ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် မွန်ပြည်နယ် ကျိုက်မရောမြို့ အနီးတွင် ယနေ့ နံနက်ပိုင်းက အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရဘက်မှ ၈ ဦးကို DKBA ဘက်မှ ထိန်းသိမ်း ထားကြောင်း စုံစမ်း သိရှိရသည်။
ကျိုက်မရောမြို့နှင့် တမိုင်ကျော် အကွာအဝေးတွင်ရှိသည့် ကလှိုင်ကနိုင် ကျေးရွာအုပ်စု ကရင်တောအပေါ်ရွာတွင် အစိုးရ ခြေမြန် တပ်ရင်း(ခမရ) ၂၀၈ နှင့် DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲ တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီမြို့ရှိ DKBA စစ်ဌာနချုပ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်က DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲမှ မန္တလေး ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ဝင်းဇော်လေး ၏ နေအိမ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့(စရဖ) အဖွဲ့များက ဝင်ရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းစစ်ဆေး မှု ကြောင့် နောက်ဆက်တွဲအနေနှင့် အစိုးရဘက်နှင့် DKBA ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ယနေ့ အစိုးရဘက်မှ DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲသို့ သွားရောက်၍ ဆွေးနွေးညှိနှိုင်းမှုလုပ်ရန် ကြိုးစားစဉ် DKBA ဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲက ဗိုလ်ဝင်းဇော်လေးကို ရှောင်တခင် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် နားလည်မှု လွဲမှားသွားလို့ အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီကိစ္စအပေါ် အစိုးရဘက်က လာရောက်ဆွေးနွေးတဲ့ သူတွေကို ကျနော်တို့ လက်အောက်က အဖွဲ့က ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။ ကျနော်သိရသလောက်က အစိုးရဘက်က တပ်အင်အားများလို့ လာဆွေးနွေးတဲ့သူတွေကို ထိန်းသိမ်းလိုက်တဲ့ သဘောထင်ပါတယ်”ဟု ဗိုလ်ကြီး စောစိုးမြင့် က ပြောသည်။
ဆက်လက်၍ ၎င်းက“ အခု မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို ကျနော်တို့ ဌာနချုပ်က ထိပ်ပိုင်း ခေါင်းဆောင်တွေကို အသိပေးထားပြီးပါပြီ။ အထက်ပိုင်းကလည်း အကောင်းဆုံး ဖြေရှင်းပေးဖို့ ညွှန်ကြားထားပါတယ်။ သူတို့ဘက်ကလည်း မွန်ပြည် နယ် ကာလုံဝန်ကြီး လာရောက်ညှိနှိုင်းမယ်လို့ ကြားပါတယ်။ လက်ရှိအချိန်မှာတော့ ကျနော်တို့လည်း တင်ပြလာမယ့် အခြေအနေ ကို စောင့်နေပါတယ်”ဟုလည်း ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာအနီးတွင် နေထိုင်သည့် ဒေသခံ ဦးလှကို ဆိုသူက ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များမှ လက်နက်ကြီး ငယ် များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ ပစ်ခတ်မှုများကြောင့် အစိုးရတပ်ပိုင်းမှ ဗိုလ်ကြီးတဦးနှင့် ရဲတပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် ရဲတပ်သားတဦးကိုတော့ DKBA က ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာရ ဗိုလ်ကြီးနှင့် ကျန် ရဲ ၊ စရဖ နှင့် စစ်တပ်မှ တပ်ကြပ်အရာရှိများကို ဆက်လက် ထိန်းသိမ်းထားကြောင်း ပြောပြသည်။
“ဆယ်နာရီ ခွဲလောက်က စဖြစ်တာပါ။ ဆိုင်ကယ်စီးလာတဲ့ တပ်အရာရှိနဲ့ ရဲတပ်သားတဦးကို ဟိုဘက်က စပစ်တယ်။ နောက်တော့ အဲဒီအနောက်မှာ ပါလာတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်ကြတော့တာပဲ။ နှစ်ဦးဒဏ်ရာရတယ်လို့ ကြားတယ်”ဟု ၎င်းက ပြော သည်။
လမ်းများကို ပိတ်ထားကြောင်း၊ အစိုးရ တပ်များ ထပ်မံရောက်ရှိလာပြီး ဝိုင်းထားသည်ဟု ကြားသိရကြောင်း၊ DKBA ဘက်က အင် အား ၂၀ ကျော်ရှိနိုင်ကြောင်း၊ ထိန်းသိမ်းထားသော အစိုးရဘက်က အရာရှိများကို လွှတ်ပေးသည်ဟု မကြားသိရသေးသော်လည်း တိုက်ပွဲသံများကို မကြားရတော့ကြောင်းလည်း ဦးလှကိုက ညနေ ၄ နာရီခန့်က ဧရာဝတီကို ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၂ ရက်က စတင် သော တွေ့ဆုံ ဆွေးနွေးပွဲကို ၅ ရက်မြောက် ကျင်းပနေပြီး ယနေ့သည် နောက်ဆုံးရက် ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ ရောက်ရှိနေသည့် DKBA တပ်ဖွဲ့ခေါင်းဆောင် ပိုင်းကိုလည်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေကို အသိပေးထားကြောင်း၊ ခေါင်းဆောင် ပိုင်းကလည်း ဆွေးနွေးပွဲအပေါ် ထိခိုက်မှုမရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဗိုလ်ကြီးစောစိုးမြင့်က ဆို သည်။
ညနေပိုင်း ၆ နာရီခန့် စုံစမ်းချက်အရ DKBA ဘက်မှ ထိန်းသိမ်းထားသည့် ဓားစာခံများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရှိရ သည်။
တိုက်ပွဲ ဖြစ်ပွားသည့် ရွာအနီးဝန်းကျင်မှ ရွာသူ၊ ရွာသားများသည် ကျိုက်မရော ဘုရားဝင်းအတွင်းနှင့် ကျိုက်မရောမြို့ပေါ်တွင် ရှိသည့် အထက်တန်းကျောင်းဝင်း အတွင်းတွင် ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြကြောင်း၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ရှိသည် ဟု ခန့်မှန်းရကြောင်း၊ ဆက်လက်၍လည်း ဒုက္ခသည်များ လာရောက်နေကြဆဲ ဖြစ်ကြောင်း ဒေသခံ ဦးလှကိုက ပြောပြသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ညနေ ၆ နာရီအထိ စစ်တပ်ပိုင်းနှင့် DKBA တပ် နှစ်ဘက်စလုံးကို နောက်ဆုံးအခြေအနေများ သိရှိရန် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
စက်တင်ဘာ ၁၈ ရက်ညကလည်း မြဝတီမြို့တွင် DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းလာသော အနက်ရောင် SURF အမျိုးအစား ကား ကို အစိုးရ လုံခြုံရေးအဖွဲ့များက စစ်ဆေးရန် တားမြစ်ရာ အစစ်အဆေးမခံဘဲ မောင်းထွက်သွား၍ စစ်တပ်က ပစ်ခတ်တားဆီးမှု ဖြစ် ပွားခဲ့ပြီး တဦး သေဆုံး၍ တဦး ဒဏ်ရာရခဲ့သည်။