မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုတဲ့ သီချင်းကို တီဗီကနေ ကြားရတိုင်း ကြားရတိုင်းမှာပဲ မခံချင်စိတ်၊ ရှက်စိတ်တို့နဲ့ အတူ ကျမရင်ထဲမှာ ဝမ်းနည်းနာကျင်လာရမြဲပါ။ သီချင်းထဲမှာသာ ကမ္ဘာကို လွှမ်းနိုင်တဲ့ မြန်မာ့ အားကစားက တကယ့်အပြင်ဘက် လက်တွေ့ဘဝမှာတော့ ကမ္ဘာကို အသာထားလို့ အရှေ့တောင်အာရှမှာ တောင်မှ မလွှမ်းမိုးနိုင် သေးတာလည်း အမှန်ပါပဲ။
အားကစား ရာသီပွဲတော် ဆိုရင်ဖြင့် စိတ်အား တက်ကြွဖွယ်ရာ ကြားရတတ်တဲ့ အဲဒီသီချင်းသံဟာ ကျမစိတ်ကို ကသိကအောက် ဖြစ်အောင်လို့ အနှောင့်အယှက် ပေးတတ်ပါတယ်။ ကျမတို့ရဲ့ မြန်မာ့အားကစားဟာ တချိန်တုန်းက အရှေ့တောင် အာရှမှာ မျက်နှာမော်နိုင်ခဲ့ ပေမယ့် အခုချိန်မှာတော့ တလိမ့်ခေါက်ကွေး ပြုတ်ကျလာခဲ့တဲ့ အားကစား အဆင့်ကို ပြန်ပြီးတော့ မြှင့်တင်နိုင်ဖို့ အတွက် တော်တော်ကြီးကိုပဲ အားစိုက်ဆောင်ရွက်ရဦးမယ့် အနေအထားကို ရောက်လို့ နေပါတယ်။
တခေတ်တခါက မျက်နှာမော်နိုင် ခဲ့ဖူးတဲ့ မြန်မာ့ အားကစားဟာ ဘာကြောင့် ကျမတို့ ခေတ်မှာ ဒီလောက် အဆင့်ထိ ထိုးကျလာခဲ့ရ သလဲ ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ရင်ဖြင့် အကြောင်းရင်းတွေက အများကြီး ပါပဲ။ အကြောင်းရင်း တခုကတော့ ကျမတို့ရဲ့ အားကစား သမားတွေဟာ နိုင်ငံတကာက အားကစား သမားတွေလောက် ကိုယ်လက်ကြံ့ခိုင်မှု မရှိဘူး ဆိုတာကို တွေ့နေရပါတယ်။ အမော မခံနိုင်တာ၊ သက်လုံ မကောင်းတာ၊ လူကောင် သေးညှက်တာ၊ အလေ့အကျင့် နည်းတာ စသဖြင့် အများကြီးပါပဲ။
မြန်မာ့အားကစား ကမ္ဘာကို လွှမ်းအောင်လို့ လုပ်နေပါပြီ ဆိုပြီး ကြွေးကြော်နေတဲ့ အခုအချိန်မှာ ကျမအနေနဲ့ တွေးမိတာ ကတော့ နောက်လာမယ့် မျိုးဆက်မှာ ဆိုရင် အခုထက်များ အားကစားစွမ်းရည် ပိုပြီးတော့ ကျသွား လေ မလားရယ်လို့ စိုးစိတ်နဲ့ တွေးမိရပါတယ်။ ဘာကြောင့် ဒီလိုတွေးမိရသလဲ ဆိုရင်ဖြင့် တချိန်မှာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဖြစ်လာမယ့် အခုခေတ် ကလေးတော်တော် များများဟာ သူတို့ရဲ့ ခြေထောက်၊ လက်မောင်း၊ လက်ဖျံတို့မှာ ရှိနေတဲ့ ကြွက်သားမျှင်ကြီးများရဲ့ (Gross Motor Skills) ဖွံ့ဖြိုးသန်မာ လာအောင်လို့ ပြေးလွှား ကစားခွင့် မရှိရှာပါဘူး။
အခုလက်ရှိ ကျမတို့ နိုင်ငံရဲ့ ကျောင်းတွေအနေထား၊ ပညာရေးအနေထားကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် အစိုးရကျောင်းများမှာ ကလေးတို့ ကစားခုန်စား လုပ်ဖို့၊ ပြေးလွှား ဆော့ကစားဖို့ အတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း လုပ်ထားတာ မျိုးတွေ၊ အားကစား ခန်းမတွေကို ဆောက်လုပ် ထားတာတွေ၊ အားကစားကို ဘာသာ တရပ်အနေနဲ့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ သတ်မှတ်ထား တာမျိုးတွေကို တွေ့ရတာ နည်းလှပါသေးတယ်။
ကလေးတို့ ဘောလုံးကန်တာ၊ ဆော့ကစား ပြေးလွှားကြတာကို တောင်မှ ကလေးတွေက ဆော့လွန်းတယ်၊ ငြိမ်ငြိမ် မနေဘူး ဆိုပြီးတော့ ရိုက်နှက်ဆုံးမကြတဲ့ ဆရာ၊ ဆရာ ဆရာမတွေတောင် ကျောင်းတွေမှာ ရှိနေပါသေးတယ်။
ကလေးတို့ ခမျာ ဖတ်စာအုပ်ထဲက စာကို အလွတ်ကျက်၊ ပြန်ဖြေရတဲ့ ပညာရေး စနစ်ထဲမှာ သူတို့ရဲ့ အချိန်တွေ၊ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ တွေးခေါ်မှု စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည် စတဲ့အရာတွေကို ပေးလိုက်ရတဲ့ အပြင် ကိုယ်လက် ကြံ့ခိုင်မှု ဆိုတဲ့ အရာကိုပါ ဝမ်းနည်းစရာ ကောင်းအောင် ပေးလိုက်ရ ပြန်ပါသေးတယ်။
ကျောင်းကနေ ကျူရှင်၊ ကျူရှင်ကနေ ကျောင်းဆိုတဲ့ အမှတ်ကောင်းကောင်း ရရေး၊ ဂုဏ်ထူး များများပါရေး၊ အင်္ဂလိပ်စာ သင်တန်း၊ ဘာ သင်တန်း ညာသင်တန်းစတဲ့ မိဘတို့ရဲ့ အပြိုင်အဆိုင် ဂုဏ်တုဂုဏ်ပြိုင် ပညာရေး ပြိုင်ပွဲကြီးမှာ ကလေးတော်တော် များများဟာ ကစားချိန် မရှိရှာ တော့ပါဘူး။
ကျမ ရောက်ခဲ့ဖူးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ဟာ ကလေးဘဝကို လွတ်လပ်စွာ အပြည့်အဝ ရကြပါတယ်။ ကျောင်းတွေမှာ ကလေးတို့ ကစားဖို့ ကစားကွင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိကြ သလို၊ ရပ်ကွက်တိုင်းရဲ့ လမ်းတိုင်းမှာ လည်း ကလေး တို့ ကစားဖို့ အတွက် ကစားကွင်း၊ ပန်းခြံလေးတွေ ရှိကြပါတယ်။ ကျောင်းကပြန်လာရင် ကျူရှင် သွားစရာ မလိုတဲ့၊ အိမ်စာတွေလည်း အများကြီးလုပ်စရာ မလိုတဲ့၊ ဖတ်စာအုပ် ထဲက စာတွေကို ဗလာစာအုပ် တွေထဲမှာ ပြန်ကူးရေးစရာ မလိုတဲ့ ကလေးများသာမို့ သူတို့မှာ ကိုယ်ပိုင်အချိန် များစွာ ရှိကြပါတယ်။
ကျမ တို့နိုင်ငံမှာတော့ နယ်မြို့များက ကလေးများက လွဲရင် မြို့ကြီးများက ကလေးများခမျာ ကစားဖို့ အချိန်ရှိ ရင်တောင်မှ ကစားဖို့ နေရာ မရှိရှာပါဘူး။ ရန်ကုန်မြို့ကတော့ အဆိုးဆုံး ပါပဲ။ မြို့လယ်ကောင် တိုက်ခန်း ကျဉ်းကျဉ်း လေးတွေမှာ နေရတဲ့ ကလေးတို့ အဖို့ ကစားစရာရယ်လို့ ရပ်ကွက်ပန်းခြံ မရှိသလို ဘောလုံးကန်ချင်တဲ့ ကလေးများ အတွက် ဘောလုံးကန်စရာ ဘောလုံးကွင်းတွေလည်း မရှိတော့ပါဘူး။
ကျမ တို့ငယ်ငယ်တုန်းက ရှိခဲ့ဖူးတဲ့ ရပ်ကွက် ဘောလုံး ကွင်းလေးတွေ ဟာလည်း တစ တစနဲ့ ပျောက်ပျောက် ကုန်ပါပြီ။ ကျမ တို့ရဲ့ ကလေးတွေ ခေတ်မှာ ခုန်ပေါက်ပြေးလွှား ဆော့ကစားစရာ နေရာတွေ မရှိတော့သလို၊ ကစားဖို့ ဆိုတဲ့ ကစားဖော် ဟာလည်း ရှားပါးစ ပြုလာပါပြီ။
မူကြိုကလေး တောင်မှ ကျူရှင်တက်နေရတဲ့ ခေတ်မှာ ကလေးတို့ခမျာ ဟိုးအရင်ကလိုမျိုး ကျောင်းကနေ ပြန်လာတာ နဲ့ လွယ် အိတ်ကလေးချပြီး ကစားကြဖို့ မလွယ်တော့ပါဘူး။ ကိုယ့်မှာ ကစားဖို့ အချိန်ရှိတယ် ဆိုရင်တောင်မှ ကစားဖို့ ကစားဖော် ကတော့ဖြင့် ရှားလာပါပြီ။
ကလေးတို့ ကစားဖို့ ကစားဖော် ရှားလာပေမယ့် ကစားဖော်နေရာမှာ အစားဝင်လာတာ ကတော့ နည်းပညာပါပဲ။ ကျမတို့ ကလေးတွေရဲ့ခေတ်မှာ နည်းပညာကလည်း အားကောင်းလာပြီမို့ တီဗီတွေ၊ ကာတွန်းကားတွေ၊ တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ တက်ဘလက် စတာတွေနဲ့ ကလေးတို့ဟာ အချိန်တွေကုန် လာကြပါပြီ။ ကလေးတို့ဟာ ပိုပိုပြီးတော့ ကိုယ်လက် လှုပ်ရှားမှုတွေ နည်းလာကြ ပါတယ်။
အားကစား ထူးချွန်ခြင်းဟာ ကျောင်းပညာရေးမှာ အထောက်အပံ့ မဖြစ်စေတဲ့ အရာမို့လို့ မိဘများကလည်း ကလေးတို့ ကစားခုန်ပေါက်ခြင်း နည်းလာတဲ့ အပေါ်မှာ ဘယ်လိုမှ သဘော မထားကြပါဘူး။ ဒါနဲ့ပဲ ပျော့စိပျော့ညက် ဖြူဖျော့ဖျော့၊ ပိန်လှီလှီလေးတွေ (ဒါမှ မဟုတ်) အဝလွန်တဲ့ ကလေးတွေကို ကျမတို့ ဝန်းကျင်မှာ ပိုပိုပြီးတော့ မြင်လာ ကြရပါ တော့တယ်။ အဲဒီဖြူဖျော့ဖျော့ ကလေးတွေ၊ အဝလွန်တဲ့ကလေး တွေဟာ နောင်အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက် အသစ်လေးတွေပါပဲ။
ဒီကလေးတွေထဲက ကလေးတော်တော်များများ ဟာ ငယ်စဉ်မှာ မဆော့မကစားခဲ့ရတဲ့၊ ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခွင့် မရခဲ့တဲ့၊ ကျောင်းက အားကစား ခန်းမတွေထဲမှာ စနစ်တကျနဲ့ အားကစား မလေ့ကျင့်ခဲ့ရ ဖူးတဲ့ ကလေးများ ပါပဲ။
ဒီလို ကလေးတွေ များလာတာဟာ တိုင်းပြည် အတွက်ရော၊ သူတို့တတွေရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနဲ့ ကျန်းမာမှု အတွက်ပါ မကောင်းပါဘူး။ ကလေးတို့ ကိုယ်လက်ကြံ့ခိုင်မှု ရှိစေဖို့ အတွက် ကျောင်းတွေက အားကစား ခန်းမတွေ ထဲမှာ ကလေးတွေကို တကယ် ကစားခိုင်းဖို့ လိုပါတယ်။
သချၤာတွေ၊ အင်္ဂလိပ်စာတွေ အရေးကြီးသလိုပဲ အားကစား ဘာသာရပ်ဟာလည်း တကယ်အရေးကြီးတဲ့ ဘာသာရပ် ဆိုတာကို မိဘများရော၊ သင်နေတဲ့ ဆရာများပါ တကယ် သဘောပေါက်ဖို့ လိုပါတယ်။ ကလေးတို့ အတွက် ကစားချိန် ရှိဖို့နဲ့ ကစားဖို့နေရာ ရှိဖို့လည်း လိုပါတယ်။ ရပ်ကွက်တိုင်းမှာ ကလေးတို့ကစားဖို့ ပန်းခြံတွေ၊ ကလေးများ စိတ်ကြိုက် လွတ်လပ် လုံခြုံစွာနဲ့ ဆော့ကစားဖို့ အတွက် ဘောလုံးကွင်းကြီးတွေလည်း ရှိဖို့ လိုပါတယ်။
ကလေးတို့ ကစားဖို့ မြေနေရာ ကျယ်ကျယ်နဲ့ ဘောလုံးကွင်းများ၊ ကစားကွင်းများ ထားရှိခြင်းဟာ နောင်အနာဂတ် မျိုးဆက် အတွက် ရင်းနှီး မြှုပ်နှံခြင်း တခုပါပဲ။ ကလေးတို့ ကစားဖို့အတွက် ဘောလုံးကွင်း ကြီးတွေ၊ ကစားကွင်းတွေ ရပ်ကွက်တိုင်း လိုလိုမှာ ရှိလာခဲ့ပြီ ဆိုရင်၊ ကျောင်းတွေမှာ စာကို အလွတ်ရွတ်နိုင်ဖို့ထက် ကိုယ်ကာယ သန်စွမ်း ကျန်းမာဖို့က အရေး ကြီးတယ် လို့ ထင်လာပြီ ဆိုရင်ဖြင့် ကျမတို့တိုင်းပြည် တကယ်ပြောင်းလဲပြီလို့ ပြောလို့ရပါ လိမ့်မယ်။ ။