ပြည်ထောင်စု လွှတ်တော်တွင် ပြဌာန်းတော့မည့် အမျိုးသားပညာရေး ဥပဒေ၌ လူတိုင်းအကျုံးဝင် ပညာရေးစနစ် ပါဝင်နိုင်ရေး တွင် မသန်စွမ်းကလေးများ ကို သာမန်ကလေးငယ်များနှင့်တန်းတူ ပညာသင်ကြားခွင့်ရရန် တောင်းဆိုသွားမည်ဟု သိရသည်။
လူတိုင်းအကျုံးဝင် ပညာရေးစနစ် ပါဝင်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂနှင့် မသန်စွမ်း အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဇဗ္မူသီရိ ဟိုတယ်တွင် ကျင်းပခဲ့သည်။
တွေ့ဆုံ ဆွေးနွေးရခြင်း၏ အဓိက ရည်ရွယ်ချက်အနေဖြင့် လူတိုင်းအကျုံးဝင် ပညာရေး၏ အခြေခံ သဘောတရားများကို ပညာရေး ဥပဒေ သစ်များတွင် ရှင်းလင်းစွာ ထည့်သွင်း၍ အဓိပ္ပာယ်ဖွင့်နိုင်ရန် ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးများ၏ ပညာရေး အခွင့်အရေး နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ပညာရေး ဥပဒေများမှ တဆင့် သဘောတူ လက်မှတ်ထိုးခဲ့သော နိုင်ငံတကာ သဘောတူညီချက် များကို အစိုးရအနေဖြင့် လိုက်နာရန် ဖြစ်ကြောင်းလည်း သိရသည်။
“ကျနော်တို့ မသန်စွမ်း ကလေးတွေကို အထူး ပညာရေးစနစ် မလုပ်ပေးပါနဲ့။ တခြား ကလေးတွေနဲ့ နည်းတူ သာမန် ကျောင်းမှာတက်ဖို့အတွက်ပဲ လုပ်ပေးဖို့ တောင်းဆိုတာပါ။ မဟုတ်ရင် မသန်စွမ်း ကလေးငယ်တွေက လူမှုအဖွဲ့အစည်းမှာ သီးခြားလိုဖြစ်သွားမှာပါ”ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့(မီလီ) မှ ဦးနေလင်းစိုး က စက်တင်ဘာ ၂၅ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် လူတိုင်းအကျုံးဝင် ပညာရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး မသန်စွမ်းကလေးများအတွက် လူတိုင်းအကျုံးဝင် အခမဲ့ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ပညာရေးကို အခြားသူများနှင့် တန်းတူရရှိရေး၊ မသန်စွမ်း ကလေးများကို ထောက်ပံ့ပေးနိုင်မည့် သင်ထောက်ကူ ပစ္စည်းနှင့် ဝန်ထမ်းများ၊ အစိုးရ၏ အထူးငွေကြေး ထောက်ပံ့မှုများ၊ ကျွမ်းကျင် စိတ်ရောဂါ ပညာရှင်၊ ဆေးပညာရှင်နှင့် အခြား အတတ်ပညာရှင်များကို ဖြည့်ဆည်းပေးရန် ဆွေးနွေးတောင်းဆို သွားကြကြောင်း သိရသည်။
“မသန်စွမ်း သူများအနေနဲ့ အခြားသူများနဲ့အတူ ပညာသင်ကြားခွင့်ရရှိတဲ့အတွက် သိမ်ငယ်စိတ်တွေ ကင်းရှင်းပြီး၊ မိမိကိုယ်ကို အားကိုး လိုစိတ် ယုံကြည်မှုနဲ့ ရဲရင့် တက်ကြွစွာ ပညာသင်ကြားလိုစိတ်များ ရရှိလာမယ်”ဟု ဦးနေလင်းစိုးက ပြောသည်။
ဦးနေလင်းစိုးက ဆက်လက်ပြီး“မသန်စွမ်း ကလေးတွေရဲ့ ပညာရေး ကံကြမ္မာက သင်ကြားပေး မယ့် ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်၊ ဒါကြောင့် ကျနော်တို့ တောင်းဆိုနေရခြင်း ဖြစ် တယ်၊ အခုမရလည်း ကျနော်တို့ ဆက်တိုက် ပြောနေဦးမှာပါ”ဟုလည်း ပြောဆိုသည်။
မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့်များနှင့် ပတ်သက်၍ အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်ထည့်သွင်းပေးရန် ၂၀၁၂ ခုနှစ် ကတည်းက အဆက်မပြတ် တောင်းဆိုနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေတွင်ထည့်သွင်းပေးရန် နောက်ကျနေ ပြီဟု ပြောဆိုကြောင်း မသန်စွမ်း အဖွဲ့အစည်းများက ပြောသည်။
ပညာရေးနှင့် ပတ်သက်ပြီး မသန်စွမ်း အခွင့်အရေး တရပ် ပေါ်ပေါက်လာရန်လည်း ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးငယ်များ သာမန်ကလေးငယ်များနှင့် ပညာရေး တန်းတူ သင်ကြားနိုင်ရန်လည်း သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးငယ်များ သာမန် ကျောင်းတွင် သွားရောက်သင်ကြားပါက မသန်စွမ်းကလေးငယ်များ သွားလာရေး လွယ်ကူရန် စီစဉ်ပေးသင့်ကြောင်းကိုလည်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်း ကောင်စီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဦးကိုကိုဦးက ဧရာဝတီ သို့ ပြောသည်။
“လွှတ်တော်မှာက အမျိုးသား ပညာရေး ဥပဒေ မှာ လူတိုင်းအကျုံးဝင် ပညာရေးဆိုပြီးတော့ပါတယ်။ နောက်က ဖော်ပြထားတာက အထူးပညာရေးဖြစ်နေတယ်။ လူတိုင်းအကျုံးဝင်ပညာရေးနဲ့ အထူးပညာရေးနဲ့က မတူပါဘူး။ အဲဒါ့ကြောင့်ပြောရတာပါ။ လူတိုင်း အကျုံးဝင် ပညာရေးဆိုရင် အားလုံးပြီးသွားပြီ။ အထူး ပညာရေးဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းပဲရှိတယ်။ ကျန်တဲ့ သူတွေ က လက်လှမ်းမမီတော့ဘူး။ လက်လှမ်းမမီတော့ ဘယ်သူမှ ပညာသင်ကြားခွင့်သိပ်မရှိဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
အမျိုးသား ဥပဒေကြမ်းတွင် မည်သည့်အချက်ကို မှ ပိတ်ပင်ထားခြင်းမရှိကြောင်း၊ လူတိုင်းအကျုံးဝင် ပညာရေး တွင် မသန်စွမ်းများ ကျောင်းတိုင်းတွင် ပညာသင်ကြားခွင့်ရှိကြောင်း၊ လက်ရှိ နိုင်ငံ၏အခြေအနေသည် စွမ်းရည် နှင့်ပတ်သက်ပြီး အားနည်းနေသေးကြောင်း အင်းတော် မဲဆန္ဒ္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးကလည်း ပြောသည်။
“တကယ်တော့ သူတို့ကအရမ်းစိတ်ပူနေတာပါ။ တကယ်တော့ ဒီဥပဒေ အထူးတလည် ပြုပြင်ပြောင်းလဲ စရာမလိုပါဘူး။ နိုင်ငံဖွံ့ဖြိုးမှု နှေးတဲ့ အတွက် အခွင့်အလမ်းနည်းတာ များတာပဲရှိမယ်။ စင်္ကာပူမှာ အရင်ကဆို လမ်းတွေမှာ ဝှီးချဲနဲ့ သွားလို့မရဘူး။ နောက်ပိုင်း မှ တဖြည်းဖြည်းလုပ်ရင်းနဲ့ ဖြစ်လာတာ။ မြန်မာပြည်လည်း တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ” ဦးကျော်နိုင်ဌေး က ထပ်မံရှင်းပြသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်း နှင့် ပညာရေး အပေါ် သုတေသန ပြုလုပ်ခြင်း အနည်းငယ်သာရှိသော်လည်း လူမှုဝန်ထမ်း ဌာန နှင့် The Leprosy Mission International မှပြုလုပ်ခဲ့သော လေ့လာချက်အရ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအနက် ၅၀ ရာခိုင်နှုန်း သည် ကျောင်း တခါမျှ မတက်ခဲ့ဘူးကြောင်း၊ လက်ရှိမြန်မာ နိုင်ငံတွင် ခန့်မှန်းချက်အရ မသန်စွမ်း ကလေးပေါင်း ၃သိန်းကျော် ရှိကြောင်း၊ မသန်စွမ်းသူများအနက် ၃၀ ရာခိုင်နှုန်းသာ မူလတန်းပြီးဆုံးခဲ့ပြီး ၁၆ ရာခိုင်နှုန်းသည် အထက်တန်းတက်ရောက်ကြောင်း သိရသည်။
ဧဒင် မသန်စွမ်း သက်ငယ်ပြုစုရာ ရိပ်မြုံ မန်နေးဂျင်းဒါရိုက်တာ ဦးထာအုပ်က“မသန်စွမ်းကလေးငယ်တွေကို သာမန်ကျောင်းတွေမှာ တန်းတူသင်ကြားဖို့အတွက် နည်းလမ်းလိုက်ရှာနေတာပဲ။ အခုလည်း တက်နိုင်သလောက် လုပ်နေတာပဲ။ လူတိုင်းအကျုံးဝင် ပညာ ရေး ဆိုတာ ရွေးချယ်တဲ့အရာမဟုတ်ဘူး လုပ်ကို လုပ်ရမယ့်အရာပါ။ ဘယ်တော့မဖြစ်လာမယ့်လို့မသိသေးဘူး။ မသန်စွမ်း ဥပဒေ တရပ်ဆွဲနေပါတယ်”ဟု ဧရာဝတီသို့ပြောသည်။
လူတိုင်းအကျုံးဝင် ပညာရေး အရ မသန်စွမ်း သူများသည် အများနည်းတူ တန်းတူ ရည်တူ ပညာသင်ကြားခွင့် ရရှိရေး စီမံ ဆောင်ရွက် ပေးခြင်းသည် နိုင်ငံတကာ ပညာရေး စနစ် နှင့်လိုက်လျောညီထွေဖြစ်မည့် အချက်ဖြစ်သည့်အတွက် ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ကြောင်း၊ ကိုလည်း မြန်မာနိုင်ငံမသန်စွမ်း သူများကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဦးကိုကိုဦးက ဆိုသည်။
အထူးပညာရေးအစီအစဉ်အရ သီးခြား သင်ကြားခြင်းသည် မသန်စွမ်းသူ လူငယ်လူရွယ် များကို သာမန် သူများအပြင် ပတ်ဝန်းကျင် နှင့်ပါ ခွဲခြား ထားသကဲ့သို့ ဖြစ်နေကြောင်းလည်း သိရသည်။
အစိုးရ အခြေခံ ပညာကျောင်းများတွင် မသန်စွမ်းသူများ တက်ရောက်သင်ကြားခွင့် ရနိုင်ရန်အတွက် မသန်စွမ်းသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်းမွန်လာရန် ပြုလုပ်စရာမလိုဘဲ ကျောင်းတွင်း တည်ဆောက်ပုံများ၊ ဆရာ၊ ဆရာမများနှင့် သင်ကြားရေး စနစ်များကိုသာ ဦးစွာ ပြုပြင်သင့်သည်ဟုလည်း မသန်စွမ်းသူများက ထောက်ပြ ပြောဆိုလျက် ရှိသည်။
မြန်မာနိုင်ငံသည် မသန်စွမ်း သူများ၏ အခွင့်အရေး ဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၁ ခုနစ်တွင်လည်းကောင်း၊ ကလေး သူငယ် အခွင့်အရေး များဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၁ ခုနစ်တွင် လည်းကောင်းလက်မှတ်ရေးထိုး အတည်ပြု ခဲ့သည်။
အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဇူလိုင် ၃၁ ရက်နေ့တွင် အတည်ပြုထားကြောင်း သိရသည်။