၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဘီဘီစီအသံလွှင့်ဌာနမှ ခရစ္စတိုဖာ ဂန်းနက်၊ ပီတာနေ တာရှစ်၊ ဦးအောင်မြင့်ထွန်းတို့အမည်ခံ၍ ထုတ်လွှင့်ခဲ့သော သတင်းအများစုမှာ စာရေးသူ ပေးပို့ခဲ့သော သတင်းများဖြစ်ခဲ့ပါသည်။ စာရေးသူ၏ မိတ်ဆွေ အပေါင်းအသင်းများ၊ သပိတ်ခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးရှိ သပိတ်စခန်းပြည်သူများမှ စာရေးသူထံ စေတနာအလျောက် တက်တက်ကြွကြွပေးပို့ခဲ့သော သတင်းများကို စုစည်းတည်းဖြတ်ရရှိခဲ့သဖြင့်သာ ယခုကဲ့သို့ သတင်းပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ၂၆ နှစ်ကြာ သတင်းပိတ်ဆို့မှုခံစားခဲ့ရသော မြန်မာပြည်သူများအတွက် မိမိတို့ပြည်တွင်း သတင်းမှန်ကို မမျှော်လင့်ဘဲ နားဆင်ခွင့် ရခဲ့သည့်အခါ လွတ်လပ်မှုတည်းဟူသော ဒီမိုကရေစီ ချင်ခြင်း တပ်မက်မှုကို တိုး၍တိုး၍ ဖြစ်စေခဲ့သည်ဟု စာရေးသူ ထင်မြင်ပါသည်။
စာရေးသူ ပေးပို့ခဲ့သော လွတ်လပ်သည့် အမြင်ပါရှိသည့် သတင်းတပုဒ်ချင်းသည် ၁၉၇၄ – ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆောက်ထားသော မဆလ တပါတီ နိုင်ငံတော်နှင့် ပါတီဌာန ချုပ်အား တစစီပြိုလဲသွားစေရန် ပြည်သူများကိုယ်စားသတင်း အမြောက်ကျည် တတောင့်ချင်း ပစ်ခတ်၍ ဖြိုလှဲခဲ့သည်နှင့်မခြား ဖြစ်စေခဲ့သည်ကို သတင်းနှင့် နည်းပညာ နားလည်သူများကတော့ နားလည်လက်ခံနိုင် လောက်သည်ဟု ယူဆပါသည်။
ယခုတင်ပြမည့်အကြောင်းအရာမှာ စာရေးသူ အား ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်း စစ်ထောက်လှမ်း ရေးများ လာရောက်ဖမ်းဆီးစဉ်တွင် စာရေးသူထံမှ ၎င်းတို့ သိမ်းဆည်းရမိသွားသည့် လက်ခံ သတင်းတစ်ပုဒ် အကြောင်း ဖြစ်ပါသည်။ စာရေးသူသည် ဘီဘီစီသို့ပေးပို့သော သတင်းများနှင့် ပတ်သက်၍ ကိုယ်ဖြစ်ကိုယ်ခံ သဘောထား၍ မိမိအား သတင်းပေးသူ အမည်နှင့် ပေးပို့သော သတင်းမှန်သမျှ ဘီဘီစီတွင် အသံလွှင့် ကြေညာပြီး နာရီပိုင်းအတွင်း ဖျက်ဆီးပစ်လေ့ ရှိပါသည်။ မိမိအား သတင်းပေးပို့သူများနှင့် သတင်းလုံခြုံရေး အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်၌ စာရေးသူ အဖမ်းခံရသော အမှု တွင် သိမ်းဆည်းရရှိသော အထောက်အထားအရ သက်ဆိုင်ရာ အရပ်ဘက်တရားရုံးသို့ နဝတ အစိုးရမှ အမှုတင်မရသဖြင့် စာရေးသူတယောက်တည်းအား အကျဉ်းနည်း စစ်ခုံရုံးက ပြန်လှန်စစ်မေးခွင့်မရှိ၊ သက်သေ ပြခွင့် မရှိဘဲ တဖက်သတ် ထောင်ချမှုပြုခဲ့ပါ သည်။
လွန်ခဲ့သော ၂၆ နှစ်က ဘီဘီစီသို့ မပို့ဖြစ်ဘဲ ထောက်လှမ်းရေး သိမ်းဆည်းသွားသည့် သတင်း တပုဒ်အား ယခုအချိန်တွင် မြန်မာပြည်သူများအား လည်းကောင်း၊ ကမ္ဘာအားလည်းကောင်း၊ ထုတ်ဖော် ရှင်းပြသင့် မသင့် အချိန်ယူစဉ်းစားခဲ့ပါသည်။ ယင်း သတင်းအား ထုတ်ဖော်လိုက်ခြင်းကြောင့် ထိခိုက်နစ်နာနိုင်သူများ၊ အကျိုး ခံစား ရနိုင်သူများ မည်မျှရှိ နိုင်မည်ကိုလည်း ချင့်ချိန်ကြည့်ပါသည်။ မြန်မာနှင့် ကမ္ဘာ့လူ အဖွဲ့အစည်းအတွက် ယခုဖော်ပြမည့် သတင်းသည် တစုံတစ်ခုသောအကျိုးတရားနှင့် သင်ခန်းစာကို ပေးနိုင်ပါသလားဟူသော အချက်များကို ခြုံငုံသုံး သပ်ဆင်ခြင်ပြီးမှ အဆိုပါသတင်းကို ထုတ်ဖော်တင်ပြရန် ဆုံးဖြတ်ခဲ့ပါသည်။
စာရေးသူ ယခုတင်ပြမည့် သတင်းအကြောင်း မဖော်ထုတ်မီ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း စာရေးသူနှင့် ပြည်သူအများသိရှိရန် မဆလပါတီနှင့် အစိုးရအဖွဲ့ ထိပ်ပိုင်းအတွင်း သတင်းများ ကို စာရေးသူတို့ ပြည်သူများထံပေးပို့နေသော ပြည် သူ့အထောက်တော်တဦး အကြောင်းကိုလည်းကောင်း၊ အဆိုပါပုဂ္ဂိုလ်နှင့် စာရေးသူပတ်သက်ဆက် နွှယ်ခဲ့ရသော အကြောင်းတရား အချို့ကို စာဖတ်သူ များ ကြိုတင်သိရှိထားမှသာ ယခုဖော်ပြမည့်သတင်း၏ ခိုင်မာမှုတန်ဖိုးနှင့် ဆက်စပ်သော အကြောင်းတရားများကို ချင့်ချိန်နိုင်မည်ဖြစ်ပါ သည်။
စာရေးသူသည် မဆလခေတ်အခါက ဗဟို တရားရုံးရှေ့နေတဦးဖြစ်ခဲ့ပါသည်။ ၁၉၈၈ မတ်လအတွင်း ဖြစ်ပွားခဲ့ သော ဖုန်းမော်အရေးအခင်းနှင့် ရန်ကုန်မြို့တွင်း ဥပဒေနှင့်မညီသော လူဖမ်းပွဲများကို အကြောင်းပြု၍ ဗဟိုတရားရုံးတွင် မဆလအစိုးရနှင့် ရဲချုပ်၊ အင်းစိန်ထောင်ပိုင်၊ သာယာဝတီထောင်ပိုင်တို့ကို စာရေးသူက အထောက်အထားခိုင်လုံစွာ တင်ပြ တရားစွဲခဲ့ဖူးပါသည်။ စာရေးသူ၏ အမှုတွဲအား ဗဟိုတရားရုံးဥက္ကဋ္ဌ ဦးတင် အောင်ဟိန်းက လက်ခံစစ်ဆေးခွင့်မပြုဘဲ စာရေးသူထံ လုပ်ထုံးလုပ် နည်းနှင့် ဆန့်ကျင်ပြီးအမှုတွဲများ ပြန်ပေး ခဲ့ပါသည်။ စာရေးသူက အမှုတွဲ အထောက်အထားများနှင့် အမှုဖြစ်စဉ်များကို ဖော်ပြ၍ ဗဟိုတရားရုံးဥက္ကဋ္ဌက အမှုမစစ်ဘဲ ခေါင်းရှောင်ဖုံးဖိထားသဖြင့် အရေးယူ ပေးပါရန် မဆလဥက္ကဋ္ဌဦးနေဝင်းထံ ၁၉၈၈ ဇူလိုင်လ ၄ ရက်နေ့က ထပ်မံ တိုင်ကြားခဲ့ပါသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ဦးနေဝင်းက သမ္မတ ဦးစန်းယု၊ ဒေါက်တာမောင်မောင်၊ ဦးမြင့်မောင်၊ ဦးတင်အောင် ဟိန်းတို့အား စာရေးသူ၏ စာပါကိစ္စ များကို ခေါ်ယူမေးမြန်းပြီးနောက် ၁၉၈၈ ခုနှစ် ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၈ ရက်နေ့များတွင် ဦးနေ ဝင်းက ဖမ်းဆီးထားသော ကျောင်းသားနှင့် ပြည်သူ များအား ပြန်လွှတ်ပေးခဲ့ပြီး တာဝန် ရှိသူ ပုဂ္ဂိုလ်အချို့ အား အလုပ်တာဝန်မှ ရပ်စဲစေခဲ့ပါသည်။ စာရေးသူက ဦးနေဝင်းထံ လိပ်မူတင်ပြသောစာ တွင်ဗဟိုတရား သူကြီးဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း တာဝန်မကျေပွန်မှုနှင့် တရားရုံးများ၏ တရားလက်မဲ့လုပ် ဆောင်မှုများတွင် ၎င်းလည်းတာဝန်မကျေ၊ မကင်းကြောင်း ရေးသားဖော်ပြ ပါရှိပါသည်။ ထိုစာများကို စာရေးသူ က ဦးနေဝင်းထံသို့သာမက ဗဟိုတရားရုံး ရှေ့နေ များကောင်စီ၊ ရန်ကုန်ရှေ့နေအသင်း၊ အင်းစိန်ရှေ့နေ အသင်းနှင့် ဦးတင်အောင်ဟိန်း၊ ဦးမြင့်မောင်တို့ ထံသို့ပါ မိတ္တူဖြန့်ဝေထားခဲ့ရာ ဦးတင်အောင်ဟိန်းသည် ထိုစာပါကိစ္စ လူအများ သိရှိသွားသည်ကို စိုးရိမ်နေပုံ ရပါသည်။
မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းကိုယ်တိုင်လည်း စာရေးသူ၏ စာပါအကြောင်းအရာများ ဖတ်ရှုရပြီးနောက် သူ၏ မဆလ တပါတီစနစ်အပေါ် စိတ်ကုန်သွားပုံရပါသည်။ စာရေးသူ၏ စာတွင် ၁၉၈၈ ခု မတ်လအတွင်း ဖြစ်ပေါ်ခဲ့ သော အရေးအခင်းများနှင့် ပတ်သက်၍ ပြည်ထဲရေးနှင့် တရားရေး ဌာနတို့၏ ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ် များကို အကြောင်း ပြု၍ စာရေးသူတို့ပြည်သူများက မဆလပါတီနှင့် တရားရေး၊ အုပ်ချုပ်ရေးယန္တရားများသည် ပြည်သူများအပေါ် တရားဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နိုင်မည် မဟုတ်ကြောင်း ထုတ်ဖော် ရေးသားထားမှု ရှိခဲ့ပါသည်။ စာရေးသူ၏ စာရပြီး နောက် သီတင်း ၂ ပတ်အကြာ ၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့ တွင် ကျင်းပသော မဆလ ပါတီအရေး ပေါ်ပါတီညီလာခံ၌ ဦးနေဝင်းသည် ပါတီမှအထွက် ပြ၍ မဆလပါတီနှင့် အစိုးရအပေါ် အယုံအကြည် မရှိသူများသည် လူနည်းစုလား၊ လူများစုလား သိသာထင်ရှားအောင် လူထု ဆန္ဒခံယူ ပွဲကျင်းပရန် အဆိုတရပ်ကို ဦးနေဝင်းကိုယ်တိုင် တင်သွင်းခဲ့ ကြောင်း သမိုင်းဝင်မှတ်တမ်းများ အခိုင်အမာ ရှိပါသည်။ အထက်ဖော်ပြပါ အကြောင်းအရာများကို ဒေါက်တာမောင်မောင်ရေး ၁၉၈၈ ခုနှစ် အရေးအခင်း (ပထမတွဲ- အခန်း ၂)နှင့် ယှဉ်တွဲဖတ်ရှုသင့်ပါသည်။
ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဦးတင်အောင်ဟိန်းသည် ဇူလိုင်လ ၆ ရက်နေ့တွင် ဦးနေဝင်း၏ ခေါ်ယူစစ် မေးမှုခံရပြီးသည့်နောက်ပိုင်း မဆလ တပါတီစနစ် ပြိုလဲရာ ပြိုလဲကြောင်း လုပ်ရပ်နှင့် သတင်းစကားများ ကို ထိန်းသိမ်းခြင်း မရှိတော့ဘဲ ဦးတင်အောင်ဟိန်း ထံမှ ရန်ကုန်မြို့တွင်း၌ နိုင်ငံခြား သတင်းဌာနများသို့ပါ ပေါက် ထွက်ခဲ့ကြောင်း ဒေါက် တာမောင်မောင်၏ ၈၈-အရေးအခင်း စာအုပ်တွင် ထုတ်ဖော်ရေးသား ထားပါသည်။ စာရေးသူသည် မိမိထံလျှို့ဝှက်ဝင်လာ သော သတင်းရင်းမြစ်များကို အသက်ပေး၍ ကာကွယ် စောင့်ရှောက်ခဲ့ ပါသည်။ ထို့ကြောင့် စာရေးသူ၏အမှုတွင် စာရေးသူတယောက်တည်း အရေးယူခံခဲ့ရပြီး မည်သည့်သတင်း ပေးမျှ ဒုက္ခမရောက်ခဲ့ပါ။
စာရေးသူထံ ဝင်လာသော သတင်းရင်းမြစ် အချို့၏ ဆုံချက်သည် ဦးတင်အောင်ဟိန်း ဖြစ်နိုင်သည်ကို ရိပ်မိသော်လည်း ခေတ်ကာလ အခြေအနေ အရပ်ရပ်အရ ကာယကံရှင်ကိုယ်တိုင် ဝန်ခံ သဘောတူညီချက် မရှိ၍ ပြည်သူ့အထောက်တော်တဦးထံ မှရသော သတင်းအဖြစ်သာ မှတ်သားထားသော သတင်းများရှိခဲ့ပါ သည်။ ယခုဖော်ပြမည့် အကြောင်း အရာသည် ပြည်သူ့အထောက်တော်ထံမှ ရရှိသော သတင်းအပေါ် အခြားဆက်စပ် အထောက်အထားများနှင့် စုပေါင်းဖော်ထုတ်ချက်ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။
ဒီမိုကရေစီ အပြည့်အဝရရှိခဲ့လျှင် စာရေးသူထံ သတင်းပေးခဲ့သော ပုဂ္ဂိုလ်သည် မည်သူ မည်ဝါဖြစ်သည်ကို အတိအလင်းမေးမြန်းပြီး ပြည်သူ့အထောက်တော်ကြီးအကြောင်း ပြည်သူ့ထံ အသိပေးတင်ပြလိုသော်လည်း စာရေးသူ၏ မိတ်ဆွေများစွာမှာ စာရေးသူ ထောင်ထဲ၌ရှိနေစဉ် အပြင်လောက၌ ကွယ်လွန်ခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် အဖြစ်မှန်ကို သက်သေခံနိုင်မည့် ပုဂ္ဂိုလ်အချို့ ကျန်ရှိချိန်တွင် နိုင်ငံသားများသိရှိ အဆုံးအဖြတ်ပြုရ မည့် ယခု အကြောင်းအရာကို ဖော်ထုတ်တင်ပြရန် စာရေးသူ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်။
ဦးတင်အောင်ဟိန်းနှင့်ပတ်သက်၍ သမ္မတ ဒေါက်တာမောင်မောင်ကိုယ်တိုင်က ၁၉၈၈-ခုနှစ် အရေးအခင်း၊ ပတွဲ၊ စာ-၁၃၀/၁၃၁ တွင် “ဦးတင်အောင်ဟိန်းသည် ကျနော့်အခန်းသို့ လိုက်လာခဲ့ရာ ကျနော်မှ မနက်က ပြုလုပ်ခဲ့သော အစည်းအဝေးကိစ္စ ရပ်နှင့်ပတ်သက်ပြီး ဆိတ်ဆိတ်နေဖို့ သူ့အား သတိပေးလိုက်မိသည်။ ကောလာဟလများ မကြာမီ တမြို့လုံးပျံ့တော့မှာ ဖြစ်သော်လည်း၊ ၎င်းတို့ စတင်ပေါ်ထွက်ရာ ဇာစ်မြစ်သည် ကျနော်တို့တော့ မဖြစ်သင့်၊ အချိန်အနည်းငယ်အတွင်းမှာပင် ထိုနေ့ မနက်ကပြုလုပ်ခဲ့သော တံခါးပိတ် အစည်းအဝေးအကြောင်း ကောလာဟလ မဟုတ်သည့် သတင်းများ ရန်ကုန်မြို့အနှံ့ ပျံ့လွင့်နေလေပြီ။ နောက်တနေ့ဆို လျှင်ပင် ထိုအစည်းအဝေး ကျင်းပခဲ့မှုနှင့် အစည်း အဝေးတွင် ဦးတင်အောင်ဟိန်းမှ ပြောဆိုခဲ့ သည့် အသေးစိတ် အချက်အလက် အားလုံးကို နိုင်ငံခြား သတင်းစာများတွင် ဖတ်ရှုလို့ ရနေတော့သည်။ ကျနော်သည် ယခုမှသာလျှင် ထိုသီးသန့် အစည်းအဝေးအကြောင်း ရေးသားဖော်ထုတ်လိုက်ရခြင်းမှာ ထိုအခါ က လူတို့၏အာရုံ စူးစိုက်စိတ်ဝင်စားမှု သည် ထိုအစည်းအဝေးအပေါ် လွန်စွာသက်ရောက်ခဲ့ခြင်းနှင့် ထိုအစည်း အဝေးမှာလည်း ယခုအခါမှာတော့ သိုသိပ်လျှို့ဝှက်သည့် သီးသန့်ကိစ္စရပ်တစ်ခု မဟုတ်တော့ခြင်းတို့ကြောင့် ဖြစ်သည်”ဟု ရေးသား ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါသည်။
ထို့ကြောင့် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ အတွင်း စာရေးသူထံ မဆလပါတီ/ကောင်စီ ထိပ်ပိုင်း သတင်း များ ရောက်ရှိအောင် စီးမျောလာသည့် သတင်းရင်းမြစ်များတွင် ဦးတင်အောင်ဟိန်းလည်းတယောက် အပါအဝင် ဖြစ်တန်ရာသည်ဟု ထုတ်ဖော်တင်ပြ ဝန်ခံအပ်ပါသည်။ ဦးတင်အောင်ဟိန်း သည် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပါတီစုံခေတ်အတွင်း၌ မဆလပါတီ၏ အခြေအနေမဟန်တော့၍ ပါတီကိုဖျက်သိမ်းပြီး ကြား ကာလမှာ စစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်သင့်ကြောင်း၊ ၎င်း၏ပုဂ္ဂိုလ်ရေး၊ အတွင်းရေး၊ အကြံပြုလွှာကို မဆလပါတီကြီးစိုးစဉ်ကပင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံ လျှို့ဝှက်တင်ပြခဲ့ဖူးသည်။ ၎င်း စာအား ပါတီစုံခေတ်၌ ပါတီစုံအဖွဲ့ အစည်းများအတွင်း ဝေငှခဲ့သဖြင့်၊ ၎င်းအား နဝတ စစ်ဗိုလ်ချုပ်ကြီး အချို့က ခေါ်ယူစစ်မေးခဲ့ရကြောင်း သတင်းများထွက်ခဲ့သူလည်း ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ သောကြာနေ့ တွင် သမ္မတဦးစိန်လွင်နေရာအား ဒေါက်တာမောင်မောင်က တာဝန်ဆက်ခံခဲ့ပါသည်။ တိုက်တိုက်ဆိုင် ဆိုင် ထိုနေ့က ပြည်ထောင်စုဘဏ် သပိတ်မှောက်မည့်သတင်းကို စာရေးသူက ခရစ္စတိုဖာဂန်းနက်ထံ ပေးပို့ခဲ့၍ သမ္မတ ဒေါက်တာမောင်မောင်ကို ဘဏ် သပိတ်သတင်းဖြင့် ကြိုဆိုသလို ဖြစ်သွားခဲ့ပါသည်။ စာရေးသူ၏သတင်း ဘီဘီစီတွင် ကြေညာပြီး နာရီပိုင်းအတွင်း ညအချိန်မှာပင် ပြည်ထောင်စုဘဏ်ကို ဖွင့်၍ စစ်တပ်မှ ငွေကျပ် ကုဋေ ၆၀ ကျော်ကို ထုတ် ယူသွားပြီဖြစ်ကြောင်း ဩဂုတ်လ ၂၀ ရက် နေ့နံနက် တွင် ရန်ကုန် မြို့၌ သတင်းများပျံ့နှံ့သွားခဲ့ပါသည်။ ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ ဘဏ် သပိတ်ကို အကြောင်းပြုပြီး ဝန်ထမ်းသပိတ်များ အစီအရီပေါ် ပေါက်လာခဲ့ပါသည်။
ဩဂုတ်လ ၈ ရက်မှ စတင်ခဲ့သော အခြေခံ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှု များသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ ဦး ဆောင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းမဟုတ်ဘဲ ပြည်သူအသီးသီး၏ ရင်တွင်း ဆန္ဒများကို ပြည်သူများ ကိုယ်တိုင် မိမိတို့ ဆန္ဒအလျှောက် ဘီဘီစီအသံလွှင့်ဌာနမှ အချိန်းအချက် သတ်မှတ် ပေးခဲ့သည့် ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့ခြင်းသည် သမိုင်း၏ ဒိဋ္ဌဓမ္မအမှန်တရား ဖြစ်ပါသည်။ အဆိုပါ အခြေခံ ပြည်သူ၊ အခြေခံကျောင်းသားလူငယ်များ၏ ဒီမို ကရေစီ တောင်းဆိုပွဲပထမနေ့ရက်များတွင် ဝန်ထမ်း အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင် ဆိုသူများ ပါဝင်ဦးဆောင်ခဲ့ခြင်း မရှိခဲ့ပါ။ ဩဂုတ်လ ၁၉ ရက် ဘဏ် သပိတ်သတင်းနောက်ပိုင်းမှစ၍သာ ဝန်ထမ်း သပိတ်များ နိုင်ငံရေး ခေါင်းဆောင်ဆိုသူများပေါ် ထွက်လာ ခြင်း ဖြစ်ပါသည်။
အဆိုပါ ဝန်ထမ်းသပိတ်သတင်းနှင့် မရှေး မနှောင်းတွင်ပင် မဆလခေါင်းဆောင်များ စုဝေး၍ “တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ အဖျက် အမှောင့်လုပ်ငန်းများကို ယင်း ကော်မတီမှ လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူအများအထူးသတိ ဝီရိယထား၍ မိမိတို့ လုံခြုံရေးကို မိမိတို့ဘာသာ ဂရုပြုနေထိုင်ကြ ရန် အသိပေးပါကြောင်း၊ ယခုကဲ့သို့ အဖျက်အမှောင့် လုပ်ရန် ဝန်ခံသဘော တူချက်ကို တန်ပြန်သပိတ်ဖြိုခွဲ ရေးကော်မတီ အစည်းအဝေးတက်သူ အားလုံးလက်မှတ်ထိုးကြရပြီး အဆိုပါ သဘောတူ လက်မှတ်ထိုးရသည့် ဆုံးဖြတ်ချက်စာရွက်မှာ မိတ္တူမရှိဘဲ မူရင်းသာရှိပြီး ဦးနေဝင်းက လက်ဝယ် သိမ်းဆည်းထားပါကြောင်း၊ ယင်းစာရွက်တွင် လက်မှတ်ထိုးပေး ခဲ့ရသူက ဤသတင်းကို ပြည်သူများ သတိထား ပြင်ဆင် ကာကွယ်နိုင်ရန် စေတနာဖြင့် စွန့်စား အသိပေးပါကြောင်း၊ အဖျက်အမှောင့်လုပ်ငန်းများ မဆလ ခေါင်းဆောင်ပိုင်းမှ လုပ်ရန်ပါဝင်သူနှင့် အစည်းအဝေး တက်ရောက်ရာတွင် ပါဝင်သော ဦးနေဝင်း၏ သားသမီး များစာရင်းကိုပါ ပြည်သူ့ အထောက်တော် သတင်းပေးသူက ဖော်ပြပေးခဲ့ပါ သည်။
အဆိုပါသတင်းကို စာရေးသူက ခရစ်မှတဆင့် ဘီဘီစီသို့ ပေးပို့ခဲ့ရာ မဆလအစိုးရ၏ တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီ သတင်းကို ကြားလျှင် ကြားချင်း ညတွင်းချင်း ဆန့်ကျင်ဆန္ဒပြမှုကို မုံရွာ တဖက်ကမ်းမှ ကြေးနီမိုင်း လုပ်သားများက မုံရွာသို့ ချီတက်ဆန္ဒပြခဲ့ကြသည်ကို စာရေးသူ မှတ်မိနေ ပါသည်။ အဆိုပါဖြစ်စဉ်များသည် ဩဂုတ်လ ၂၂- ၂၃ ဝန်းကျင်တွင်ဖြစ်ပါသည်။ ဝန်ထမ်းသပိတ်များ ထွက်ပေါ်လာပြီးနောက် ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးရှိ လူထုစုဝေးရာသို့ ပထမဆုံး ရောက်ရှိလာပြီး ဩဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံ အနောက်မုခ် လူထုတရားပွဲတွင် တက်ရောက်ကြရန် ဖိတ်ခေါ်သည့် မိန့်ခွန်းတိုတခုကို ပြောကြားခဲ့ပါ သည်။
ထိုအချိန်အထိ ရန်ကုန်ဆေးရုံကြီးမှ ဗိုလ်ချုပ် လမ်းအတိုင်း မြို့လယ်သို့ ထွက်ခွာ ချီတက်သည့် လူထုဆန္ဒပြ စစ်ကြောင်းများ လွတ်လပ်စွာ ချီတက် ခွင့်မရှိဘဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေဘုံသာ လမ်းဆုံ၌ RTC ရုံးချုပ်တွင် တပ်စွဲထားသော စစ်တပ်က ပိတ်ဆို့ထားမြဲ ပိတ်ဆို့ထားခဲ့ပါသည်။ ကျော်နင်းဝင်လာလျှင် ပစ်မည် ဟု သေနတ်များကို မောင်းတင်ထားပါသည်။ ထို့နောက် နေ့လယ် ၁းဝ၀ နာရီဝန်းကျင်တွင် စစ်တပ်က လမ်းပိတ်ထားမှုကို ရုတ်တရက် ရပ်စဲ၍ တပ်ကို ရုပ်သိမ်းသွားပါသည်။ စစ်အုပ်ချုပ်ရေးရုပ်သိမ်းလိုက်ပြီဟု ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁းဝ၀ နာရီတွင် ကြေညာလိုက်ပြီဆိုကာ လူထုနှင့် တပ်မတော်သားများ ချစ်ကြည်ရေး ေြွကးကြော်သံများဖြင့် ပျော်မြူးသည့်မြင်ကွင်း ရန်ကုန်မြို့တွင်း၌ ရုတ်တရက် ပြောင်းလွှဲဖြစ်ပေါ် သွားခဲ့ပြန်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည် လူထုမြင်ကွင်း အတိအလင်း ဆင်းလာသည်နှင့်စစ်အုပ်ချုပ်ရေး ရုပ်သိမ်းမှုသည် အချိန်အားဖြင့် တနာရီသာသာမျှသာ ကွာခြားသည်ကို သတိပြုသင့်ပါသည်။
စစ်အုပ်ချုပ်ရေး ရုတ်တရက် ရုပ်သိမ်းသွားမှုနှင့် ပတ်သက်၍ ထိုစဉ်က နိုင်ငံတော် ကောင်စီဝင်၊ ဆရာဦးစိုင်း အောင်ထွန်းအား ပဲ့တင်သံဂျာနယ်က ဩဂုတ်လ ၈ ရက်နေ့ထုတ်၊ စာ(၂၁)၌ အမေးအဖြေ ပြုလုပ်ခဲ့ရာတွင် “စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပေးလိုက်တဲ့အတွက် ဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုတချို့ ပေါ်လာတဲ့အထိ ဖြစ်ရ တယ်လို့ ပြောကြတာနဲ့ ပတ်သက်လို့ရော အဲဒီ့အချိန်က ဘာတွေဖြစ်ခဲ့လဲ။
ဦးစိုင်းအောင်ထွန်း -ရန်ကုန်တိုင်းမှာ စစ်အုပ် ချုပ်ရေးလုပ်တဲ့အခါ တခြားတိုင်းတွေ မပါသေးဘူး၊ ကျနော်တို့ လည်း မပြုတ်သေးဘူး၊ အဲဒါသွားဆွေးနွေးကြတော့ ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးကို ဖြုတ်မယ်တဲ့။
အဲဒီကိစ္စကို ဘယ်သူတင်သွင်းသလဲ။
ဗဟိုကော်မတီကပဲ၊ဗဟိုကော်မတီမှာ သူတို့ စစ်တပ်ကလူအများကြီးပါတာကိုး။ ရန်ကုန် စစ်အုပ်ချုပ်ရေး လုပ်ပြီးမှ ပြန်ရုပ်သိမ်းမယ်တဲ့။ အဲဒီ့ အချိန်ကတော့ ဗိုလ်ချုပ်ကြီးတွေပဲ လွှမ်းမိုးတာပေါ့။ ကျနော်တို့က အပြင်မှာ ထိုင်နေရတယ်။ သူတို့ ထွက်လာတဲ့အခါကျတော့ ရန်ကုန်ကို အုပ်ချုပ်ရေး ရုပ်သိမ်းမယ်ပေါ့။ ကျနော် ကြောင် သွားတာပေါ့၊ ဒါပေမဲ့ မရုပ်သိမ်းသင့်ဘူးဆိုရင် ကျနော်ကတရားခံ ပဲ၊ ရုပ်သိမ်းသင့်တယ်ဆိုလဲ သူတို့အလိုဖြစ် သွား မှာပေါ့၊ ဒါပေမယ့် လက်တွေ့ကြည့်လို့ရှိရင် သတ် ဖြတ်နေတဲ့အချိန်မှာ ဘယ်သူကထိန်းမလဲ၊ ပါတီက လည်း မထိန်းနိုင်တော့ဘူး၊ ဒီဥစ္စာလေးတွေကလည်း စဉ်းစားစရာ အကွက်လေးတွေပေါ့” ဟူသော နိုင်ငံ တော်ကောင်စီဝင် ဦးစိုင်းအောင်ထွန်း၏ အဖြေစကားများတွင် ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေး ရုပ်သိမ်း သွားမှုသည် သဘာဝမကျသော စဉ်းစားစရာကောင်း သောအချက်ဖြစ်သည်ကို စာဖတ်သူများ သတိပြု သင့်ပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် လူထုတွင်း ဆင်း၍ ၂၄ နာရီမကျော်မီ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း တွင် အင်းစိန်ထောင်အတွင်းမှ ဗိုလ်မှူး ချုပ်အောင်ကြီးနှင့် ပတ်သက်သော အစုအဖွဲ့များအား လွှတ်ပေးခဲ့ပါ သည်။ ထိုနေ့တရက်တည်း၌ ထောင်မှ လွှတ်ပေးသူ ၂၀ဝ၀ ကျော်ရှိခဲ့ပါသည်။ ဩဂုတ်လ ၂၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတရားပွဲ မကျင်းပမီ ဩဂုတ်လ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် ဗိုလ်အောင် ကြီး၏ လူထုတရားပွဲကို ပဒုမ္မာကွင်း၌ ကျင်းပခွင့်ကို မဆလအစိုးရက ဖန်တီး ပေးခဲ့သည်ကိုလည်း မြင်အောင် ကြည့်ဖို့ လိုပါသည်။
အဆိုပါ ဩဂုတ်လ ၂၅ ရက်နေ့ ညသန်း ခေါင်အချိန်တွင် ပန်းဘဲတန်းမြို့နယ်၌ ထူးခြားမှုခင်း တရပ်ပေါ်ပေါက် ခဲ့ပါသည်။ ထိုအချိန်က လူထုသည် မဆလအစိုးရ တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီ သတင်းကြောင့် သတိဝီရိယဖြင့် မိမိတို့ရပ်ရွာ လုံခြုံ ရေးကို မိမိရပ်ကွက် အစီအစဉ်ဖြင့် စောင့်ရှောက် နေစဉ်အတွင်း မသင်္ကာဖွယ် ကားတစင်းလှုပ်ရှား နေမှုကို တမြို့နယ်နှင့် တမြို့နယ်၊ တရပ်ကွက်နှင့် တရပ်ကွက်၊ လမ်းအလိုက် ဆက်သွယ် သတင်းပေး မှုဖြင့် ကြိုတင်သိရှိနေခဲ့ပါသည်။ ယင်းကားသည် ရွှေဘုံသာလမ်းအတွင်း မှောင်ရိပ်ခို ရပ်နား၍ သစ်ပင်တပင်၌ ကြော်ငြာ စာရွက်ကပ်ရန် လူတစုက ပြင်ဆင်နေစဉ် ပန်းဘဲတန်းရပ်ကွက်၊ လူထု လုံခြုံရေး တာဝန်ယူသူများက ဝိုင်းဝန်းဖမ်းဆီး စစ်ဆေးသော အခါ အဆိုပါ လူစုထံမှ “အောင်ဆန်းစုကြည် အာဏာရလျှင် ထုတ်ဝေမည့် ဒေါ်လာငွေစက္ကူ”စာ သားဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကုလားမ ဆာရီခြုံ ထားသည့် ရုပ်ပြောင်ပါ ငွေစက္ကူပုံစံများနှင့် အခြား ရုပ်ပြောင်စာများကို ရှာဖွေတွေ့ ရှိပါသည်။
အဆိုပါ အဖမ်းခံပုဂ္ဂိုလ်များက “ငါတို့ထောက် လှမ်းရေးက”ဟု ပြောသောအခါ ပန်းဘဲတန်း လူထုသည် တွေဝေသွားပြီး ၎င်းတို့အား သိမ်တော်ကြီး သံဃာများထံ အပ်နှံလိုက်ပါသည်။ ကျောက်တံတား မြို့နယ်မှ စာရေးဆရာ မောင်သော်ကနှင့် ဦးထွေး မြင့်တို့အား ပန်းဘဲတန်းလူထုက ထောက်လှမ်းရေး ဆိုသူများနှင့် တွေ့ဆုံပေးခဲ့ပြီး ၎င်းတို့အား ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူး၍ ရန်ကုန်မြို့ တွင်း၌ ၎င်း ထောက်လှမ်းရေးများ၏ ဓာတ်ပုံနှင့် အကြောင်းအရာများကို လူစည်ကားရာ၌ ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဖော်ပြထားခဲ့ပါသည်။
ထို့ကြောင့် အဆိုပါ ထောက်လှမ်းရေးများတွင် ပါဝင်သူ ဗိုလ်စည်သူဆိုသူမှာ ဦးနေဝင်းနှင့် ရင်းနှီးသည့် လေယာဉ်မှူးကြီး တစ်ယောက်၏သားဖြစ်ပြီး ၈၈ ခုနှစ် မတ်လ ဖုန်းမော်အရေးအခင်း အပြီး ဦးနေဝင်း၏ ပြည်ပခရီးစဉ်၌ ကိုယ်ရေးလုံခြုံရေး အရာရှိ တာဝန်ကို လောလောလတ်လတ် ထမ်းဆောင်နေရသူဖြစ်ကြောင်း လူထုအတွင်းမှ စာရေးသူ သတင်းရရှိခဲ့ပါသည်။ ထိုစဉ်က စာရေးသူရရှိ ခဲ့သော သတင်းများတွင် ဦးနေဝင်း သည် အင်္ဂလန်၌ ဝန်ကြီးချုပ် မာဂရက်သက်ချာနှင့် တွေ့ဆုံခွင့်တောင်း ရာ မာဂရက်သက်ချာက ခွင့်မပြုသဖြင့် ဦးနေဝင်းက ၎င်း၏ဇနီးဒေါ်နီနီမြင့် အနေဖြင့် မိန်းမသားချင်းတွေ့ဆုံခွင့် ထပ်မံတောင်းပြန်ရာ မာဂရက်သက်ချာ က ဒေါ်နီနီမြင့်အား မြန်မာနိုင်ငံအကြီးအကဲ ဦးနေဝင်း၏ဇနီးအနေဖြင့် တွေ့ခွင့်မပေးဘဲ အရှေ့တိုင်းသမိုင်း ပညာရှင် တယောက်အနေဖြင့်သာ တွေ့ခွင့်ပေးပြီး အရှေ့တိုင်းသမိုင်းအကြောင်းသာ ဆွေးနွေးမည်ဟူ သော စည်းကမ်းချက်ဖြင့် အတွေ့ခံသောကြောင့် ဦးနေဝင်းအကြီးအကျယ် စိတ်ဒုက္ခရောက်ပြီး ဂနာမငြိမ်ဖြစ်နေ ကြောင်း သတင်းများပါ ဦးနေဝင်း၏နိုင်ငံခြားခရီးစဉ်တွင် လိုက်ပါသွားရသော စစ်တပ် ဆရာဝန်ကြီးထံမှ လာသော သတင်းများအဖြစ် စာရေးသူရရှိခဲ့ပါသည်။
စာရေးသူသည် ထိုစဉ်က ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေအရ ဗိုလ်စည်သူ အမည်နှင့် ၎င်း၏ မိသားစုဝင် များသတင်းကို မဖော်ပြဘဲ ရန်ကုန်မြို့တွင်း အဖျက်အမှောင့် လုပ်ရပ်များတွင် စစ်ထောက်လှမ်းရေးအရာရှိများ ပါဝင်ကျူးလွန်နေ သည်ကို ဖမ်းဆီးရမိကြောင်း သတင်းကိုသာ ဘီဘီစီ၌ ဖော်ပြခဲ့ပါသည်။ အဆိုပါ အဖျက် အမှောင့်လုပ်သည့် ထောက်လှမ်းရေးများကို ဖမ်းဆီးခဲ့သူ ပန်းဘဲတန်း လူထုအများစုမှာ စစ်အာဏာသိမ်းပြီး နောက် အမှတ် ၆ ထောက်လှမ်းရေးတွင် စာရေး သူနှင့်အတူ အနှိပ်စက်ခံခဲ့ကြရပြီး အခြားပြစ်မှုများ ဖော်ပြ ဖန်တီး ထောင်ချခြင်းကို အဆိုပါ လူထုခံသွားကြရပါသည်။
အထက်ပါ ဩဂုတ် ၂၅ ရက်ည ဖြစ်စဉ်အပြီး ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁းဝ၀ နာရီ ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေတိဂုံ အနောက်မုခ်၌ သိန်းနှင့်ချီသော လူထုကို တရားဟောပွဲဖြစ်ခဲ့ပါသည်။ ၎င်းတရားပွဲတွင် စာရေးသူ ကိုယ်တိုင် တက်ရောက်သတင်းယူပါသည်။ အိမ်ပြန် ရောက်တော့ နေ့လယ် ၁ နာရီကျော်နေပြီး ထူးခြားသော သတင်းတပုဒ်က ကြိုဆိုနေပါသည်။
ဆက်လက်ဖော်ပြပါမည်။