ဆဋ္ဌမအကြိမ်မြောက် အပစ်ရပ် မူကြမ်းရေးဆွဲနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးမှုတွင် ဆွေးနွေးမှုရလဒ် တိတိကျကျ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ယမန်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး နှစ်ဖက် သဘောတူညီချက် စာတမ်း ထုတ်ပြန်ရာတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ပြုလုပ်သည့် ဆွေးနွေးပွဲမှ ကျန်ရှိ အချက်များကို ဆက်လက်ဆွေးနွေးရာတွင် နှစ်ဖက် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် သဘောတူညီမှုများ ပိုရခဲ့ကြောင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်ပြုနိုင်ခဲ့ကြောင်း အပါအဝင် အချက် ၄ ချက် ဖော်ပြထားသည်။ တခြား တိကျသေချာသော အချက်များကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိကြောင်း တွေ့ရသည်။
NCCT မှ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက အပစ်ခတ်ရပ်စဲရေးစာချုပ် မူကြမ်း ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရာမှုများနှင့် ပတ်သက်၍ နှောင့်နှေးမှုများ၊ မပြေလည်မှုများ ရှိနေကြောင်း၊ ထို့အပြင် ယခင်ဆွေးနွေးမှုများတွင် သဘောတူထားပြီးသည့် အချက်များကို ပြန်လည်ဆွေးနွေးနေရကြောင်း၊ စာချုပ်ပါအခန်း ၇ ခန်းကို အစအဆုံး ပြန်ဆွေးနွေးနေရကြောင်း ပြောကြားသည်။
NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နားလည်မှု မရတာလည်း မဟုတ်သလို အားရတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ဆွေးနွေးချက်တွေတော့ ကောင်းပါတယ်။ တပ်ပိုင်းဆိုင်ရာကတော့ အထက်ကို ပြန်တင်ပြရမယ်။ နောက်တခေါက်မှာတော့ တကယ်အလုပ်လုပ်မယ့် working group ကို နှစ်ဖက်ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးမယ်” ဟုပြောသည်။
ယခုဆွေးနွေးပွဲသည် UPWC နှင့် NCCT တို့၏ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ဆွေးနွေးပွဲတွင်
တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုများကို အဓိကထား ဆွေးနွေးသွားသော်လည်း ထိရောက်တိကျသည့် အဖြေမထွက်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
၎င်းက ဆက်လက်၍ “နိုင်ငံရေးလမ်းပြမြေပုံမှာ ပါဝင်သင့်ပါဝင်ထိုက်သူမှာ အစိုးရက ၇ စု တင်တယ်။ ကျနော်တို့က ၃ စုတင်တယ်။ အဲဒီကိစ္စမှာ အစိုးရဘက်က အခုတော့ အစိုးရကို တပေါင်းတည်း လုပ်ပေးဖို့ သဘောတူလိုက်တယ်။ အရင်က အစိုးရ၊ တပ်မတော်၊ လွှတ်တော် ၃ ခု ခွဲထားတာကို အခုတော့ တပေါင်းတည်း လုပ်တော့ အစိုးရ (အစိုးရ၊ တပ်၊ လွှတ်တော် အပါအဝင်)၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများနဲ့ တိုင်းရင်းသားများဆိုပြီး ၅ ခုလို့ လျှော့ပေးထားတယ်”ဟု ပြောသည်။
ယခုဆွေးနွေးပွဲတွင် အပစ်ရပ်ရေး စာချုပ်မူကြမ်းရှိ အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း (၃) အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) အပစ်အခတ်ရပ်စဲရေးကိုခိုင်မာအောင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း (၆) ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခန်း (၇) အထွေထွေ ဟူ၍ အခန်း ၇ခန်း ဆွေးနွေးခဲ့ကြောင်းသိရပြီး မည်သည့်ဆွေးနွေးမှုအထိကို အပြီးသတ် လက်ခံနိုင်ခဲ့ကြောင်းကို နှစ်ဖက်စလုံးမှ
ထုတ်ဖော်ပြောခြင်း မရှိခဲ့ပေ။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြန်ကြားရေး တာဝန်ခံ အကြံပေး ဦးလှမောင်ရွှေက “ဆွေးနွေးပွဲကို နောက်လ အောက်တိုဘာလမှာ ထမ်မံကျင်းပဖို့ နှစ်ဖက်စလုံးက သဘောတူထားပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားဖို့ သဘောတူထားပါတယ်။ ဆွေးနွေးမှုတွေကြောင့် နှစ်ဖက် ပိုနားလည်နိုင်လာတယ်” ဟု ပြောသည်။