ပြည်ပနိုင်ငံ အသီးသီး၌ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ အလုပ်ရှင်များ၏ အနိုင်ကျင့်၊ နှိမ့်ချဆက်ဆံမှုများကို ခံနေရသကဲ့သို့ ထိုနိုင်ငံ အစိုးရများ၏ ကာကွယ်ပေးမှု အားနည်းခြင်းကိုလည်း ခံနေကြရသည်။
နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ခွဲခြားဆက်ဆံနေခြင်းကို ယခင် စစ်အစိုးလက်ထက်မှ ယနေ့တိုင် အနှိမ်ခံနေရဆဲ ဖြစ်သည်။ အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံး တည်ရှိရာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာ နိုင်ငံသားများသည် ၎င်းတို့၏ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရသည့် အနေအထား ဖြစ်နေသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ထိုင်းရဲများ၊ အလုပ်ရှင်များ၏ ခွဲခြားဆက်ဆံမှု၊ အနှိမ်ကျင့်မှုများကို ဆယ်စုနှစ်ချီ ၍ ခံနေကြရသော်လည်း မြန်မာ အစိုးရအနေဖြင့် မိမိတို့နိုင်ငံသားများအား ကာကွယ်ပေးရန် အားနည်းနေသည်မှာလည်း ယနေ့တိုင် ဖြစ်သည်။ ထိုင်းနိုင်ငံ၌ ပြစ်မှုတခုခု ဖြစ်ပွားပြီး တရားခံ အတိအကျ မသိသေးပါက နီးစပ်ရာ မြန်မာနိုင်ငံသားများကို စွပ်စွဲခြင်း၊ ဖမ်းဆီးခြင်းတို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
ထို့အတူ ပြစ်မှုတခုခုဖြစ်ပါက မြန်မာနိုင်ငံသားများအား ဓားစာခံအဖြစ် အသုံးချ၍ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ ရှိကြောင်း၊ တရားခံ အစစ်မဟုတ်ဘဲ စွပ်စွဲရုံဖြင့် ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ ထောင်တချို့တွင် ရှိနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ဧရာဝတီကို ပြောကြသည်။
ထိုင်းနိုင်ငံရှိ ခရီးသွားများ လည်ပတ်ရာ ထိုင်းတောင်ပိုင်း၊ ခိုတောင်ကျွန်း၌ ဗြိတိသျှ နိုင်ငံသား ၂ ဦး စက်တင်ဘာလ ၁၆ ရက်နေ့က အသတ်ခံရခြင်းနှင့် ပတ်သက်၍ လူသတ်သမားများသည် မြန်မာ ၃ ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာဖြင့် ကမ္ဘာကို ဖြန့်ချိခဲ့သည်။
သို့သော် နောက်တနေ့တွင် လူသတ်တရားခံသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း၊ ဗြိတိသျှ နိုင်ငံသား အချင်းချင်း သတ်ဖြတ်မှုဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ဖမ်းထားသည့် မြန်မာ ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ထိုသတ်မှု၏ တရားများသည် အာရှတိုက်သားများသာ ဖြစ်ကြောင်း ပြောဆိုနိုင်ပြီး ယနေ့တိုင် အတိအကျ မသိရသေးပေ။
“ထိုင်းနိုင်ငံမှာ တခုခုဖြစ်ရင် မြန်မာနိုင်ငံသားတွေကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက်တာတွေက သဘာဝတခုလို ဖြစ်နေတယ်၊ တချို့ဆိုရင် ဖမ်းဆီး စစ်ဆေးရုံမက ရိုက်နှက်စစ်ဆေးတာတွေနဲ့ ကြုံနေရတယ်” ဟု ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
မြန်မာ အစိုးရအနေဖြင့် ထိုင်းအစိုးရနှင့် ပူးပေါင်း၍ မိမိတို့ နိုင်ငံသားများကို ဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား လိုသလို နိုင့်ထက်စီးနင်း လုပ်ဆောင်ခြင်းသည် မြန်မာအစိုးရ၏ မိမိနိုင်ငံသားများအပေါ် အလေးမထားခြင်းကြောင့် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
“မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးတာအပြင် ထိခိုက်ဒဏ်ရာ ရစေတဲ့အထိ စစ်ဆေးခံရတယ် ဆိုရင်တော့ ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်အောင် ထိုင်းရှေ့နေနဲ့ လုပ်ဆောင်သွားဖို့ ကျနော်တို့ စီစဉ်နေပါတယ်၊ အစိုးရ အနေနဲ့လည်းပဲ ကိုယ့်နိုင်ငံသားတွေအပေါ် အလေးထားစေချင်တယ်” ဟု ဦးထူးချစ်က ဆိုသည်။
ဗြိတိသျှနိုင်ငံသား ၂ ဦးအား သတ်သည့် လူသတ်တရားခံအား ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေး၍ လူသတ်မှု ဖြစ်ပွားခဲ့သည့် ခိုတောင်ကျွန်း တခုလုံးရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးနေကြောင်း၊ ထို့ကြောင့် အလုပ်သမား အများစုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သိရသည်။
“ဗြိတိသျှနိုင်ငံသား ၂ ဦးသေတာကို ကျတော့ နိုင်ငံတော်အဆင့် မူခင်းအဖြစ် အရေးတယူ လုပ်ဆောင်နေတာ တွေ့ရတယ်၊ ပြီးခဲ့တဲ့လမှာပဲ ကျနော်တို့ နိုင်ငံသား အလုပ်သမား ၂ ဦး အသတ်ခံရတာကို ဘာသတင်းမှ ထုတ်ဖော်ပြောဆိုတာ မရှိဘူး၊ ကျနော်တို့ မြန်မာမိန်းကလေးတချို့ ဆိုရင်လည်း မုဒိမ်းကျင့်ခံရတာမျိုး၊ နိုင့်ထက်စီးနင်း လုပ်ခံရတာမျိုးတွေ ခဏခဏပဲ။ ဒါပေမယ့် ထိုင်းအစိုးရက ဘာမှ မပြောဘဲ ရေငုံနုတ်ပိတ်နေတယ်” ဟု ဦးထူးချစ်က ဆိုသည်။
ထိုင်းအစိုးရက မြန်မာများအပေါ် အလေးမထားခြင်းသည် မြန်မာအစိုးရက မိမိနိုင်ငံသားများအပေါ် အလေးမထား၍ ဖြစ်ကြောင်း၊ ကြီးမားသည့် ပြစ်မှုများတွင် မတရား ဖမ်းဆီးခံရသည့် မိမိနိုင်ငံသားများအတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အလေးထား လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လူအခွင့်အရေးဆိုင်ရာ အကြံပေးနိုင်မည့် အစိုးရ ရှေ့နေများ ထားရှိ၍ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
အလားတူ မလေးရှားနိုင်ငံ ရောက်နေသည့် မြန်မာနိုင်ငံသားများသည်လည်း ခြိမ်းခြောက်မှု၊ အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၂ နှစ် ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ မိတ္ထီလာအရေးအခင်း ဖြစ်ပွားခဲ့ချိန်မှစ၍ တလလျှင် အနည်းဆုံး ၂ ဦးကျ သေဆုံးနေကြောင်း၊ သို့သော် ယနေ့အထိ တရားခံတဦးမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် လူမှုအဖွဲ့ တချို့က ဧရာဝတီသို့ ပြောသည်။
၇ ရက် သားသမီး နာရေးကူညီမှု အသင်း (ကပုန်း) မှ ဥက္ကဌ ဦးဆန်းဝင်းက “တလကို အနည်းဆုံး ၂ ဦးနှုန်းလောက် ပုံမှန် အသတ်ခံနေရပါတယ်။ အဓိကတော့ ကျနော်တို့နိုင်ငံ သမ္မတနဲ့ အစိုးရအဖွဲ့က ကိုယ့်နိုင်ငံသားတွေအပေါ် တာဝန်ယူမှု နည်းလို့ပါ။ တရားခံတွေ ဖော်ထုတ်ပေးဖို့ မလေးရှား အစိုးရကို ဖိအားပေးတာမျိုး တခါမှ မလုပ်ဖူးသေးဘူး” ဟု ပြောသည်။
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားများအား ဆက်တိုက် အကြမ်းဖက် တိုက်ခိုက်ခံနေရမှု၊ အသတ်ခံနေရမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ မေးမြန်းဆွေးနွေးခဲ့သည်။
ပြည်ပရောက် မိမိတို့ နိုင်ငံသားများအား အစိုးရအနေဖြင့် လက်ရှိထက် အလေးထား ဆောင်ရွက်ပေးရန် ပြောဆိုခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖြစ်စဉ်များကို ဆောင်ရွက်နေကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လွှတ်တော်၌ ဖြေဆိုခဲ့သည်။
ထို့အတူ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများအား တည်ဆဲ ဥပဒေများ နှင့်အညီ အကာအကွယ်ပေးနိုင်ရန် မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဌထံ သဝဏ်လွှာ ပေးပို့သွားမည်ဟု ဖြေဆိုခဲ့ သည်။
မလေးရှား နိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ ရခိုင်အမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် စသည့် ပုဂ္ဂိုလ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့စဉ် လုပ်ကြံတိုက်ခိုက်မှု ခံခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
၎င်းတို့ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မလေးရှား အစိုးရနှင့် ရန်ကုန်မြို့တို့၌ တိုင်ကြားထားသော်လည်း ယနေ့အထိ တရားခံ အတိအကျ မဖော်ထုတ်နိုင်သေးပေ။
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “မင်္သကာသူ တချို့ကို ဖမ်းဆီး စစ်ဆေးနေတယ် ဆိုတာရယ်၊ နှစ်နိုင်ငံအစိုးရ ရဲ၊ ထောက်လှမ်းတွေက စုံစမ်းနေဆဲပဲ ဆိုတာ သိရပါတယ်၊ ဒါပေမယ့် တိတိကျကျတော့ ဘာမှ ထူးခြားမှု မရှိသေးပါဘူး” ဟု ဆိုသည်။
ပြည်ပနိုင်ငံများရှိ မိမိနိုင်ငံသားများအား အစိုးရ၏ တာဝန်ယူစောင့်ရှောက်ရန် အစိုးရတိုင်းတွင် တာဝန်ရှိကြောင်း၊ အထူးသဖြင့် အာဆီယံ ဥက္ကဌတာဝန် ယူထားသည့် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပိုမိုတာဝန်ရှိကြောင်း၊ မလေးရှားနိုင်ငံ၌ ဖြစ်ပျက်နေသည့် အမှုအခင်းများနှင့် ပတ်သက်၍လည်း မလေးရှား အစိုးရကို တွန်းအားပေးမှု မရှိကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“အစိုးရ အနေနဲ ပြည်ပမှာ မိမိနိုင်ငံသားတွေ ဖြစ်ပျက်နေတာကိုတွေ သိပုံလည်းမပေါ်သလို တာဝန်ယူမယ့်ပုံလည်း မတွေ့ရသေးဘူး။ အရင် စစ်အစိုးရ လက်ထက်ကဆိုရင် ပိုဆိုးတာပေါ့။ ပြည်ပရောက်တွေကို ကိုယ့်နိုင်ငံသားတွေလို့တောင် မသတ်မှတ်ခဲ့ဘူး” ဟု ဆိုသည်။
ထို့အတူ အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံသားဖြစ်သည့်အတွက် ခွဲခြားမဆက်ဆံသင့်ကြောင်း၊ အာဆီယံ ဥက္ကဌ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံသားများ လုံခြုံရေးအတွက် တခြားနိုင်ငံ အစိုးရများကို အထူးအလေးထား တိုက်တွန်းသင့်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
မြန်မာနိုင်ငံသား၊ အလုပ်သမားများသည် ပြည်ပနိုင်ငံများတွင် သာမက မိမိတို့ နိုင်ငံတွင်း၌ပါ အစိုးရ၏ အကာအကွယ်ပေးမှုကို အပြည့်အ၀ မရကြပေ။ အလုပ်ရှင်၊ အလုပ်သမားခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ လျစ်လျူ ရှုခြင်းကို ခံနေကြရသည်။
ရန်ကုန်ဒေသရှိ တရုတ်၊ ကိုးရီးယား စသည့် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ချိန်ကို ပိတ်ရက်မရှိ လုပ်ရခြင်း၊ အချိန်ပို ဆင်းရသည့်တိုင် အချိန်ပိုကြေးကို အပြည့်အ၀ ခံစားခွင့်မရခြင်း စသည်တို့ကြောင့် သက်ဆိုင်သူများထံ တင်ပြတောင်းဆိုသော်လည်း ထူးခြားမလာ၍ ဆန္ဒပြတောင်းဆိုပါကလည်း ဖမ်းဆီးခံရခြင်းတို့ကိုသာ ကြုံတွေ့နေကြရသည်။
ထိုသို့ ပြည်တွင်း ပြည်ပရှိ သန်းချီသော မြန်မာအလုပ်သမားများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့်တိုင် ဦးသိန်းစိန် အစိုးရ၏ တာဝန်ယူမှု ကင်းမဲ့ခြင်း၊ အလေးထား လုပ်ဆောင်မှု အားနည်းခြင်းတို့သည် လူအများ၏ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲဖြစ်သည်။