အစိုးရက ထုတ်ပေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေများအား စက်တင်ဘာ လကုန် အထိ ပေးဆပ်ခြင်း မရှိသည့် လယ်သမားများကို တရားစွဲဆိုသွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ပြောသည်။
ထိုချေးငွေများသည် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် စိုက်ပျိုးရာသီတွင် ထုတ်ချေးထားသည့် ချေးငွေများ ဖြစ်ပြီး ကျပ် ၁၂ ဘီလီယံ ကျော် လယ်သမားများဘက်မှ ပြန်လည် ပေးဆပ်ရန် ပျက်ကွက်နေသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် ချေးငွေအကြွေးကျန်သည့် လယ်သမားစာရင်း ပြုစုနေပြီး စက်တင်ဘာ လကုန်သည်နှင့် တရား စွဲမည့် လယ်သမား စာရင်း ထုတ်ပြန်၍ အောက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေ ပုဒ်မ ၄၅ အရ တရားစွဲဆို သွားမည်ဟု တိုင်း လယ်ယာဖွံ့ဖြိုးရေး ဘဏ် မန်နေဂျာ ဦးခင်မောင်လွင် က ဧရာဝတီကို ပြောသည်။
“စက်တင်ဘာ လကုန်တာနဲ့ တရားစွဲမယ့် လယ်သမားစာရင်း ထုတ်ပြန်မှာပါ။ တကယ်ကတော့ ဘဏ်ကြွေးဆပ်ရမယ့်အချိန် ၃ လ ကျော်တာနဲ့ တရားစွဲရမှာပါ။ ဒါပေမယ့် ကျနော်တို့ တရားမစွဲသေးဘဲ လယ်သမားတွေ လာဆပ်နိုင်အောင် စက်တင်ဘာလကုန် အထိ စောင့်ဆိုင်းပေးထားတာပါ။ စိုက်ဘဏ် မြို့နယ်တာဝန်ခံတွေက နိုင်ငံတော်ကိုယ်စား တရားလိုဖြစ်မှာပေါ့။ အကြွေးမဆပ်တဲ့ လယ်သမားကတော့ တရားခံ ပေါ့”ဟု သူက ပြောဆိုသည်။
စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့်ဖြစ်ရပ်များမှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မအူပင်နှင့် လပွတ္တာမြို့နယ် ၂ ခုသာ ချေးငွေအကြေဆပ်ရန် ကျန်ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင် ဧရာဝတီ တိုင်း မြို့နယ် ၂၆ မြို့နယ်အနက် တိုင်းအစိုးရ ရုံး စိုက်သည့် ပုသိမ်မြို့ အပါအဝင် မြို့နယ် ၁၈ မြို့နယ် ချေးငွေအကြေ ဆပ်ရန် ပျက်ကွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကြွေးကျန်ပမာဏမှာ ၂၀၁၂ ခုနှစ် မိုးစပါးချေးငွေ ကျပ် ၁၁၅ သိန်းနှင့် ဆောင်းစပါးအတွက် ၆၇ သိန်းပေးဆပ်ရန် ကျန်ရှိနေပြီး ၂၀၁၃ ခုနှစ် မိုးစပါးချေးငွေ ကျပ် ၅ ဒသမ ၆ ဘီလီယံနှင့် ဆောင်းစပါးချေးငွေ ကျပ် ၆ ဒသမ ၅ ဘီလီယံကျော် လယ်သမားများဘက်မှ ပေးဆပ်ရန် ကျန်ရှိနေကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
ယင်းချေးငွေများကို နိုင်ငံတော်ဗဟိုဘဏ်မှ အစိုးရပိုင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကချေးယူ၍ လယ်သမားများထံ ၁ ဧက ကျပ် ၁ သိန်း နှုန်းဖြင့် စိုက်ပျိုးစရိတ် ထုတ်ပေးနေခြင်းဖြစ်ပြီး ချေးငွေပေးဆပ်ရန် ပျက်ကွက်သူများလာပါက ချေးငွေလမ်းကြောင်း ပိတ် ဆို့ သွားနိုင်ကြောင်း တိုင်း လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်လွင်က ရှင်းပြသည်။
“အကြွေးမဆပ်တဲ့ လယ်သမားတွေ များလာရင် ချေးငွေလမ်းကြောင်းကြီး ပိတ်ဆို့သွားနိုင်ပါတယ်။ ကျနော်တို့ က ဗဟိုဘဏ်ကနေ ချေးရတာပါ။ အောက်တိုဘာ လဆန်းပိုင်းဆိုရင် ဆောင်းစပါးအတွက် ချေးငွေထုတ်ပေးရမယ့် အချိန် ရောက်လာပြီ။ အဲဒီတော့ ဗဟို ဘဏ်က ခင်ဗျားရှေ့ကြွေးတောင် မကြေသေးဘဲ နောက်ကြွေး လာယူတာလား ဆိုပြီး ဒီလို ပြောတာတွေ ရှိတယ်”ဟု သူက ပြော ဆိုသည်။
ထို့အပြင် စိုက်ပျိုးစရိတ်ချေးငွေ လိမ်လည်ထုတ်ယူမှုများလည်း ရှိနေပြီး ယင်းလယ်သမားများအား ရာဇဝတ်မှု ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် တရား စွဲဆိုသွားမည်ဟု တိုင်းစိုက်ပျိုးရေးဘဏ်က ထုတ်ပြန် ထားသည်။
“၁ ဧကပဲလယ်ရှိတာကို ၁၀ ဧကဆိုပြီး လိမ်လည် ထုတ်တဲ့ လယ်သမားတွေကိုတော့ ရာဇဝတ်ကြောင်းအရ တရားစွဲသွားမှာပါ။ ပုဒ်မ ၄၂၀ နဲ့စွဲမှာပေါ့။ အဲဒါလည်း မြို့နယ် စိုက်ဘဏ်တာဝန်ခံ တွေကပဲ တရားလိုပြုလုပ်မှာပါ”ဟု ဦးခင်မောင်လွင်က ပြောသည်။
အစိုးရဘဏ်ချေးငွေ ပြန်မဆပ်သူအများစုမှာ လယ်ဧကစာရင်းပိုတင်ပြပြီး လိမ်လည်ထုတ်ယူသူများ၊ လယ် မရှိဘဲ ဘဏ်စာအုပ် ပြုလုပ်၍ လိမ်လည်သူများဖြစ်ကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်ကလည်း ပြော ဆို သည်။
“တချို့က လယ် ၁ ဧကပဲရှိတာကို ၅ ဧကဆိုပြီး စာရင်းပိုတင်ပြီး ချေးငွေထုတ်တယ်။ ပြန်ဆပ်ရမယ့်အချိန်ကျ မဆပ်နိုင်တော့ဘူး။ တချို့နေရာကျတော့လည်း အုပ်ချုပ်ရေးမှူးနဲ့ သူ့ဆွေမျိုးအသိုင်းအဝိုင်းက လယ်မရှိဘဲ ဘဏ်စာအုပ်တွေလုပ်ပြီး ငွေထုတ်စားတယ်။ ပြန်ဆပ်ချိန်ကျ မဆပ်နိုင်တော့ဘူး။ တကယ်တမ်း လယ်စိုက်သူ လယ်သမားအများစုက အစိုးရဘဏ်ချေးငွေ မဆပ်ရင် နောင်နှစ် မထုတ်ရမှာစိုးတော့ မဖြစ်မနေ ပြန်ဆပ်ကြ ပါတယ်”ဟုလည်း သူက ပြောသည်။
ဘဏ်ချေးငွေလိမ်ထုတ်သူအား တရားစွဲမည်ဆိုပါက ချေးငွေလိမ်ထုတ်နိုင်ရန် ကူညီပေးခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြေ စာရင်းဌာန တာဝန်ရှိသူများကိုပါ ထည့်သွင်းတရားစွဲသင့်ကြောင်း ငပုတော လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောဆိုသည်။
လက်ရှိတွင် မိုးစပါးစိုက်ပျိုးရန်အတွက် တိုင်း လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ဧရာဝတီတိုင်းအတွင်းရှိ လယ်ဧက ၂၃ သိန်းကျော် အတွက် စိုက်ပျိုးစရိတ် ကျပ် ၂၃၄ ဘီလီယံ ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။