အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးလှဆွေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး လက်ရှိ အခြေအနေများအပေါ် သူ၏ ဝေဖန်တုံ့ပြန်ချက်များကြောင့် လူသိများလာသူ ဖြစ်သည်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင်လည်း သူ၏ ပြောဆို ရေးသားချက်များကြောင့် အများ၏ စောင့်ကြည့်ခြင်းကို ခံရသူတဦးဖြစ်သည်။ လွှတ်တော် အမတ် ဦးလှဆွေ၏ လတ်တလော လှုပ်ရှားမှုများ၊ လွှတ်တော်အမတ်တယောက် အနေဖြင့် ခံယူချက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဦးလှဆွေ အခုတလော ဘာတွေ လုပ်နေလဲ။
ဖြေ ။ ။ အခု လွှတ်တော်မှာ ခွင့် ၂ ရက် ယူပြီး စနေ၊ တနင်္ဂနွေနဲ့ ပေါင်း ၄ ရက်ကို ကျနော့်ဒေသ ဆောမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်နေတယ်။ အခု ဆောနယ်မှာ သိန်း ၆၀၀၀ တန် စလင်းချောင်းကူး တံတားကြီး ပြီးစီးတဲ့အခြေအနေကို သွားကြည့်နေတာ။ ပြီးရင် ဒီဘက်က ဆောနဲ့ ဇီးကုန်းနဲ့ လောင်းရှည်ကြားက၊ လောင်းရှည်ဆိုတာ သီပေါမင်းရဲ့ မယ်တော်ကြီးနေခဲ့တဲ့ ရွာပေါ့ဗျာ။ ရာဇဝင်ထဲကမြို့ပေါ့။ အဲဒီမှာ တံတား ၇ စင်း ထိုးနေတာကို ကျနော်သွားကြည့်တာ။ ကျနော် လုပ်ငန်းအခြေအနေတွေ ကွင်းဆင်း စစ်ဆေးတယ်။ အခုလည်း ဒေသခံတွေနဲ့ တွေ့ပြီး စကားပြောတော့မှာ။
မေး ။ ။ ဖေ့စ်ဘုတ်ကို အခုနောက်ပိုင်း တော်တော်လေး သုံးလာတာ တွေ့ရတယ်။ ဖေ့စ်ဘုတ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘယ်လို ရှိလဲ။
ဖြေ ။ ။ ဖေ့စ်ဘုတ်သုံးလိုက်မှပဲ လူတွေ တော်တော်များများဟာ တော်တော်လေး ပိုးစိုးပက်စက် အဆင့်အတန်း နိမ့်နေတာ တွေ့ရတယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်မှာပဲ အင်မတန် ထူးချွန်ထက်မြက်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ နှစ်မျိုးတွေ့ရတာပေါ့ ။ ဖေ့စ်ဘုတ်သုံးတဲ့သူတွေဟာ ပညာတတ်တဲ့သူတွေ ဖြစ်မယ်လို့ ကျနော်ထင်တယ်။ အဲဒီ ပညာတတ်တဲ့ အသိုင်းအဝိုင်းမှာကိုပဲ တကယ့်ကို ပိုးစိုးပက်စက် ပြောဆိုနေတဲ့ဟာတွေကို တွေ့ရတော့ ကျနော်
မြန်မာပြည်ရဲ့ လူလတ်တန်းစားလို့ ခေါ်တဲ့ လူတချို့ဟာ အဆင့်အတန်း မရှိဘူးဆိုတာ သွားတွေ့တယ်။
ကျနော်တော့ ဘာမှ မပြောချင်ပါဘူး။ သူ့တို့ သဘောနဲ့ သူတို့ပေါ့ဗျာ။ ဥပမာ ကလေးတယောက်ဆိုရင် ဦးလှဆွေတဲ့၊ Friend အဖြစ် လက်ခံပေးပါတဲ့။ ခင်ဗျားကို ဆဲချင်လို့တဲ့။ ကျနော်လည်း လက်ခံပေးလိုက်ပါတယ်၊ ဆဲစေလို့။ ဒါဟာ
တဦးချင်းစီရဲ့ ခံယူချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်ကတော့ အားလုံးကို မေတ္တာထားပါတယ်။
မေး ။ ။ ဦးလှဆွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထဲကို ဘယ်လို ဝင်သွားတာလဲ။
ဖြေ ။ ။ ကျနော်တို့က ကြံ့ခိုင်ရေးမှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ရွေးကောက်ပွဲ ဝင်ခါနီးမှ ကြံ့ခိုင်ရေးပါတီဝင် ဖြစ်သွားတာ။ သို့သော် ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကျနော့်ဒေသရဲ့ ကြံ့ခိုင်ရေးမှာ နာယက လုပ်ဖူးတယ်။ ကျနော်က ခ.ဝ.တ ဥက္ကဌ ဖြစ်တော့ ကြံ့ခိုင်ရေးရဲ့ နာယကပဲလေ။ နောက်တချက်က အစိုးရ ဝန်ထမ်းဘဝမှာ အစိုးရကို အတိုက်အခံ
လုပ်ခဲ့တဲ့သူတချို့ကတော့ NLD ဖြစ်သွားကြတယ်။ အစိုးရကို ပြဿနာရှာပြီး ဝန်ထမ်းဘဝက ထွက်တဲ့သူတွေနဲ့ ပြဿနာမျိုးစုံနဲ့ ထွက်တဲ့သူတွေ အကုန်လုံး NLD မှာ သွားစုနေတာပေါ့။ ကျနော်တော့ အဲလိုမြင်တယ်။
မေး ။ ။ စစ်သားကနေ နိုင်ငံရေးသမား ဘယ်လို ဖြစ်လာတာလဲ။
ဖြေ ။ ။ သူတို့က ကျနော့်ကို လာခေါ်တာ။ ကျနော်က အဲဒီအချိန်မှာ တပ်ကနေ အငြိမ်းစားယူပြီး ရွာပြန် လယ်ထွန်နေတာ။ လာခေါ်လို့ ပါသွားတာပေါ့ ။ ကျနော်က လယ်ထွန်နေတာ။
မေး ။ ။ စစ်သား၊ အရာရှိ လုပ်ရတာနဲ့ နိုင်ငံရေးသမား၊ လွှတ်တော် ကိုယ်စားလှယ် လုပ်ရတာ ဘယ်လိုကွာလဲ။ ဘယ်အလုပ်က တိုင်းပြည်ကို ပိုအကျိုးပြုနိုင်လဲ။
ဖြေ ။ ။ လွှတ်တော်ထဲကို ရောက်သွားရတာ အတန်းအစား အလွှာတရပ်ဆီကို ရောက်သွားတာပေါ့။ နောက်တခါ ဝန်ကြီးတွေ အစိုးရအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံရလို့ တိုင်းပြည်ဖွံ့ဖြိုးရေးကို ပိုလုပ်နိုင်တယ်။ ကျနော် ခ.ဝ.တ ဥက္ကဌ ဘဝကဆိုရင် ကျနော့်နယ်ကလွဲရင် ဘယ်မှ သွားလို့မရဘူး။ အစည်းအဝေး တက်တာလောက်ပဲ အပြင်သွားလို့ရတာ။
အခုကျတော့ ကိုယ်စားလှယ် တယောက်အနေနဲ့ အစိုးရအဖွဲ့အထိ တက်ပြီး တောင်းဆိုလို့ရတဲ့အတွက် ဒေသကပိုပြီး ဖွံ့ဖြိုးလာတယ်။ ပိုတိုးတက်တယ်။ ပိုပြီးတော့လည်း တောင်းဆိုလို့ ကောင်းတယ်။ အမတ်ဖြစ်ရတာ ပိုပြီးတော့
ဒေသအတွက် အကျိုးရှိတယ်။ ကျနော်ကတော့ ရာထူးဆိုတာ ရူးတာလို့ပဲ ပြောချင်တယ်။ ကျနော် ဒုဝန်ကြီးတွေ၊ ဝန်ကြီးတွေဖြစ်ဖို့ စိတ်မဝင်စားဘူး။
မေး ။ ။ တချို့က စစ်သားလုပ်ပြီးရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးတွေပါ အကုန်လုပ်တတ်ပြီလို့ ထင်နေကြတယ်။ အဲဒါကို ဦးလှဆွေ လက်ခံလား။
ဖြေ ။ ။ ဘာမှ မတတ်သေးဘူးလို့ပဲ မြင်တယ်။ ကျနော်တို့ စစ်သားလုပ်ခဲ့ပေမယ့် သင်ယူနေရဆဲပါပဲ။
မေး ။ ။ သမ္မတ ဦးသိန်းစိန်က အခုလို တိုင်းပြည်တည်တည် ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းနိုင်ခဲ့တာ စစ်တပ်ကို ကျေးဇူးတင်ရမယ်လို့ ပြောတယ်။ သဘောတူလား။
ဖြေ ။ ။ သဘောတူတယ်။ ကျနော်တို့ရှေ့မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်။ ကျနော်တို့ နိုင်ငံက အတည်ငြိမ်ဆုံးပဲ။ ဒါကို ကျနော်တို့ လက်တွေ့ပြနိုင်တယ်။ အီဂျစ်ကို ကြည့်လိုက်၊ စစ်တပ်က ပြန်သိမ်းသွားပြီ။ ထိုင်းမှာ စစ်တပ်က ပြန်သိမ်းသွားပြီ။ ကျန်တဲ့ အာရပ်နွေဦးဆိုတဲ့ အဖွဲ့တွေအားလုံး ပြဿနာတက်နေတယ်။
ကျနော်တို့ ၈၈ မှာကြုံခဲ့တဲ့ ခေါင်းဖြတ်သတ်တာတွေ အားလုံးက အခုမှ အာရပ်မှာ စနေတယ်။ ဒါမျိုးတွေ ကျနော်တို့ တိုင်းပြည်မှာ မဖြစ်တော့ဘူး။ ဖေ့စ်ဘုတ်လောကမှာ တပ်ဆိုရင် သောက်မြင်ကတ်တယ်လို့ ပြောကြပေမယ့်
သတင်းစာထဲမှာတော့ ဗိုလ်ကြီးတွေနဲ့ချည်းပဲ မင်္ဂလာဆောင်နေကြတာပဲ။
တပ်ဝင်လာမှ ငြိမ်သွားတယ်ဆိုတဲ့ ကိစ္စမျိုးကို ကြည့်ချင်ရင် မိထ္တီလာ ပဋိပက္ခကို ကြည့်လိုက်။ တပ်ကို မြန်မြန်လာပါ။ မြန်မြန်လာပါဆိုပြီး ခေါ်ရတဲ့ အနေအထား ရှိတယ်။ တပ်မရှိရင် မိတ္ထီလာအရေးဟာ ဒီထက်ပိုဆိုးနိုင်တယ်။
မေး ။ ။ အဲလို တပ်ဝင်ပါမှ ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ဖန်တီးပေးနေတာကိုရော ဘယ်လိုမြင်လဲ။ ဆိုလိုတာက အရပ်သား နိုင်ငံရေးသမားတွေက ခေါင်းမထောင်နိုင်လို့ တပ်က ဝင်ပါနေရတဲ့ ပုံစံမျိုးလား။
ဖြေ ။ ။ အရပ်သားတွေ ခေါင်းထောင်နိုင်မယ်လို့လည်း မထင်ဘူး။ အဲဒါကြောင့်မိုလို့ NLD က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား နိုင်ငံရေးသမားတွေထဲက ၂၀၁၅ မှာ ခေါင်းဆောင်နိုင်လိမ့်မယ်လို့ မမြင်ဘူး။ ၂၀၁၅ မှာ NLD ပါတီ လုံး၀ အပြတ်အသတ် နိုင်မယ်လို့ မထင်ဘူး။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် Angry Bird လို့ ခေါ်ခဲ့တာလဲ။
ဖြေ ။ ။ သူက စိတ်ဆိုးနေတဲ့ ငှက်မကြီးနဲ့ တူလို့ပါ။ ဘာလို့ ခေါ်ရလဲဆိုတော့ သူက တပ်ကုန်းက အဖိုးကြီးကို အော်၊ ငေါက်နေတာကိုး။ မှတ်တမ်းတင်ထား၊ ဘာထားဆိုပြီးတော့ အော်နေတဲ့ သူ့ပုံစံက ခွပ်ဒေါင်းနဲ့ မတူဘဲ စိတ်ဆိုးနေတဲ့
ငှက်တကောင်နဲ့တူလို့ Angry Bird လို့ ပြောလိုက်တာ။ ခွပ်ဒေါင်းဆိုတာ တကယ့် အားမာန်ပြည့်ဝနေပြီး အတိုက်အခံ လုပ်တဲ့သူတွေ။ အမျိုးဂုဏ် ဇာတိဂုဏ် ဝံ့ကြွားနေတဲ့ ဒေါင်းဖြစ်တယ်။ သူပုံစံက အဲဒီအချိန်မှာ ခွပ်ဒေါင်းနဲ့ မတူတော့ဘူး။
မေး ။ ။ တိုင်းပြည်မှာ စစ်ထောက်လှမ်းရေး အားကောင်းခဲ့တုန်း ဦးလှဆွေ ဘာတာဝန်ထမ်းဆောင်နေလဲ။ ဗိုလ်ချုပ် ခင်ညွှန့် ဦးဆောင်ခဲ့တဲ့ အဲဒီ အဖွဲ့အစည်း နိဂုံးချုပ် မကောင်းခဲ့ရတာ ဘာကြောင့်လဲ။
ဖြေ ။ ။ ကျနော်က အဲဒီအချိန်မှာ ခ.ယ.က ဥက္ကဋ္ဌ လုပ်နေတာပေါ့။ အဲဒီအချိန်မှာ မကောင်းတဲ့သူကို မကောင်းဘူးလို့ပဲ ပြောတယ်။ ကျနော် မကြောက်တတ်ဘူး။ ထောက်လှမ်းရေးလည်း မကြောက်ဘူး။ ထောက်လှမ်းရေးက ဆွယ်မှူးက ကျနော်တို့ ဂန့်ဂေါမှာ ရှိတယ်။ သူက တပ်ကြပ်ကြီး အဆင့်ပေါ့။ သူက ကျနော့်ဆရာ အငြိမ်းစား ဗိုလ်မှူးကြီးဖြစ်တဲ့ အရင် ခ.ယ.က ဥက္ကဋ္ဌ လုပ်သွားတဲ့ တယောက်ကို ဟေ့ကောင် … မင်းပြုတ်သွားချင်လားဆိုပြီး ပြောတယ်တဲ့။ ကျနော် ကြားတာ။
ကျနော့် လက်ထက်မှာလည်း ကျနော့်ကို စောင့်ကြည်မယ်တဲ့။ သတိထားဆိုပြီး ပေါ်တင် စိန်ခေါ်တာပေါ့။ စိန်ခေါ်တော့ ကျနော်က ကျနော့်နယ်ထဲမှာ သူတို့ အလကားနေရင် မလိုအပ်ဘဲ ဖွင့်ထားတဲ့ ပိုက်ဆံကောက်တဲ့ ဂိတ်တခုကို
မီးသွားရှို့လိုက်တယ်။ အဲဒီမှာ ကျနော့်ကို အပြုတ်ဖြုတ်မယ်ဆိုပြီး ကျနော်မှားကွက်တွေကို လိုက်ရှာပြီး အချက်အလက်စုနေတဲ့ အချိန်မှာ သူတို့ ခေါင်းဆောင် ဦးခင်ညွှန့်ကစပြီး ထောက်လှမ်းရေး တဖွဲ့လုံး
ပြုတ်သွားတော့တာပဲ။
ထောက်လှမ်းရေးက အဲဒီခေတ်တုန်းက မဟုတ်တာ အကုန်လုပ်တယ်။ ထောက်လှမ်းရေးဆိုတာမျိုးက ပြည့်တန်ဆာမကို ပေါင်ပေါ်မှာထားပြီး ဖဲရိုက်လို့ရတယ်။ ဘာလုပ်တာလဲလို့ မေးရင် သူက သတင်းယူနေတာလို့ ဖြေလိမ့်မယ်။ သူတို့က
မဟုတ်တာမှန်သမျှကို တရားဝင် လုပ်ခွင့်ရှိနေတဲ့ အဖွဲ့အစည်း ဖြစ်နေခဲ့တာ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ကြံ့ခိုင်ရေးပါတီဘက်က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်နေပြီလဲ။
ဖြေ ။ ။ အဓိက ကတော့ လူထုကို ကျနော်တို့ဟာ အရင်လို မဟုတ်တော့ပါဘူးဆိုတာကို ကြံ့ခိုင်ရေးက လူတွေဟာ ထွက်ပြဖို့ လိုပြီ။ ပြလည်း ပြနိုင်ရမယ်။ Reform အဆင့် မဟုတ်တော့ဘဲနဲ့ Change အဆင့်အထိ သွားရမယ်။ Change အဆင့်ထက် ပိုပြတ်သားတဲ့ Move အဆင့်ကို ပြောင်းရမယ်လို့ ကျနော်ပြောချင်တယ်။ လုံးဝကို ရွေ့သွားရမယ်။ Move လုပ်ရမယ်ဆိုတာ ကျနော့်ရဲ့ မူပဲ။ Move အဆင့်ကို သွားမှသာလျှင် ကျနော်တို့ အောင်မြင်လိမ့်မယ်။
မေး ။ ။ အခု တိုင်းပြည်မှာ ပုံဖော်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုက အောင်မြင်တယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ပြည်သူလူထုရဲ့ တကယ့်လိုအပ်ချက်တွေကို လုပ်ဆောင်နိုင်ပြီလားဆိုတဲ့ မေးခွန်းရှိတယ်။ ဒီမိုကရေစီ ခေတ်ကို ရောက်တဲ့အခါမှာ ပြည်သူတွေက သူတို့ရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ Want ဆိုတာတွေကို ပြောကြတယ်။
အဲဒီအချိန်မှာ တာဝန်ရှိတယ်ဆိုတဲ့ လူကြီးတွေက Want ကို မပြောခိုင်းဘဲနဲ့ Need ကိုပဲ ပေးသွားတယ်။
အဲဒီအချိန်မှာ ကျနော်ပြောချင်တာက Want တွေ၊ Need တွေ နောက်မှပြော၊ Rights ရအောင် အရင်လုပ်ကြပါလို့ ကျနော်က တွန်းအားပေးရတယ်။ Rights ဆိုတာ ဘာလဲဆိုတော့ လူတယောက်ဟာ လမ်းကောင်းကောင်းမှာ သွားချင်တယ်၊ လျှပ်စစ်မီးလေး လိုချင်တယ်။ စာသင်ကျောင်းကို နီးနီးနားနားမှာ ရှိချင်တယ်။ ဆေးခန်းမှာ ဆရာဝန်နဲ့ ဆေးကုချင်တယ်။ ဒါတွေက Rights ပဲ။ အဲဒါမျိုးတွေကို ပြုပြင်ပြောင်းလဲပေးနိုင်ရင် အောင်မြင်မှာပဲ။
မေး ။ ။ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်ဖို့ Third Wave ဆိုပြီးတော့ လုပ်တယ်။ အဲဒီပြုပြင်ပြောင်းလဲမှုတွေက အောက်ခြေကို ရောက်ရဲ့လား။ အောက်ခြေမှာ ဘယ်လောက် အပြောင်းအလဲတွေ ဖြစ်နေပြီလဲ။
ဖြေ ။ ။ ပြောင်းပြီဆိုပေးမယ့် ပြန်ဆွဲနေတာမျိုးတွေလည်း ရှိနေတယ်။ အကော်ဒီယံကို ရှေ့ကဆွဲတဲ့အခါ နောက်ကလိုက်ကပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဥပမာ ဖုန်းဆင်းမ်ကတ်တွေ ချရောင်းတယ်။ ၁၅၀၀ နဲ့ ။ အရင်တုန်းက သိန်း ၃၀ နဲ့ ဝယ်ရတယ်။ အခု ၁၅၀၀ နဲ့ ချရောင်းလိုက်တဲ့အခါမှာ ဝုန်းဆို ပြေးကပ်တဲ့ဒဏ်ကို အစိုးရက မခံနိုင်ဘူး။ စီမံခန့်ခွဲမှု လုပ်တာမှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေတယ်။ ဒါမျိုးက ရေရှည် ဆေးကုရမယ်ဆိုတော့ တော်တော်တော့ အချိန်ယူရမယ် ထင်တယ်။