ထိုင်းနိုင်ငံ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်သွားရောက်ရန် ရှိပြီး ထိုင်း-မြန်မာ စီးပွားရေး အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး လုပ်ဆောင်မည်ဟု သတင်း ရရှိသည်။
အထူးသဖြင့် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံချိန် တွင် ထိုင်းနှင့် မြန်မာ ၅၀ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး ပြန် လည် စတင်၍ အရှိန်မြှင့်လုပ်ဆောင်နိုင်ရေး မျှော်လင့်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO) အစည်း အဝေးကို ဥက္ကဋ္ဌအဖြစ် တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် သွားရောက်မည်ဟု ထိုင်းစစ်တပ် သတင်းရင်းမြစ်တခုကို ကိုးကားပြီး ယမန်နေ့က ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ရရှိသော သတင်းအချက်အလက်အရ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် အောက်တိုဘာ ၁ ရက် မှ ၃ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။
သို့သော် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Pisanu Suvanajata ကမူ ဗိုလ်ချုပ်ကြီး ပရာယု၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရက်အတိအကျ သတ်မှတ်မှု မရှိသေးဘဲ အောက်တိုဘာလဆန်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံမည်ဟု ဘန်ကောက် ပို့စ်က သတင်းက ဆိုသည်။
ထိုင်းဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် မရှိဟုလည်း သိရသည်။
သို့သော် ထိုင်းစစ်ဗိုလ်ချုပ်များ၊ ထိုင်းနိုင်ငံရေး လောကသားများအကြား သြဇာရှိသည့် မြန်မာအကြားအမြင်ဆရာမ အီးတီ ခေါ် ဒေါ်ဆွေဆွေဝင်းနှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုင်းသံအမတ်ကြီးက ထိုကိစ္စအတွက် အချိန်ရမည် မထင်ကြောင်း၊ သို့သော် ခရီးစဉ် အချိန်ဇယားအပေါ် မူတည်ကြောင်း ဘန်ကောက်ပို့စ်ကို ပြောဆိုထားသည်။
ထို့အပြင် ၎င်းက မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာကာ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံ လျက် ခေတ်မီသည့် နိုင်ငံဖြစ်ရေး လုပ်ဆောင်နေရာတွင် ထားဝယ် စီမံကိန်းများလည်း အပါအဝင်ဖြစ်ကြောင်း ဆက်လက် ပြောဆို ထားသည်။
ဗိုလ်ချုပ်ကြီး ပရာယုသည် မြန်မာနိုင်ငံတွင် နေထိုင်နေသည့် ထိုင်းလူမျိုး ၂၀၀၀ ခန့်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံရန် စီစဉ် ထားကြောင်းလည်း သိရသည်။
မြန်မာဘက်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို နိုဝင်ဘာလတွင် ပြန်လည် စတင်လိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့် မြန်မာ စစ်ဘက်ခေါင်းဆောင်များ မကြာသေးခင်က ထိုင်းနိုင်ငံသို့ အလည်အပတ်လာခဲ့ပြီးနောက် စီမံကိန်း အတွက် စိုးရိမ်နေသည့် အေဂျင်စီများသို့လည်း ဗိုလ်ချုပ်ကြီး ပရာယုက စိတ်မပူရန် ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ် တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ လူမှုဘ၀ သက်ရောက်မှု(SIA) နှင့် သဘာ၀ ပတ်ဝန်းကျင် သက်ရောက် မှု(EIA) စစ်တမ်းများအရ ဆိုးကျိုး သက်ရောက်မှုများရှိ၍ ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် စီမံကိန်းကို လေ့လာ စောင့်ကြည့်နေကြသည့် အဖွဲ့အစည်းများကလည်း ကန့်ကွက်ခြင်း၊ သတိပေးခြင်းများ လုပ်ဆောင်နေသည်။
“ဒီစီမံကိန်းကို အစက ရပ်တန့်ရေး တောင်းဆိုခဲ့တာ။ ဒါပေမယ့် အစိုးရချင်း လုပ်မယ့် ကိစ္စလည်းဖြစ်နေတော့ စီမံကိန်းကို လူမှု ဘ၀ ထိခိုက်မှု နဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးတွေ မဖြစ်အောင်နဲ့ နစ်နာနေရတဲ့ ဒေသခံတွေနဲ့ ညှိညှိနှိုင်းနှိုင်း သေချာ လုပ် ဆောင် ပေးကြဖို့ တိုက်တွန်းထားတယ်”ဟု ထားဝယ် လူငယ်များ အစည်းအရုံးမှ ကိုကျော်မင်းထိုက် က ဧရာဝတီကို ရှင်းပြသည်။
ထိုင်းအစိုးရအဆက်ဆက်က ၎င်းတို့အကျိုးအမြတ်များစွာရမည့် ထားဝယ်စီမံကိန်းကို အဆင်ပြေပြေလုပ်ပိုင်ခွင့် ရရှိရေး နည်းမျိုးစုံဖြင့် ချည်းကပ်ကြိုးစား နေကြကြောင်းလည်း သူက ဆက်ပြောသည်။
“အရင်တုန်း အီတာလျံ-ထိုင်း ကုမ္ပဏီ ဝင်လုပ်တုန်းက ထိုင်းတွေနဲ့ ဒေသခံတွေကြား ဆက်ဆံရေး အဆင်မပြေတာတွေရှိတယ်။ အခုလို တန်ဆောင်တိုင်ပွဲ အကြီးအကျယ် ဝင်လုပ်ခြင်းအားဖြင့် လူထုအချင်းချင်း ပိုပြီးရင်းနှီးမှုရအောင် ပိုပြီးတော့ သူတို့ လုပ်ကွက်လုပ်ကွင်းတွေ ပိုရလာအောင် ဝင်လုပ်မယ်လို့ပဲ ကျနော်တို့ မြင်တယ်”ဟု ကိုကျော်မင်းထိုက်က ပြောဆိုသည်။
ဗိုလ်ချုပ်ကြီး ပရာယု ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စကို အမြန်ဆုံး ပြန်လည် အကောင် အထည် ဖော်ရေး ကြိုးပမ်းမည်ဟု ယူဆကြောင်းနှင့် အမှန်တကယ် ထားဝယ်ဒေသခံများ၏ နစ်နာမှုများ အပေါ်လည်း စာနာ နားလည်ပြီး ထိုက်တန်သည့် လျော်ကြေးပေးမှုများ လုပ်ဆောင်ရန်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်းလိုကြောင်း ကိုကျော်မင်းထိုက် က ဧရာဝတီကို ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) အကျယ်အဝန်း ရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ယခင် အီတာလျံ-ထိုင်း(ITD) ကုမ္ပဏီ၏မှတ်တမ်းများအရ သိရသည်။
သို့သော် ဒေသခံများ၏ ကန့်ကွက်မှု၊ မြေယာလျော်ကြေး တောင်းဆိုမှု၊ နေရာသစ်ပြန်လည်ချထားရေး အဆင်ပြေရန် တောင်း ဆို မှုများနှင့် စီမံကိန်းနှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုးများရှိလာနေသည့်အပေါ် ကန့်ကွက်မှုများကြောင့် နောက်ပိုင်းတွင် စီမံကိန်း ဧရိယာကို လျှော့ချနေကြောင်းလည်း ကိုကျော်မင်းထိုက်က ဆိုသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင်ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင် တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင်ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည် ဖြစ်ပြီး ဆိပ် ကမ်း နှင့် အခြေခံ အဆောက်အအုံများ ပါဝင်သော အခြေခံပထမအဆင့်အတွက် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက်ရေနံသန့်စင် ထုတ်လုပ်ရေးနှင့် သံမဏိစက်ရုံတို့ ပါဝင်သော စက်မှုဇုန်အကြီးစားထူထောင်ရေးအတွက် ဒေါ်လာ ၅၀ ဘီလီယံ အထိ ကုန်ကျမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မေလ ၂၂ ရက်က စစ်တပ်က အာဏာသိမ်းခဲ့အပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုသည် သြဂုတ်လ အတွင်းက ကျင်းပသည့် အမျိုးသား ဥပဒေပြုလွှတ်တော်မှတဆင့် ဝန်ကြီးချုပ် ဖြစ်လာသည်။