သမ္မတ ဦးသိန်းစိန် ရွေးချယ်ခန့်အပ်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)သည် လွတ်လပ်မှု မရှိဘဲ အစိုးရ၏ အုပ်ချုပ်မှုအောက်၌သာ ရှိနေ၍ လူ့အခွင့်အရေး ကာကွယ် တားဆီးမှုများသည်လည်း ထိရောက်မှု မရှိကြောင်း မြန်မာ့ အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ လုပ်နိုင်စွမ်းရည်အပေါ် ဆန်းစစ်သုံးသပ်ထားသည့် “သမ္မတ၏ ဘက်တော်သားများသာ ဖြစ်သည်” ဟု အမည်ရသည့် အစီရင်ခံစာ၌ အထက်ပါအတိုင်း ဖော်ပြထားပြီး ထိုအစီရင်ခံစာကို မြန်မာ့ အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် ညီမျှခြင်း-မြန်မာအဖွဲ့တို့မှ ယမန်နေ့က ပူးပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံသစ်များ တွေ့ရှိလာရပြီး ချိူးဖောက်မှုများ ပိုမို ဖြစ် ပွားခဲ့သည်ကို လေ့လာတွေ့ရှိရသည်ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့တာဝန်ခံ ဒေါ်ခင်ဥမ္မာက ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ရုံးခန်း၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အလားတူ Asian Forum for Human Rights and Development (FORUM-ASIA) မှ မစ္စတာ ဂျိုးဇက်ခူဝန် ကလည်း“လူ့အခွင့် အရေး ချိုးဖောက်မှုတွေ များလာတာ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာ၊ အစိုးရရဲ့လုပ်ကွက်တွေ ပါးနပ်မှု ရှိလာတာရယ်ကြောင့် လက်ရှိ အချိန် အထိတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ စိတ်ပျက်ဖွယ်ရာ ဖြစ်နေဆဲပါ”ဟု ပြောဆိုခဲ့ သည်။
ထိုအစီရင်ခံစာသည် ၂၀၁၃ ခုနှစ် ဒုတိယ နှစ်ဝက်နှင့် ၂၀၁၄ ပထမ နှစ်ဝက်အတွင်း အဖြစ်အပျက်များ အပေါ် အခြေခံ ထုတ်ပြန်ခြင်း ဖြစ်ပြီး MNHRC သည် လွတ်လပ် အမှီအခိုကင်းမှု မရှိကြောင်းနှင့် ထိရောက်မှု မရှိကြောင်း ရေးသား ဖော်ပြထားသည်။
“ကော်မရှင် အဖွဲ့ဝင် ရွေးချယ်တာတွေ၊ နောက်ပြီး လုပ်ငန်း ဆောင်ရွက်မှု နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်တွေမှာလည်း အမြဲတမ်း သမ္မတရုံးကိုပဲ ပြန်ရောက်သွားပါတယ်”ဟု ညီမျှခြင်း – မြန်မာ ၏ အထွေထွေ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဆိုသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၁၄ ခုနှစ် ပထမနှစ်ဝက်အတွင်း တိုင်ကြားမှုပေါင်း ခြောက်ထောင် ကျော် ရှိခဲ့သော်လည်း ကော်မရှင်က ထိထိရောက်ရောက် ပြန်လည် ဖြေရှင်းခဲ့သည့်အမှုကို ထုတ်ပြန်ကြေညာ မှု မရှိဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။
ဒေါ်ခင်ဥမ္မာက “ဦးသိန်းစိန် အစိုးရ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို တဖက်က လွှတ်ပေးတယ်။ တဖက်က ပြန်ဖမ်း တယ်။ အခုချိန်အထိ ဒုတိယနှစ် ကျောင်းသူ မဖြူနှင်းထွေး အဖမ်းခံရတာ၊ ကိုယ့်အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စကို ဖော်ထုတ်ကြတဲ့ တောင်သူလယ်သမားတွေ အဖမ်းခံ၊ တရားစွဲ ခံနေရတာဟာ ပုံစံသစ် တခုအနေနဲ့ ဖြစ်နေတယ်၊ နောက်ပုံစံ တခုက အကြီး စား သတ္တု တူးဖော်ရေး စီမံကိန်းကြီးတွေ၊ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ အကောင်အထည်ဖော်ဖို့ အတွက် ပြည်သူတွေ ဖယ်ရှားခံနေရတာကလည်း ပုံစံသစ်တမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒီအခြေအနေတွေကို လူ့အခွင့်အရေး ကော်မရှင်က ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ခဲ့တာ မတွေ့ရပါဘူး”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားမှုနှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ တွင် စတင် ဖွဲ့စည်းခဲ့မှုကို တရားဝင် ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၄ ရက်တွင် ကော်မရှင် ဥပဒေပါ အတိုင်း အသစ်ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အသစ်ဖွဲ့စည်းခဲ့သည့် ကော်မရှင် အဖွဲ့တွင် ယခင်ကော်မရှင် အဖွဲ့ဝင် အဟောင်းများထဲမှ ဦးစစ်မြိုင် ညွှန်ကြားရေးမှူး(အငြိမ်းစား) လူမှုဝန်ထမ်း ဦးစီးဌာန အပါအဝင် အဖွဲ့ဝင် ၄ ဦးခန့် ပြန်လည် ပါဝင်သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အား အငြိမ်းစား သံအမတ်ကြီးများ၊ အငြိမ်းစား အစိုးရ အရာရှိများ၊ တက္ကသိုလ် ပါမောက္ခ အငြိမ်းစားများ စသည့် ၁၅ ဦးဖြင့်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။