သတင်း

အဝေဖန်ခံနေရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ဆောင်ရွက်မှုတွေကြောင့် ပြည်သူလူထုရဲ့ ဝေဖန်မှုကို ခံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့့်က ဒီနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ထပ်မံလေ့လာ သုံးသပ်ဖို့ လိုအပ်တဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကတော့ ရန်ကုန်မြို့သစ် စီမံကိန်းကို လွှတ်တော်က သဘောတူ ခွင့်ပြုပေးဖို့ အတွက် မြို့တော်ဝန် ဦးလှမြင့်ကပဲ ဒီစီမံကိန်းဟာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ပူးပေါင်း လုပ်ဆောင်မယ့် မဟာရန်ကုန် အဆင့် မြှင့်တင်ရေး မြို့ပြ စီမံကိန်းနဲ့ ကိုက်ညီတဲ့ အတွက် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါသေးတယ်။

ဒီစီမံကိန်းကြီး လုံး၀ ရပ်ဆိုင်းသွားတာလား၊ ယာယီ ရပ်ဆိုင်းတာလားဆိုတာနဲ့ ပတ်သက်လို့ အထူးအစည်းအဝေးက ထွက်လာတဲ့ မြို့တော်ဝန် ဦးလှမြင့်ကို သတင်းမီဒီယာတွေက ဝိုင်းမေးကြတဲ့အခါ “ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုမှတော့ သဘောပေါက်လိုက်ကြပေါ့” လို့ ဦးလှမြင့်က ပြန်ဖြေပါတယ်။

တကယ်တော့ ဒီနေ့အစည်းအဝေးမှာ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး တနေကုန် ဆွေးနွေးမှာ ဖြစ်ပြီး ဒီကိစ္စ အပေါ်မှာ ထောက်ခံဆွေးနွေးမယ့် သူတွေရော၊ ကန့်ကွက်ဆွေးနွေးမယ့် သူတွေရော သေသေချာချာ ပြင်ဆင်လာခဲ့ ကြတာပါ။ အဲဒီလို ဆွေးနွေးပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး မဲခွဲမယ်လို့ လွှတ်တော် အစီအစဉ် စာရွက်ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စီမံကိန်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်ကို တင်ပြလာပြီး သဘောတူညီချက် တောင်းတဲ့အခါမှာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် လွှတ်တော်စဖွင့်ဖွင့်ချင်း ၅ မိနစ်အတွင်းမှာပဲ ဦးလှမြင့်ရဲ့ တင်ပြချက်ကြောင့် ဒီစီမံကိန်းကြီးလည်း ရပ်ဆိုင်းသွားပြီး လွှတ်တော်လည်း ပြီးပါသွားတယ်။

နောက်ဆုံးမှာတော့ လွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့ မေးခွန်းထုတ်မှုတွေနဲ့ မီဒီယာတချို့ရဲ့ ဝေဖန်ထောက်ပြမှု တွေကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက လွှတ်တော် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

“လွှတ်တော် နည်းဥပဒေ ၃၂ အရ လွှတ်တော် ဥက္ကဋ္ဌမှာ ဆွေးနွေးနေဆဲ အဆိုတွေကို ရပ်ဆိုင်း၊ ရုပ်သိမ်းနိုင်ခွင့် ရှိတယ်။ အဲဒီ အာဏာကို ကျင့်သုံးပေးဖို့ တင်ပြထားတယ်။ နောက်ပြီးတော့ အစိုးရအဖွဲ့ကိုလည်း မေးခွန်း ၁၇ ခု ပို့ခဲ့တယ်။ ဒီမေးခွန်း ၁၇ ခုကို ဖြေပေးပါဆိုပြီးတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ မေးခွန်း ၁၇ ကို ပို့ခဲ့တယ်။ အစိုးရ အဖွဲ့က အဲဒီမေးခွန်း ၁၇ ခုကိုလည်း သေသေချာချာ ဖတ်တယ် ထင်ပါတယ်။ ကတ်ဘိနက်မှာလည်း သေသေချာချာ ဆွေးနွေးတယ် ထင်ပါတယ်။ အခုလည်း ဥက္ကဋ္ဌကြီးက ရပ်ဆိုင်း ခွင့်ပြုလိုက်တယ် ဆိုတော့ အားလုံးအတွက် မင်္ဂလာသတင်းပါပဲ” လို့ ဒေါက်တာညိုညိုသင်းက မီဒီယာတွေကို ပြောပါတယ်။

ဒေါက်တာညိုညိုသင်းကပဲ “ကျမတခု တောင်းဆိုချင်တာက တကယ်တော့ ကျမတို့ဟာ သတင်းတွေကို ပြည်သူနဲ့ မီဒီယာဆီကပဲ ရခဲ့တယ်။ ဒီမြို့သစ် စီမံကိန်းက အနည်းဆုံး ဘီလီယံ ၃၀ ကနေ အများဆုံး ၇၅ ဘီလီယံ အထိ အမြတ်ရနိုင်တယ်ပေါ့။ အဲဒီတော့ ဒီစီမံကိန်းကြီး ပြီးသွားတာနဲ့ တပြိုင်နက်တည်း ဒီကုမ္ပဏီက ကမ္ဘာ့သန်းကြွယ် သူဌေးစာရင်းထဲကို ဝင်သွားမယ်။ အဲဒါကိုလည်း ကျမ ထောက်ပြခဲ့တယ်” လို့ ဆိုပါတယ်။

တကယ်တော့ ဒီမြို့သစ် စီမံကိန်းကို လုပ်ပိုင်ခွင့်ရထားတဲ့ မြန်မာ့ စေတနာ အများပိုင် ကုမ္ပဏီအကြောင်း ဘယ်သူမှ မသိပါဘူး။ အဲဒီကုမ္ပဏီ အကြောင်းကို ကောင်းကောင်း သိတဲ့သူဆိုလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် တချို့ပဲ ရှိပါတယ်။

ဒီမြေ ဧက သုံးသောင်းကျော် အကျယ်အဝန်းရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ပုဂ္ဂလိက ကုမ္ပဏီတခုက အကောင်အထည် ဖော်နိုင်ဖို့ ခွင့်ပြုပေးပြီးပြီ ဖြစ်တဲ့အကြောင်း၊ အဲဒီ ကုမ္ပဏီကပဲ ဆက်လက် လုပ်ဆောင် သွားပြီးတော့ မြို့ပြ လိုအပ်ချက်အရ ငွေကြေး ခိုင်မာ တောင့်တင်းတဲ့ ကုမ္ပဏီကို ရွေးချယ်လိုက်တာ ဖြစ်ကြောင်း၊
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးတဲ့အတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သဝဏ်လွှာကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ဖတ်ကြားပြီး ၁ လကျော် အကြာမှာတော့ စီမံကိန်း ရပ်ဆိုင်းသွားခြင်းပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading