မြန်မာနိုင်ငံ ဆက်သွယ်ရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခွင့် ရထားပြီဖြစ်သော နော်ဝေးနိုင်ငံ တယ်လီနော(Telenor) ကုမ္ပဏီ ၏ ဖုန်း ဆင်းကတ်(Sim Card) များကို မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
2G နှင့် 3G ကွန်ရက် အသုံးပြုနိုင်မည့် အဆိုပါ တယ်လီနော ဖုန်းဆင်းကတ်များကို တကတ်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိသွားမည်ဖြစ်သည်ဟု စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ တယ်လီနော ရုံးချုပ်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် တယ်လီနောမြန်မာ ၏ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“မန္တလေးမြို့မှာ စက်တင်ဘာ ၂၇ ရက်ကစတင်ပြီး တယ်လီနော ဖုန်းတွေကို ရောင်းချပါ့မယ်။ ဖုန်း ဆင်းကတ် တွေကိုလည်း လုံလုံ လောက်လောက် ချထားပေးပြီးဖြစ်ပါတယ်။ မန္တလေးမြို့ကို စတင်ဖြန့်ချိတဲ့ ရက်ကစပြီး တပတ်ကြာတဲ့ အခါမှာ နေပြည်တော်ကို ထပ်မံဖြန့်ချိပါမယ်။ နေပြည်တော်ကို ဖြန့်ချိပြီး ၂ ပတ်ကြာတဲ့အခါမှာ ရန်ကုန်မှာ ဖြန့်ချိမှာဖြစ်ပါတယ်။ တာဝါတိုင်တွေ စိုက်ထူတဲ့ နေရာမှာ တချို့နေရာတွေမှာ လုပ်ခွင့်ပါမစ် အခက်အခဲလေးတွေ တချို့ရှိခဲ့တဲ့အတွက် ကွန်ရက် အကောင်းဆုံးဖြစ်တဲ့ မန္တလေးမြို့မှာ စတင်ဖြန့်ချိရခြင်းဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
တယ်လီနော ဖုန်းကတ် များကို မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်များနှင့်မဆို အသုံးပြုနိုင်ကြောင်း၊ ဖုန်းခေါ်ဆိုမှုအဖြစ် ပြည်တွင်း ရှိ မည်သည့်ဖုန်းကိုမဆို တမိနစ်လျှင် ၂၅ ကျပ်နှုန်း၊ စာတိုပေးပို့မှု (SMS) များကို တစောင်လျှင် ၁၅ ကျပ်နှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် BlackBerry ဖုန်းများနှင့် အသုံးပြုမည်ဆိုပါက အင်တာနက် Website, သီချင်း၊ ရုပ်သံဖိုင်များကို အသုံးပြု၍ရသော်လည်း Email နှင့် SMS စနစ်များကို အသုံးပြု၍ရမည်မဟုတ်ကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို Mr. Petter Furberg က ပြန်လည်ဖြေကြား သည်။
တယ်လီနော ဖုန်းကတ်များအတွက် ငွေဖြည့်ကတ် Top Up Card များကိုလည်း ကျပ် ၁ ထောင်၊ ကျပ် ၃ ထောင်၊ ကျပ် ၅ ထောင်၊ ကျပ် ၁ သောင်း စသည်ဖြင့် ဝယ်ယူရရှိနိုင်ပြီး တခြားငွေဖြည့်ကတ်များကဲ့သို့ ခဲခြစ်ကတ်များအပြင် အီလက်ထရွန်နစ် စနစ်ဖြင့် ပြုလုပ် ထားသော Electronic Log- E Log စနစ် ငွေဖြည့်ကတ်များပါ ထုတ်ဝေသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ပါဝင်သော မြို့များ၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း မြို့နယ်များသို့ ဖြန့်ချိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းဆင်းကတ် များတွင် အင်တာနက် အသုံးပြုရန်အတွက် 2G ကွန်ရက်ကို အဆင်သင့် ထည့်သွင်းထားပြီး 3G ကွန်ရက် အသုံးပြုလိုသူများအနေဖြင့် အဆိုပါ ဖုန်းကတ်မှတဆင့် SMS စနစ်ဖြင့် ပြန်လည်ရွေးချယ် အသုံးပြုနိုင်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ်က ရှင်းပြသည်။
“မန္တလေးမြို့ပေါ်မှာ 2G ကွန်ရက်ဖုန်းတွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ နေရာတိုင်းမှာ အသံပြတ်သားတဲ့အပြင် အင်တာနက်ကွန်ရက် အသုံးပြုရာမှာလည်း အလွန်မြန်ဆန်စေမှာ ဖြစ်ပါတယ်။ 3G ကွန်ရက် အသုံးပြုမယ်ဆိုရင်တော့ လက်ရှိမှာ မြို့လယ်လောက်သာ အပြည့်အ၀ အသုံးပြုနိုင်မှာဖြစ်တယ်။ ကျနော်တို့လည်း အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် စီစဉ်နေသလို လိုအပ်တဲ့ တာဝါတိုင်တွေ ၁၈ တိုင်လောက်အထိ ထပ်မံဖြည့်တင်းမှာပါ”ဟုလည်း ၎င်းက ပြောသည်။
2G ကွန်ရက်ဖြင့် အသုံးပြုနိုင်သော Facebook, Viber, Email, Gmail စသည်များအတွက် တပတ်လျှင် 100 MB အတွက် ကျပ် ၅၀၀၊ တလလျှင် 500 MB အတွက် ကျပ် ၁၉၀၀ နှုန်း၊ 3G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုလျှင် 2G ကွန်ရက်တွင် အသုံးပြုနိုင်သည်များထက် You Tube, Skype, Video Call, Internet Game များလည်း အသုံးပြုနိုင်မည်ဖြစ်ပြီး တလလျှင် 1 GB အတွက် ကျပ် ၆၆၀၀ နှုန်းကျသင့်မည် ဖြစ်ကြောင်း သိရသည်။