ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပြီးခဲ့သည့် လအနည်းငယ်အတွင်း က နေရာ အပြောင်းအလဲလုပ်သည့် အမိန့်စာကို နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်က အတည်ပြု ထုတ်ပြန်ခဲ့သည်။
အစိုးရသစ် သက်တမ်း ၄ နှစ်ဝန်းကျင်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အတွင်း ဝန်ကြီးခန့်အပ်မှုများသည် မငြိမ်သက်နိုင်သေးဟု ဆိုရပေမည်။
အစိုးရသက်တမ်း များများစားစား မကျန်တော့သည့် ယခုကာလတိုင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများအား နေရာအပြောင်း အလဲ ဆက်တိုက် ပြုလုပ်ခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် နေရာပါမကျန် ဝန်ကြီးနေရာများကို ပြောင်းနေဆဲ၊ ရွှေ့နေဆဲပင် ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ရေပေါ်ရေအောက် သယံဇာတများ ပေါကြွယ်ဝလှသော်လည်း ကုလသမဂ္ဂ စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တခုဖြစ်လာသည်။
ရခိုင်ပြည်နယ်၏ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍ အသီးသီးတို့၌ အခြေခံ အဆောက်အအုံများစွာကို ပိုမိုအားကောင်းလာစေရန်၊ အခြေခံ အဆောက် အအုံများ ရှိပြီးသား မြို့ရွာများအတွက် အခြေခံလွန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အရေးတကြီး လိုအပ်နေသည်။
ထိုသို့ လိုအပ်ချက်များ ရှိနေသည့် အဆင်းရဲဆုံးတန်းဝင် ပြည်နယ်တခုသည် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ချထားပေးသည့် ဘတ်ဂျက်များကို ကုန်အောင် သုံးစွဲခြင်း မပြုဘဲ မကြာသေးခင်က ပြည်ထောင်စု အစိုးရထံ ပြန်လည် အပ်နှံခဲ့သည့် ကိစ္စကလည်း ဟိုးလေး တကျော် ဖြစ်ခဲ့သည်။
ရခိုင်ပြည်သူတို့ ယုံကြည်ကိုးစားသဖြင့် ရွေးကောက် တင်မြှောက်လိုက်သူများ ဝန်ကြီး ဖြစ်လာသောအခါ လူနှင့် နေရာ လွဲနေကြ၍လော၊ ယခုချိန်ထိ အစိုးရ မလုပ်တတ်သေး၍လော၊ ပြည်သူလူထု အပေါ် စေတနာရှိသည့် တိုင်အောင် မလွန်ဆန်နိုင်သည့် အရိပ်ကြီးများ ရှိနေ၍လော ဆိုသည့် မေးခွန်းများ၏ အဖြေကား ကာယကံရှင် ဝန်ကြီးများသာလျှင် အသိဆုံး ဖြစ်ပေမည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တက်လာပြီးစ ကာလက ရခိုင်ပြည်နယ် အတွင်းရှိ မြို့တမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတချို့ကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် မြို့ရိုးများကို တူးဖော် ဖြိုဖျက်ခံရတော့မည့် အရေးနှင့် ပတ်သက်ပြီး ဒေသခံများက မိမိတာဝန်ထမ်းဆောင်နေသာ သတင်းဌာနသို့ ဆက်သွယ် သတင်းပေးကြသည်။
သတင်းသမား တဦးဖြစ်သည့် မိမိသည် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ် သော ယဉ်ကျေးမှု ဝန်ကြီးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။ ထိုစဉ်က တာဝန်ယူထားရသည့် ထို ဝန်ကြီးသည် ကျန်းမာရေးဝန်ကြီး တာဝန်ကိုလည်း ပူးတွဲယူထားရသည့် အပြင် အခြားယူထားသော တာဝန်များလည်း ရှိနေသေးသည်ကို သိရသည်။ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဝန်ကြီး ဖြစ်သည်။
ဝန်ကြီးက ပိုလီယိုကာကွယ်ဆေး တိုက်သည့် ကိစ္စများဖြင့် အလုပ်ရှုပ်နေခြင်းကြောင့် ထိုရှေးဟောင်း အမွေအနှစ် ကိစ္စဘက်သို့ ဦးမလှည့်နိုင်သေးကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်များဖြင့် မအားလပ်နိုင်အောင် ဖြစ်နေကြောင်း၊ ထိုကိစ္စသည် သူ့ဆီသို့ ရီပို့တက်မလာသေးကြောင်း စသဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
အလားတူ မိမိ၏ ဇာတိမြို့မှ ရွေးကောက်ပွဲဝင်ကာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ဝန်ကြီးဖြစ်လာသော မိတ်ဆွေတဦးနှင့် သတင်းကိစ္စများအတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ အကြိမ်အရေအတွက် အတော်များများ စကားစမြည် ပြောဆိုခဲ့ဖူးသည်။
သူသည်လည်း စောစောက ဝန်ကြီးလို နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဝန်ကြီးပင် ဖြစ်သည်။ သူကလည်း မိမိအား လုပ်ကိုင်နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုသည်။ သူတာဝန် ယူထားရသည့် ဝန်ကြီးဌာနများကို ရွတ်ပြသည်။ ဝန်ကြီးဌာန အရေ အတွက်နှင့် ဝန်ကြီးအရေအတွက် မမျှပုံကို ရှင်းပြသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ကြီးအများစု၏ ဇာတိဇစ်မြစ်၊ နောက်ခံ သမိုင်း မည်သို့ရှိခဲ့သည်၊ အားသာချက်၊ အားနည်းချက်များ မည်သို့ရှိနေသည် ဆိုသည်ကို ရခိုင်ပြည်သူ အားလုံးက အသိပင် ဖြစ်သည်။
ယခုဝန်ကြီး ဖြစ်နေကြသူများတွင် ရွေးကောက်ပွဲ မဝင်မီက ဆရာဝန်တယောက်၊ ကျောင်းဆရာ တယောက်၊ စီးပွားရေးသမား တယောက် ဖြစ်ကြပြီး ၎င်းတို့နေထိုင်သည့် မြို့ရွာများတွင် ဂုဏ်သိက္ခာရှိသူ၊ သြဇာအရှိန်အဝါ ရှိခဲ့သူ၊ လူရိုသေရှင်ရိုသေ ရှိခဲ့သူများ ဖြစ်ကြသည်။
ပြည်နယ်အစိုးရ အဖွဲ့တွင် ဝန်ကြီးများ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသော အခါတွင် မူလက ကျောင်းဆရာ လုပ်ခဲ့ဖူးသူက စည်ပင်ဝန်ကြီး ဖြစ်လာသည်။ မူလက ဆရာဝန် လုပ်ခဲ့သူက လူမှုရေး ဝန်ကြီး အဖြစ် တာဝန်ယူကြရသည်။ ထိုသို့သော ဝန်ကြီး တာဝန်များ ယူခဲ့သည့် အစိုးရအဖွဲ့၏ သက်တမ်း ကုန်လုဆဲဆဲ ယခုအချိန်တွင် အထက်အမိန့်အရ ဝန်ကြီးနေရာ အပြောင်းအလဲ ဖြစ်လာပြန်လေသည်။
ရခိုင်ပြည်သူ တယောက်ဖြစ်သော မိမိဆန္ဒကို ထုတ်ဖော် ရမည်ဆိုလျှင် မိမိတို့ ရွေးကောက် တင်မြှောက် လိုက်သူများက လက်တွေ့တွင် အလုပ်မဖြစ်လျှင် ပြန်ဖြုတ်ချကာ၊ အလုပ်ဖြစ်မည့် သူများကို ထပ်မံ ရွေးချယ် စေလိုသည်။
ပြည်နယ် ဝန်ကြီးချုပ်မှ အစ ရပ်ကျေး ဥက္ကဋ္ဌ အဆင့်အထိ ပြည်သူကြိုက်သော သူကို ရွေးချယ်ကာ၊ ပြည်သူ လက်မခံနိုင်လျှင် အမြန်ဆုံး ဖြုတ်ချနိုင်ခွင့် ရစေချင်သည်။ အထက်အမိန့်ဖြင့် ဝန်ကြီးတာဝန် ယူထားသူများထက် ရခိုင်ပြည်သူက ရွေးကောက်သော အုပ်ချုပ်သူများဖြင့် ခရီးဆက်ရလျှင် မည်မျှ ကောင်းမည်နည်းဟု တွေးမိလေသည်။
ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိပါက ထိုရာထူးနေရာကို စွန့်လွှတ်ရဲသည့် သတ္တိရှိသော ဝန်ကြီးများကို လိုချင်သည်။ မိမိလုပ်ပိုင်ခွင့်နှင့် ပညာတို့ကို မှန်ကန်စွာ အသုံးချကာ ပြည်သူအတွက် အလုပ်လုပ်သော ဝန်ကြီးများကိုသာ အလိုရှိသည်။ အထက်အမိန့် အတိုင်း လုပ်သွားပါမည် ဆိုသည့် ဝန်ကြီးများကို အလိုမရှိပါ။
လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် မိမိသည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ အနီးတဝိုက်၌ ရွေးကောက်ပွဲသတင်းများကို ကွင်းဆင်း ရေးသားခဲ့ရသည်။ စစ်တွေမြို့ပေါ်ရှိ မဲရုံများ၊ စစ်တွေမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ မဲရုံများသို့ သတင်းယူခဲ့သည်။
ထိုသို့ ကွင်းဆင်းသတင်းယူစဉ် မဲဆန္ဒရှင် ရခိုင်ပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ နိမ့်ပါးနေသည့် အခြေအနေများ၊ သူတို့၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို အနီးကပ် တွေ့မြင်ခွင့် ရခဲ့သည်။
ထိုစဉ်က မိမိအမှတ်ရဆုံး လူတယောက်မှာ စစ်တွေမြို့ တဖက်ကမ်းတွင် နေထိုင်သူ အသက် ၇၀ ကျော် အဘိုးအို တဦး ဖြစ်သည်။ အဘိုးအို၏ မျှော်လင့်ချက်မှာ သူမဲထည့်လိုက်သည့် ပါတီက အနိုင်ရရေးပင် ဖြစ်သည်။ ဆင်းရဲမွဲတေခြင်း၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု အလှမ်းကွာလွန်းခြင်းများနှင့် ထုသားပေသား ကျနေပုံရသည့် အဘိုးအိုသည် “တန်းတူညီမျှရေး” ဆိုသည့် စကားလုံးကို ထပ်တလဲလဲ ပြောဆိုသည်။
ရခိုင်တိုင်းရင်းသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခွင့်အလမ်းများ ချွတ်ခြုံကျနေသည့် ရခိုင်ပြည်သူများ၏ လက်တွေ့ဘဝကို သူ တတ်သလောက် မှတ်သလောက် စကားလုံးများဖြင့် ရင်ဖွင့် ပြောဆိုသည်။
သတင်းထောက် တယောက်နှင့် စကားပြောခွင့်ရခြင်းသည် သူ့အတွက် ကြီးစွာသော အခွင့်အရေး ဖြစ်သည်ဟု ခံစားရပုံကို မြင်ခဲ့ရသည်။ သတင်းထောက်ရေးသော စာမှတဆင့် အဘိုးအို၏ စကားများကို တာဝန်ရှိသူများ ကြားနိုင်မည်၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဟု ယုံကြည် နေပုံရသည်။ သူထောက်ခံသော နိုင်ငံရေး ပါတီ အနိုင်ရလျှင် လူထု အားကိုးရသော အစိုးရအဖွဲ့ ဖြစ်လာမည်ဟုလည်း ထင်မြင်နေပုံရသည်။
“ငါတို့ ထမင်းနပ်မှန်အောင် မနည်း ကြိုးစားနေရတယ်”
“ပညာတတ်တဲ့ ကလေးတွေ အတွက်လည်း အလုပ်လုပ်စရာ အခွင့်အလမ်း မရှိဘူး။ ပညာမတတ်တဲ့ လူတွေ အတွက်လည်း စောစောက ပြောသလို၊ အဘက်ဘက်က နိမ့်ကျနေတဲ့ ငါတို့ဘဝတွေကို အခြား တိုင်းရင်းသားတွေနဲ့ တန်းတူ ညီမျှ တိုးတက်အောင် လုပ်ပေးနိုင်တဲ့ အစိုးရ ဖြစ်စေချင်တယ်”
“အများကြီး ပိုမတောင်းပါဘူး။ ဗမာတကျပ်၊ ရခိုင်တကျပ်ပဲ တန်းတူ ရချင်တယ်” ဟု အဘိုးအိုက တတွတ်တွတ် ပြောဆိုသည်ကို ကြားခဲ့ရသည်။ အပေါ်ပိုင်း ဗလာကျင်းဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည့် အဘိုးအို၏ ကျောပြင်သည် နေလောင်ဒဏ်ကြောင့် မဲပြောင်နေသည်။
အဘိုးအိုသည် စကားကို ကရားရေလွှတ် ပြောပြီးနောက် သူ၏ ပါးပြင်ပေါ်သို့ စီးကျတော့မည့် မျက်ရည်ကို ခေါင်းပေါင်းထားသည့် ပုဆိုးဖြင့် ဖိ၍ သုတ်လိုက်သည်အထိ သူ၏ ခံစားနာကျင်မှုများ ပြင်းထန်နေပုံ စိတ်မကောင်းကြီးစွာ မြင်ခဲ့ရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ထိုအဘိုးအို အပါအဝင် ရခိုင်ပြည်သူ အများစု မဲထည့်ခဲ့သည့် နိုင်ငံရေး ပါတီက အပြတ်အသတ် အနိုင် ရရှိ ခဲ့သည်။ ထိုပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဝန်ကြီးများလည်း ပေါ်ထွက်လာခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ အရပ်သား အစိုးရသစ်၏ ပြောနေကျ စကားအတိုင်းပင် “သက်တမ်းအားဖြင့် နုနယ်သေးသည့် အစိုးရအဖွဲ့”၊ “လ သားအရွယ် အစိုးရ အဖွဲ့”၊ “လုပ်ငန်းဆောင်တာများကို အကောင်အထည် ဖော်ရန် လေ့လာနေ ဆဲ အချိန်ဖြစ်၍ အပြစ်တင်စောခြင်းများ မပြုလုပ်ကြရန်” စသည့် စကားလုံးများကို လှိုင်လှိုင်သုံးခဲ့သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နေသော ပြည်သူတို့၏ မကျေနပ်မှုများကို ထိုစကားလုံးများဖြင့် ကျောသပ်ခဲ့သည်။
သို့သော် ယခု အစိုးရသက်တမ်း ကုန်ခါနီး အချိန်၌ ထိုဆင်ခြေများ သိပ်မကြားရတော့ဘဲ အထက်အမိန့်ဖြင့် ရွှေ့ပြောင်းခံနေရသော ဝန်ကြီးဌာနများသို့ ရောက်သွားကြသဖြင့် ဌာန အသစ်များတွင် အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားကြရင်း အချိန်ကုန်ကြလေသည်။
မဲထည့်ထားသော မဲဆန္ဒရှင်များကို ပေးထားခဲ့သည့် ကတိကဝတ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မည်ရွှေ့မည်မျှ အကောင်အထည်ဖော်ပြီး ဖြစ်သည်ကို ရခိုင်ပြည်သူလူထုသာလျှင် အသိဆုံး ဖြစ်သည်။
ထိုအခြေအနေများကြောင့် ရခိုင်လူငယ်များသည် သယံဇာတ ပေါများကြွယ်ဝလှသည့် မွေးရပ်မြို့ရွာ အသီးသီးကို စွန့်ခွာကာ မြန်မာ ပြည် အနှံ့၊ အလုပ်သမားများကို လက်ခံသည့် ကမ္ဘာ့ နိုင်ငံအနှံ့သို့ ထွက်ခွာ သွားနေကြရသည်။
ရခိုင်ပြည်နယ်ရှိ ကျေးရွာ အများစုတွင် အိုမင်းမစွမ်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ် မရောက်သေးသည့် ကလေးငယ်များမှ လွဲလျှင် ကျန်းမာသန်စွမ်းပြီး အလုပ်လုပ်နိုင်သူ လူငယ်အများစုသည် ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်းလုပ်သားများ အဖြစ် ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာကာ ထွက်သွားနေကြရသည်။
အဘယ့်ကြောင့်နည်း။ အဖြေကား ရခိုင်ပြည်နယ်တွင် လူနေမှုဘဝများ တိုးတက်မည့် အခွင့်အလမ်း မရှိ၍ ဖြစ်သည်။ တတ်ထားသော ပညာနှင့် အံဝင်ခွင်ကျဖြစ်မည့် အလုပ်များ မရှိကြ၍ ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလွန်းသော ရခိုင်ပြည်နယ်ကို စွန့်ခွာ မသွားနိုင်သည့် ရခိုင်လူငယ် အများစုသည် အလွယ်တကူ လက်လှမ်းမီစွာ ပေါပေါများများ ရရှိနေသော အရက်၏ ကျေးကျွန်များဖြစ်ကာ လူ့အရင်းအမြစ်များ ဆုံးရှုံးလျက် ရှိနေသည်ကိုလည်း တွေ့မြင်နေရဆဲ ဖြစ်သည်။
နိုင်ငံခြား ဝင်ငွေ မြောက်များစွာကို ရှာဖွေပေးနိုင်သည့် ရေထွက်ကုန်များ၊ ကမ္ဘာ့လှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အပမ်းဖြေ စခန်းများ ရှိနေသော်လည်း ရခိုင်ပြည်သူတို့၏ ဘဝသည် ကျောမွဲပြာများ အဖြစ်သာ ရှိနေဆဲပင်။
“ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ကတိတွေ ပေးမှပေး။ မဲဆွယ်မှ ဆွယ်။ ဝန်ကြီးတွေလည်း ဖြစ်သွားရော အဲဒီလူတွေကို တခေါက်မှ ထပ်မမြင်ရတော့ဘူး” ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ မိတ်ဆွေတဦးက ပြောဆိုခဲ့သည်။ ဒါက ပြည်သူ့ကြားက စကားသံ အစစ်အမှန်သာ ဖြစ်သည်။
စစ်တွေမြို့ တဖက်ကမ်းမှ အသက် ၇၀ ကျော် အဘိုးအိုသည် သူမဲထည့်ခဲ့သော အသီးအပွင့်ကို သူ မသေခင် ခံစားသွားချင် ပေလိမ့်မည်။ ထိုအဘိုးအိုသည် “ဖက်ဒရယ်”ဆိုသည့် စကားကို မသုံးနှုန်းတတ်သော်လည်း တန်းတူညီမျှရေးနှင့် ကိုယ့် ကြမ္မာ ကိုယ် သာ ဖန်တီးခွင့်ကို မျှော်မှန်းသည့် စိတ်ဓာတ်သည် သံမှိုနှင့် နှက်ထားဘိ သကဲ့သို့ ရှိနေသည်ကိုလည်း သူ့မျက်ရည်များက သက် သေ ပြခဲ့လေသည်။
အနှစ်ချုပ်ရလျှင် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ရခိုင်ပြည်နယ်၏ ပြန်လည်ထူထောင်ရေး အတွက် အစိုးရ တက်လုပ်နေသူများတွင် ပို၍ တာဝန်ရှိနေသည်။ ထိုတာဝန်များကို လက်တွေ့ကျကျ မထမ်းဆောင်နိုင်ကြ သေးသည့် အချိန်၌ပင် ကမ္ဘာကျော်ခဲ့သော ပဋိပက္ခမီးသည် ရခိုင်ပြည်နယ်ကို ထပ်မံ၍ ဝါးမြိုခဲ့သည်။ ဖွံ့ဖြိုးမှု နိမ့်ကျစေသော တွင်းထဲသို့ ဆွဲချသွားခဲ့ ပြန်သည်။
ကဏ္ဍအသီးသီးတွင် နိမ့်ကျကာ ပဋိပက္ခမီးများ မငြိမ်းနိုင်သေးသည့် ရခိုင်ပြည်နယ်၏ အနာဂတ်သည် လူမှန်၊ နေရာမှန် မရောက် သေး သရွေ့ ဝန်ကြီးများ အပြောင်းအလဲလုပ်ရုံဖြင့် မည်သို့မျှ ထူးမခြားနားနိုင်ပေ။ နေရာခဏခဏ ပြောင်းခံနေရသည့် ဝန်ကြီးများသည် အရည်အချင်း မပြည့်မီ၍ မြေစမ်းခရမ်းပျိုးခြင်း ခံနေရသလော ဆိုသည်ကလည်း ကာကယံရှင်များသာ အသိဆုံး ဖြစ်ပေ လိမ့်မည်။ ။