ထိုင်း-မြန်မာနယ်စပ် မြဝတီမြိုအထွက် အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေပြီး၊ အနီးက ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဧရာဝတီက စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက် ငယ်များ အပြင် အာပီဂျီများကိုပါ အသုံးပြုပစ်ခတ်နေတဲ့ အတွက် မြို့ခံတွေအတွက်ပါ စိုးရိမ်စရာရှိနေတယ်လို့ မျက်မြင် တွေက ပြောပါ တယ်။
မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင် အရာရှိတဦးက “မြို့ထဲကို လာတဲ့ စစ်ကားကို DKBA က အာပီဂျီနဲ့ စထုလိုက် တယ်လို့ အဲတာကနေ နှစ်ဘက်တိုက်ပွဲစဖြစ်တာလို့ ကျနော်တို့ သတင်းရတာပဲ။ အခုလည်း အာရှလမ်းမကြီးပေါ်မှာ တဝုန်းဝုန်းနဲ့ ဆော်နေကြတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် မြဝတီမြို့နဲ့ သင်္ဃန်းညီနောင် ရွာအကြား အာရှလမ်းမကြီးကို အစိုးရ စစ်တပ်က ပိတ်ထားလိုက်ပြီး ကုန်စည်ကူးသန်းမှုနဲ့ ခရီးသွားလာမှုကို ရပ်ဆိုင်းထားလိုက်ကြောင်းသိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာက လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေလည်း ပိတ်ထားလိုက်ပြီး အဲဒိနေရာမှာ နေထိုင်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကာယကံရှင်တွေက ဧရာဝတီကိုပြောပါတယ်။
“အခုဖြစ်နေတာက ကျနော့်ဆိုင်ရှေ့မှာ ဖြစ်နေတာ လက်နက်ကြီးတွေနဲ့ တော်တော်ကြောက်စရာကောင်းတယ်။ အခု ကျနော်တို့လည်း ဆိုင်ပိတ်ပြီး မြို့ထဲကိုသွားနေတယ်။ အာရှလမ်းမကြီးပိတ်လိုက်လို့ ကျနော်တို့ ရပ်ကွက်လမ်းကြား တွေထဲကနေ ဖြတ်သွားနေရတယ်”လို့ မြဝတီမြို့ခံ စားသောက်ဆိုင်ရှင်တဦးက ဧရာဝတီကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မြဝတီမြို့မ ရဲစခန်းက “တိုက်ပွဲဖြစ်နေတာတော့ ဟုတ်ပါတယ်။ ကျနော်တို့ အသေးစိတ် ဖြေကြားခွင့် မရှိပါဘူး။ ကျနော်တို့လည်း စုံစမ်းနေဆဲပါ” လို့ တာဝန်ကျ ဒုရဲအုပ် တဦးက ဧရာဝတီကို ဖြေကြားပါတယ်။
အစိုးရ စစ်တပ်နဲ့ DKBA တို့ အကြား မနေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နှင့် တမိုင်ကျော် အကွာအဝေးမှာရှိတဲ့ ကလှိုင်ကနိုင် ကျေးရွာအုပ်စု ကရင်တောအပေါ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်က တပ်ဖွဲ့ဝင်တချို့နဲ့ ရဲ၊ စရဖတို့က အရာရှိအချို့ကို DKBA ကဖမ်းဆီးထားတယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ညက မြဝတီမြို့ပေါ်မှာ DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းနှင်လာတဲ့ အနက်ရောင် SURF အမျိုးအစား ကားကို အစိုးရ လုံခြုံရေး အဖွဲ့တွေက စစ်ဆေးဖို့ တားမြစ်ရာမှာ မောင်းထွက်သွားတဲ့ အတွက် စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာမှ DKBA တဦး သေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်ဘက်က ထိရောက်တဲ့ ဖြေရှင်းမှုမျိုး မရှိတဲ့ အတွက် DKBA အောက်ခြေတပ်ဖွဲ့ တွေက မကျေမလည်ဖြစ်နေကြပြီး၊ အစိုးရနဲ့ DKBA တို့ အကြားမှာ တင်းမာမှုတွေဖြစ်ခဲ့ရတယ်လို့ မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင် အရာရှိတဦးက ပြောပါတယ်။
“အခုဖြစ်နေတာတွေက အဲဒီ DKBA တယောက်သေတဲ့ ကိစ္စကနေ သဘောထားတင်းမာပြီး စလာကြတာပဲ။ ခုဟာက အရှိန်တက်သွားပြီဆိုတော့ လွယ်လွယ်နဲ့ ငြိမ်းဖို့ မလွယ်ဘူးထင်တယ်” လို့ BGF အဖွဲ့ဝင် အရာရှိ က ပြောပါတယ်။