ကားကြီး၊ ကားငယ်ပေါင်း မြောက်မြားစွာ နေ့ညမပြတ် ပျားပန်းခပ် သွားလာ စည်ကားတဲ့ ရန်ကုန်မြို့လယ် လမ်းမကြီး ရဲ့ဘေး၊ ရန်ကုန်မြို့လယ်ကောင်နဲ့ အနီးဆုံး နေရာတခုမှာ အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး၊ တချိန်က တိရစ္ဆာန်မျိုးစိတ် အစုံလင်ဆုံးဆိုတဲ့ တိရစ္ဆာန်ဥယျာဉ်ကြီးတခု တည်ရှိနေပါတယ်။
တချိန်က အာရှတခွင်မှာ ထင်ရှားခဲ့တဲ့ အဲဒီ ရန်ကုန်တိရစ္ဆာန် ဥယျာဉ် အတွင်းမှာတော့ ကျေးငှက်တိရစ္ဆာန်တွေရဲ့ အသံတွေက လွဲပြီး လာရောက်လည်ပတ် အပန်းဖြေကြတဲ့ လူသူအရေအတွက် ကတော့ လက်ချိုးရေလို့ ရလောက်အောင် သိသိသာသာ နည်းပါးလို့ နေပါတယ်။
သဘာဝ တောရိပ်တောင်ရိပ် မပျောက်အောင် လူတွေ စိတ်အပန်းဖြေစရာ နေရာလေး တခု ဖြစ်အောင် တီထွင် ဖန်တီး ထားပေမယ့် တကယ့်လက်တွေ့မှာ နေ့စဉ်လို မွန်းကျပ် ပိတ်လှောင်နေတဲ့ အိမ်တွေမှာ၊ ကျောင်းတွေမှာ၊ အလုပ်ခွင် တွေမှာ ရှိနေကြတဲ့ မိသားစုတွေအတွက် လာရောက်လည်ပတ်ချင်စရာ၊ စိတ်အပန်းဖြေစရာ နေရာတခု အဖြစ် ဆွဲဆောင်မှု နည်းပါးလာနေပြီ ဖြစ်ပါတယ်။
မကြာသေးခင်က သွားရောက် လည်ပတ်ခဲ့တဲ့ အတွေ့အကြုံအရ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ဟာ လုံခြုံမှု မရှိတာကို လည်း တွေ့ခဲ့ရပါတယ်။ ငှက်ဆင်ကြီး နှစ်ကောင်ဟာ လူသွားလမ်းပေါ် အထိ တက်ရောက် အစာရှာနေတာကို တွေ့ခဲ့ရပါတယ်။ လူကို အသက်အန္တရာယ်ပြုမယ့် တိရစ္ဆာန်တွေသာ လွတ်မြောက်လာခဲ့ရင် ဆိုတဲ့အတွေးက ကျောချမ်းစရာ ကောင်းလှပါတယ်။ ပြီးတော့ တိရစ္ဆာန်လှောင်အိမ်တွေ အနား ကပ်သွားလိုက်တာနဲ့ ဆိုးရွားလှတဲ့ အနံ့အသက်က ကြိုလင့်နေပါတယ်။
အများပြည်သူ အနားယူဖို့ ပြုလုပ်ပေးထားတဲ့ ခုံတန်းတွေဟာလည်း ညစ်ပတ်ပေရေနေပြီး ဟောင်းနွမ်းနေတာ တွေ့ရတဲ့ အပြင် အရင်က အရောင်းဆိုင် အဖြစ် ပြုလုပ်ထားတဲ့ ဆိုင်ခန်းတွေလည်း ဟောင်းနွမ်းပြီး တံခါးတွေ ပိတ်ထားတာ တွေ့ရပါတယ်။
“တိရစ္ဆာန်ဥယျာဉ်က အရင်ကလောက် ဝင်ချင်စရာ မကောင်းတော့ဘူး။ ဝင်ကြေးများပြီး တိရစ္ဆာန်တွေလည်း မစုံဘူး။ နောက်ပြီး ပြင်ဆင်မှုကလည်း ထင်သလောက် ဆွဲဆောင်မှု မရှိဘူး။ တခါသွားပြီးရင် နောက်တခါ မသွားချင်ဘူး။ သွားတိုင်း ဒါတွေပဲ တွေ့နေရတာ ရိုးလာတယ်” လို့ မြောက်ဒဂုံမှာ နေတဲ့ မသဇင်က ပြောပါတယ်။
နှစ်ပေါင်း တရာကျော် သက်တမ်းရှိလာပြီ ဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက် တွေထဲမှာ လူအများ စိတ်အပန်းဖြေ ကြည့်ရှုရုံ သက်သက်တင် မကဘဲ တိရစ္ဆာန်တွေရဲ့ ပြုမူပုံ၊ စားသောက်ပုံ၊ ဘယ်လို နေထိုင် ကြီးပြင်းလာပုံတွေကို လေ့လာလိုသူတွေ အတွက်လည်း အထောက်အကူ အများကြီး ဖြစ်စေတယ်လို့ ပါရှိပါ တယ်။
လူတွေနဲ့ နီးစပ်မှုမရှိတဲ့ ရှားပါးတောရိုင်း တိရစ္ဆာန်တွေရဲ့ မျိုးနွယ်စိတ်တွေကို လေ့လာလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ သတ္တဗေဒ ပညာရှင်တွေ အတွက်လည်း သဘာဝအတိုင်း နေထိုင်ကျက် စားလေ့ရှိတဲ့ သားရိုင်း တိရစ္ဆာန်တို့ကို အနီးကပ် လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။
၁၉၀၁ ခုနှစ်မှာ ဝိတိုရိယ ဘုရင်မကြီးရဲ့ နန်းသက် ၂၅ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ဆောက်လုပ်ဖို့ အတွက် ပြည်သူလူထု ထံက ကောက်ခံရရှိတဲ့ ငွေကျပ် နှစ်သိန်းလေးသောင်းနဲ့ ကန်တော်ကြီး အနီးမှာရှိတဲ့ မြေလွတ်မြေရိုင်း ၆၁ ဧကကို ရှင်းလင်းပြီး တိရစ္ဆာန်ဥယျာဉ် တခ ုအဖြစ် စတင်တည်ဆောက်ခဲ့တယ် လို့ သိရပါတယ်။
တည်ဆောက်ပြီးနောက် ၁၉၀၆ ခုနှစ်၊ ဇန်န ဝါရီ ၂၅ ရက်နေ့မှာ ဝိတိုရိယဘုရင်မပန်းခြံ (Victoria Memorial Park) လို့ အမည်ကင်ပွန်းတပ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၀၈ ခုနှစ်မှာတော့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အက်ဥပဒေ အပိုဒ် ၂ အရ ဥယျာဉ် အမည် ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်လို့ သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းတွေ အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် တခုတည်း တည်ရှိနေခဲ့တာ နှစ်ပေါင်း ၈၀ ကျော်ပြီးတဲ့ နောက် ၁၉၈၉ ခုနှစ် မှာတော့ စစ်အစိုးရက မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ်ကိုပါ ထပ်မံတည်ဆောက်ခဲ့ ပါတယ်။ နောက်ပြီး ၂၀ဝ၈ ခုနှစ်မှာလည်း မြို့တော်သစ် နေပြည်တော်မှာ တိရစ္ဆာန်ဥယျာဉ် တခု ထပ်မံတည်ဆောက်ခဲ့ ပါတယ်။
အဲဒီ အတွက်လည်း တိရစ္ဆာန် မျိုးစိတ်ပေါင်း စုံလင်လှတဲ့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ထဲက တိရစ္ဆာန်တချို့ကို အသစ်ဖွင့်လှစ်ခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်တွေဆီ ပေးပို့ခဲ့ပါတယ်။
နောက်ပြီး ခေတ်အဆက်ဆက် သစ်တောဝန်ကြီးဌာနကသာ ထိန်းသိန်း စောင့်ရှောက်ခဲ့တဲ့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး ဦးတေဇပိုင် ထူးကုမ္ပဏီကို နှစ်ရှည်ငှားရမ်း စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ပြန် ပါတယ်။
ငှားရမ်း လုပ်ကိုင်ခွင့်ထဲမှာ တိရစ္ဆာန်ဥယျာဉ်ကို နိုင်ငံတကာ အဆင့်မီ ဥယျာဉ်တခု ဖြစ်ပေါ်လာရေး အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ၊ တိရစ္ဆာန် လဲလှယ်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း လုပ်ငန်းတွေကို ပြုလုပ်ဆောင်ရွက်ခွင့် ရပေမယ့် တကယ်လက်တွေ့မှာ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်တာ၊ တိရစ္ဆာန်အသစ်တွေ ဝယ်ယူတာတွေ ကိုတော့ သစ်တောဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် နေဆဲဖြစ်တယ်လို့ သတင်းတွေ အရ သိရပါ တယ်။
ထူးကုမ္ပဏီက ငှားရမ်းလုပ်ကိုင်ခွင့် တာဝန်ယူပြီး မကြာခင်မှာပဲ ဂိတ်ဝင်ကြေးတွေကို ယခင် လူကြီးတဦးကို ကျပ် ၅၀ဝ ကနေ ကျပ် ၁၀ဝ၀ အထိ၊ ကလေးတဦးကို ကျပ် ၂၀ဝ ကနေ ကျပ် ၅၀ဝ အထိ တိုးမြှင့် ကောက်ခံခဲ့ပါတယ်။
ဒါ့အပြင် ၁၉၉၇ ခုနှစ်ကတည်းက ဒို့ပြည်သား အင်တာပရိုက်စ် ကုမ္ပဏီက ငှားရမ်းပြီး လုပ်ဆောင်နေတဲ့ ဘက်စုံ အားကစားကွင်းကိုလည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ပိတ်သိမ်းခဲ့ပြီး ကစားကွင်း မြေနေရာကို သစ်တော ဝန်ကြီးဌာနကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ အဲဒီ ကစားကွင်း နေရာမှာ ဘယ်လုပ်ငန်းမှ အကောင်အထည် မဖော်သေးပေမယ့် ကြားရတဲ့ သတင်းစကားတွေ အရ ဟိုတယ်စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ သိရှိရပါတယ်။
နောက်ပြီး အစိုးရအနေနဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ လှော်ကား သဘာဝဥယျာဉ်ဆီ ပြောင်းရွှေ့ပြီး ရန်ကုန်တိရစ္ဆာန် ဥယျာဉ်နေရာမှာ ပန်းခြံ (Green Park) အဖြစ် ပြောင်းလဲလိုတယ် လို့လည်း အစိုးရ သဘောထားကို ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲဒီသဘောထားနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင် ပညာရှင်တချို့က သတင်းမီဒီယာ တွေကတဆင့် ကန့်ကွက်ခဲ့ကြတဲ့ အတွက် လက်ရှိအချိန် အထိတော့ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ပြောင်းရွှေ့မယ့် ကိစ္စကို အကောင်အထည် မဖော်နိုင်သေးတာ တွေ့ရပါတယ်။
ထူးကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ နိုင်ငံတကာအဆင့်မီ လုပ်ဆောင်မယ်လို့ ဆိုခဲ့တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ရဲ့ ပြင်ဆင်မှုက သိသိသာသာ မပြောင်းလဲခဲ့ဘူး လို့ မြို့နေပြည်သူလူထုက ဝေဖန်ကြ ပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၁၀ဝ ကျော် စာရင်းဝင် အထင်ကရ နေရာတခု ဖြစ်တဲ့ ရန်ကုန်မြို့လယ်ကောင်က ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ဟာ လှုပ်ရှားသက်ဝင်မှု မရှိသလောက် ခြောက်ကပ်လာနေပါပြီ။ ဒီလို သမိုင်းဝင် အစဉ်အလာတခု ရှိတဲ့ နေရာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အပန်းဖြေစရာ နေရာအဖြစ် တသီးတသန့် မရှိတော့ကြောင်း၊ ပြောင်းလဲမှု တွေ ရှိနေတယ် ဆိုပေမယ့် အဆင့်မြှင့်တင် ပြင်ဆင်မှု မရှိကြောင်း လူထုကြားမှာ ပြောဆိုမှု ရှိနေပါတယ်။
အခုဆိုရင် ဈေးဝယ်စင်တာတွေ၊ ကစားကွင်းတွေ၊ ရုပ်ရှင်ရုံတွေ စတဲ့ နေရာတွေမှာတင် တမိသားစုလုံး အပန်းလည်း ဖြေ၊ ဈေးလည်း ဝယ်၊ ရုပ်ရှင်လည်း ကြည့် ဆိုတာမျိုး တနေရာတည်းမှာ ရွေးချယ်စရာ နေရာတွေ များလာတာ ကလည်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို လာရောက် လည်ပတ်ဖို့ ဆွဲဆောင်မှု လျော့နည်းစေတဲ့ အကြောင်းတခု ဖြစ်နိုင် ပါတယ်။
“အလုပ်နားရက်၊ ကျောင်းပိတ်ရက် ဆုံတဲ့နေ့တွေမှာ ဆိုရင် တလတခေါက်လောက် မိသားစုလိုက် အပြင်ထွက် လည်ဖြစ်တယ်။ ပျော်ပွဲစားထွက်တဲ့ သဘောပေါ့။ ဘုရားသွားတယ်။ နောက်ပြီး တိရစ္ဆာန် ဥယျာဉ် ဝင်ဖြစ်တယ်။ အရင်ကတော့ သွားစရာ နေရာက ရှားတာကိုး။ အခုနောက်ပိုင်း တိရစ္ဆာန်ဥယျာဉ်ဘက် မသွားဖြစ်တော့ဘူး။ ဘုရားသွား ဖြစ်တယ်၊ ကစားကွင်းဘက် သွားတယ်။ ရုပ်ရှင်ကြည့်ချင်ကြည့် ကြတယ်။ ရွေးချယ်မှုတွေက များလာပြီလေ” လို့ ကလေးနှစ်ယောက် မိခင် ဒေါ်ခင်ဝင်းက ပြောပါတယ်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို အဓိကလာရောက် လည်ပတ်ကြတာက ရန်ကုန်မြို့ထက် နယ်ဝေးက လူတွေ အများစု ဖြစ်ပြီး တနင်္လာနေ့ကနေ သောကြာနေ့ အထိ လာရောက်လည်ပတ်သူ နည်းပါးလှပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေ မှာတော့ လာရောက်လည်ပတ်သူ များတတ်တယ်လို့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦး က ဆိုပါတယ်။
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို လာရောက်လည်ပတ်သူ သိသိသာသာ နည်းသွားတာဟာ ဘက်စုံကစားကွင်း ပိတ်လိုက်ပြီး နောက်ပိုင်းမှာ ဖြစ်တယ်လို့ တိရစ္ဆာန် အစားအစာ ရောင်းသူတဦးက ပြောပါတယ်။
“အရင် ကစားကွင်း ရှိတုန်းကတော့ မိသားစုလိုက် လာမယ်။ ထမင်းတွေ ဟင်းတွေ ချက်ယူလာကြမယ်။ နောက်ပြီး ဒီမှာ အေးအေးဆေးဆေး နားမယ်။ ပါလာတဲ့ ကလေးတွေက ကစားကွင်းသွားမယ် ဆိုတော့ တနေရာတည်းမှာ တိရစ္ဆာန်တွေ ကြည့်ရင်း၊ အပန်းလည်းဖြေရင်း၊ ပြီးတဲ့အခါ ကစားလို့လည်းရတော့ ကလေးတွေလည်း ပျော်တယ်။ အခုနောက်ပိုင်း တချို့နေ့တွေဆို ဈေးဦးတောင် မပေါက်ဘူး။ မိသားစုလိုက် လာတာ သိသိသာသာ နည်းသွားတယ်” လို့ သူက ဆိုပါတယ်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါများ အပါအဝင် တိရစ္ဆာန် မျိုးစိတ်ပေါင်း လက်ရှိမှာ ၁၃၃ မျိုး ရှိနေပြီး အကောင်ရေ ၁၃၃၆ ကောင်ရှိကြောင်း၊ ဝန်ထမ်းအင်အား ၈၀ဝ ခန့်နဲ့ တိရစ္ဆာန်တွေကို ထိန်းသိမ်း စောင့်ရှောက်နေပြီး တိရစ္ဆာန်တွေရဲ့ တရက်တာ အစာကျွေးတဲ့ ကုန်ကျနှုန်းဟာ ကျပ် ၅ သိန်းခွဲကျော် ရှိကြောင်း သိရပါတယ်။
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲက တိရစ္ဆာန် အများစုဟာ အာဟာရ ပြည့်ဝပုံမရဘဲ ပိန်ချည့်နေတာတွေ တွေ့ရတဲ့အတွက် ကြည့်ရှုသူ ပြည်သူတွေ အတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလည်း သွားရောက်ကြည့်ရှုမှု နည်းပါးစေတဲ့ အချက်တချက် ဖြစ်ပါတယ်။
အရှေ့တောင် အာရှနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံတွေမှာတော့ တိရစ္ဆာန်ဥယျာဉ်တွေဟာ ပြည်သူလူထုနဲ့ နိုင်ငံခြားသားတွေ အတွက် ဆွဲဆောင်မှုကောင်းပြီး သွားရောက် လည်ပတ်ချင် စရာကောင်းတဲ့ နေရာတွေဖြစ်အောင် စီစဉ်ပေးထားတာ တွေ့ရပါတယ်။
တောရိုင်းတိရစ္ဆာန်တွေ အကြား သွားလာ လည်ပတ်နိုင်တဲ့ Night Safari အစီအစဉ်လို၊ တိရစ္ဆာန်လိမ္မာတွေရဲ့ ပြပွဲတွေ ကျင်းပပေးတာလို ထူးခြားတဲ့ အစီအစဉ်တွေ၊ လှပကောင်းမွန် သပ်ရပ်တဲ့ အခင်းအကျင်းတွေ၊ စားသောက်ဆိုင်တွေ အပါအဝင် စီစဉ်ပေးထားတာတွေက တိရစ္ဆာန်ဥယျာဉ် ဝင်ငွေကောင်းစေတဲ့ အချက် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တိရစ္ဆာန် ဥယျာဉ်မှာ ဆိုရင် ၂၀ဝ၉ ခုနှစ်လောက်က တရုတ်နိုင်ငံက ပန်ဒါဝက်ဝံကို ငှားရမ်း ပြသခဲ့စဉ်မှာ ပန်ဒါပေါက်ကလေး မွေးဖွားခဲ့တဲ့ အတွက် နာမည်ကြီးပြီး ကြည့်ရှုသူ များပြားခဲ့ပါတယ်။ အဲဒီလိုပဲ စင်ကာပူနိုင်ငံ တိရစ္ဆာန်ဥယျာဉ်က ညဘက် အလှပြဖျော်ဖြေပွဲတွေ၊ တိရစ္ဆာန်လိမ္မာတွေရဲ့ ဖျော်ဖြေပွဲတွေဟာ လူကြည့် များတာ တွေ့ရပါတယ်။
တိရစ္ဆာန်ဥယျာဉ်ဆိုတာဟာ လည်ပတ်ရုံ သက်သက်မဟုတ်ဘဲ ကလေးတွေအတွက် ဗဟုသုတ ရရှိနိုင်တဲ့နေရာ၊ ပညာသင်ယူနေသူ ကျောင်းသား ကျောင်းသူတွေအတွက် လေ့လာစရာ အခွင့်အရေးရှိတဲ့ နေရာ၊ မွန်းကျပ်တဲ့ မြို့ပြမှာ နေထိုင်နေသူတို့အတွက် စိတ်ထွက်ပေါက်ပေးရာ အေးချမ်းသာယာတဲ့ နေရာလည်း ဖြစ်သင့်ပါတယ်။
တချိန်တုန်းက တိရစ္ဆာန် မျိုးစိတ်ပေါင်း စုံလင်လို့ အာရှမှာ နာမည်ရခဲ့တဲ့ မြန်မာနိုင်ငံ ရှေးဟောင်းအမွေအနှစ် နေရာတခုလည်း ဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ရဲ့ အရေးပါမှုကို ပြန်လည်အသက်သွင်းနိုင်ဖို့ဆိုရင် နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်သွားမယ် လို့ ပြောနေရုံသက်သက်နဲ့ ဖြစ်လာမှာမဟုတ်ဘူးလို့ စင်ကာပူနိုင်ငံက တိရစ္ဆာန် ဥယျာဉ်ကို လေးငါးခေါက် သွားရောက် လည်ပတ်ဖူးတဲ့ မနှင်းက ပြောပါတယ်။
“ကျမ သမီးလေး ၈ နှစ်ရှိပြီ၊ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို တခေါက်ပဲ ရောက်ဖူးတယ်။ တခါသွားပြီး သန့်ရှင်းမှုမရှိလို့ နောက် မသွားတော့တာ။ စင်ကာပူ တိရစ္ဆာန် ဥယျာဉ်က ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထက် အဆနှစ်ဆယ်လောက် ဝင်ကြေး ဈေးကြီးတယ်၊ ကျဉ်းလည်းကျဉ်းတယ်၊ ဒါပေမယ့် စင်ကာပူရောက်တိုင်း တိရစ္ဆာန်ဥယျာဉ် ဝင်ဖြစ်တယ်။ ဘာတွေ ကွာခြားလဲ ဆိုတော့ စင်ကာပူ တိရစ္ဆာန် ဥယျာဉ်ရဲ့ ဆွဲဆောင်မှုက တခါနဲ့ တခါ မတူဘူး။ သွားပြီးရင်း သွားချင်အောင် ဆွဲဆောင်နေတဲ့ အချက်တွေကို မြင်ရတယ်” လို့ ဆိုပါတယ်။
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခု ဖြစ်ခဲ့ဖူးပေမယ့် အခုဆိုရင် အများပြည်သူ အသုံးပြုဖို့ ထားရှိတဲ့ ရေပိုက်တွေတောင် ကျိုးပျက်နေတာ၊ ရေမလာတော့ တာတွေတောင် ဖြစ်နေတာ တွေ့ခဲ့ရ ပါတယ်။
ငွေကုန်ကြေးကျ များတဲ့ အကြီးစား ပြင်ဆင်မှုတွေ မလုပ်နိုင်သေးသည့် တိုင်အောင် ရှိပြီးသား တိရစ္ဆာန်တွေကို လျော့ပါးမှု မရှိအောင် ထိန်းသိမ်းတာ၊ သန့်ရှင်းသပ်ရပ်မှုနဲ့ လာချင့်စဖွယ်ဖြစ်အောင် စီစဉ်တာ၊ မွန်းကျပ်တဲ့ မြို့ပြရဲ့ ငြိမ်းချမ်းတဲ့ အိုအေစစ်ကလေး တခုအဖြစ် အများပြည်သူ အနားယူနိုင်အောင် ပြင်ဆင်ပေးတာ စတဲ့ မွမ်းမံမှုမျိုးတွေနဲ့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ပြုပြင်ထိန်းသိမ်းဖို့ လိုနေပါပြီ။ ။