ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အရေးယူထားသည့် အမှု တမှုသာရှိကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
“ရန်ကုန်တိုင်း ဒေသကြီး အနေနဲ့ ဖွဲ့စည်းထားတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မတီက တင်ပြလာတဲ့ တိုင်စာများ၊ တိုင်းဒေသကြီးရုံးကို တိုက်ရိုက် တင်ပြလာတဲ့ တိုင်ကြားစာများကို စိစစ်ရပါတယ်။ ဒါတွေ စိစစ်တာကို လာဘ်ပေးလာဘ်ယူ ကော် မတီ ကို ပြန်တင်ပြရပါတယ်။ စိစစ်တွေ့ရှိမှုမှာ အဂတိလိုက်စားတာ ပေါ်ပေါက်က နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ပါတယ်”ဟု ၎င်းက ဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရာတွင် နှစ်ဘက်သဘောတူခြင်းမရှိဘဲ ကျန်တဘက်က မကျေနပ်၍ တိုင်ကြားမှသာ အရေးယူ နိုင်ကြောင်း၊ တဘက်က တိုင်ကြားခြင်း မရှိပါက အရေးယူရန် ခက်ခဲကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက စက်တင်ဘာ ၂၃ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ပြောဆိုသည်။
ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူထားခြင်း ရှိမရှိနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဗိုလ်မှူးကြီး တင်ဝင်းက ထိုသို့ ပြန် လည် ဖြေကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူ ကော်မတီ၏ တင်ပြချက်အရ တနိုင်ငံလုံး လာဘ်ပေးလာဘ်ယူ အမှုပေါင်း ၅၀၀ ကျော် ရှိရာတွင် ၃ မှုသာ အရေးယူနိုင်ကြောင်း၊ အမှုများတွင် ရန်ကုန်တိုင်း ဒေသကြီးက ပါဝင်ခြင်း ရှိမရှိကို တိကျစွာ ဖြေရှင်းပေးရန် လည်း လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ဆက်လက် မေးမြန်းခဲ့သည်။
ဗိုလ်မှူးကြီး တင်ဝင်းက“ကျနော်တို့အနေနဲ့ ရောက်လာတဲ့ တိုင်ကြားစာတွေကို စစ်ဆေးနေပါတယ်။ ကျန်တာက ဥပဒေပိုင်းကို မေးမှ တိကျစွာ သိရပါမယ်။ အရေးယူနေတဲ့ တမှုကလည်း လာဘ်ပေးလာဘ်ယူမှု ကော်မတီက တင်ပြလာတာပါ”ဟု ပြောသည်။
သို့သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လာဘ်ပေးလာဘ်ယူမှု ပပျောက်စေရန် တိုင်းဒေသကြီး အစိုးရ အနေဖြင့် ဆောင်ရွက်နေမှုများကို တိကျစွာ ဖြေကြားခြင်း မရှိပေ။
လက်ရှိတွင် သမ္မတက ဖွဲ့စည်းပေးထားသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ သက်တမ်း ခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး တိုင်ကြားစာ သုံးစောင်ကို စုံစမ်းစစ်ဆေး တရားစွဲဆိုကာ အရေးယူခဲ့ပြီး ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စက်တင်ဘာ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထိုကော်မရှင်က ထုတ်ပြန်ထားချက်အရ တိုင်ကြားစာထဲတွင် မြေယာကိစ္စ တိုင်ကြားစာ ၁၇၀ ၊ တရားစီရင်ရေး တိုင်ကြားစာ ၉၅ စောင်၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ကြားစာ ၂၃၈ စောင်နှင့် အထွေထွေ တိုင်ကြားစာ ၃၀ ရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ အရာရှိကြီးများအနေဖြင့် ကျပ် ၃ သိန်းထက် မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံနိုင်ကြောင်း၊ ကျပ် ၃ သိန်းထက် ကျော်လွန်ပါက လာဘ်ပေး လာဘ်ယူ ပြုလုပ်သည်ဟု သတ်မှတ်ကြောင်း ပြီးခဲ့သည့် မတ်လ အတွင်းက ပြောဆိုထားသည်။