင်း လူသတ်မှု၊ သာကေတ ရန်ပွဲများက ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေ ခဲ့ပြီး ထိုဖြစ်ပွားမှုများသည် လုံခြုံရေး ကျဆင်းမှုကြောင့်ဖြစ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
“သာကေတမှာဖြစ်တာ တုတ်တွေဓားတွေ ပါတယ်။ တကယ်ကျတော့ အမှုတင်တော့ ဓားက ၆လက်မ မပြည့်ဘူး။ အဲဒီ လူမိုက်တွေသောင်းကျန်း နေတာကြာပြီ။ သူတို့ကို ရဲက ပစားပေးထားတာ။ ဘယ်သူမှ မလုပ်ရဲဘူး။ ကျနော်တို့က ဒီမှာ လူမိုက်ဂိုဏ်းကလူပဲ ကြောက်နေရတာ”ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ကိုဇော်ထက်က ပြောသည်။