ရှေ့နှစ် ၂၀၁၅ မှာ ရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပမလဲဆိုတာကို ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်မလားလို့ တချို့က စိုးရိမ်သလို အစိုးရိမ်လွန်သူတွေကဆိုရင် ရွေးကောက်ပွဲတောင် ကျင်းပဖြစ်ပါ့မလားလို့ သံသယရှိနေကြပါတယ်။
အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ရ၊ အာဏာအလွှဲအပြောင်း အဆင်ချောသွားရင် မြန်မာပြည်မှာ ရွေးကောက်ပွဲနည်းကျ တက်လာတဲ့ အစိုးရနှစ်ရပ် ပထမဆုံး အာဏာအလွှဲအပြောင်းအဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ နိုင်ငံတွေကို ကြည့်ရင် ဒါလည်း အပြောထက် အလုပ်ခက်တဲ့ ကိစ္စတခုပါပဲ။
ဒီရက်ပိုင်းအတွင်း အာဏာလွှဲပြောင်းရေး အဆင်ချောသွားတဲ့ နိုင်ငံတခုက အာဖဂန်နစ္စတန် နိုင်ငံပါ။ ဘယ်လို ပုံစံမျိုးနဲ့ အဆင်ချောသွားသလဲဆိုတာကို လေ့လာကြည့်ရင် မြန်မာပြည်မှာ ကြုံရနိုင်တဲ့ ပြဿနာတွေ အတွက် စဉ်းစားစရာ ရနိုင်ပါတယ်။
အာဖဂန်နစ္စတန် အပြောင်းအလဲမှာ အရေးကြီးတာက အာဏာခွဲဝေရေး ကိစ္စပါပဲ။ သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားပြဿနာကို တခြား ကိစ္စတွေထက် ဦးစားပေး စဉ်းစားခဲ့ကြတာပါ။ ဒါကို ပြီးပြည်စုံတဲ့ အဖြေတခုမဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် အာဖဂနစ္စတန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတောင် ပြန်ပြီး အလျှော့အတင်း (Compromise) လုပ်ရပါတယ်။ အာဏာခွဲဝေရေးက အရင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြင်ဆင်ရေးက နောက်က လိုက်လုပ်ရမယ့် သဘောမျိုးဖြစ်ပါတယ်။ ဒါကို အနောက်မီဒီယာတွေက “အာဖဂန်နစ္စတန် ပုံစံ အာဏာခွဲဝေရေး” လို့ ဖော်ပြကြပါတယ်။ အာဖဂန်တလီဘန်တွေကတော့ ဒါဟာ “အမေရိကန်က ပုံဖော်ဖန်တီးထားတဲ့ အတုအယောင်”လို့ ရှုတ်ချပါတယ်။
အာဏာခွဲဝေရေး အစီအစဉ်အရ ပြိင်ဖက်နှစ်ယောက်စလုံးကို အာဏာရှိပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ထဲမှာ နိုင်သွားတဲ့ မစ္စတာ ဂန်နီက သမ္မတ အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး ရှုံးသွားတဲ့ အပ်ဗဒူလာအတွက် ရာထူးသစ်တခုကို တီထွင်ပေးခဲ့ပါတယ်။ လက်တွေ့ လုပ်ပိုင်ခွင့်အရ ဝန်ကြီးချုပ် ရာထူးနဲ့ တူညီတဲ့ စီအီးအို (Chief Executive Officer) တာဝန်ကို ပေးထားပါတယ်။ ဝန်ကြီးများ ကောင်စီ အဖွဲ့ကို စီအီးအိုက ခေါင်းဆောင်ပြီး အစိုးရအုပ်ချုပ်ရေး လုပ်ငန်းဆောင်တာတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အစိုးရ မူဝါဒတွေကို ကက်ဘိနက် (ဝန်ကြီးအဖွဲ့) က တာဝန်ခံတဲ့ အခါမှာ တာဝန်ခံရမယ့် သူက စီအီးအို ဖြစ်ပါတယ်။ စီအီးအိုဟာ ဖြစ်ထွန်း တိုးတက်သမျှအခြေအနေကို သမ္မတနဲ့ ကက်ဘိနက် အဖွဲ့ကို တိုက်ရိုက် အစီရင်ဖို့လည်း တာဝန်ရှိပါတယ်။
တဂူတည်းမှာ ခြင်္သေ နှစ်ကောင် အောင်းရမယ့် Hybrid အစီအစဉ်က ဘယ်လောက် အလုပ်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် လောလောဆယ် အခြေအနေအရ တိုင်းပြည်အတွက် အကောင်းဆုံး အဖြေဖြစ်တယ်ဆိုတာကိုတော့ အာဖဂန် နိုင်ငံရေးကို တီးမိခေါက်မိ သူတိုင်း သဘောပေါက်ကြပါတယ်။
အမေရိကန်တပ်တွေ အာဖဂန်ကို ဝင်လာတဲ့ ၂၀၀၁ ခုနှစ်က စပြီး သမ္မတလုပ်လာတဲ့ ဟာမစ်ကာဇိုင်းကို ဆက်အရွေးမခံဖို့ အမေရိကန်က နားချပြီး ၂၀၁၄ ဇွန်လထဲမှာ သမ္မတရွေးကောက်ပွဲ လုပ်ပါတယ်။ အက်စရက် ဂန်နီနဲ့ အပ်ဗဒူလာ နှစ်ဦးလုံးက မိမိတို့ အနိုင်ရကြောင်း ကြေညာပြီး မဲမသာမှုတွေ ရှိကြောင်း အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။ ဒီအတွက် အာဖဂန် ဒေသခံခေါင်းဆောင်တွေအကြား စိတ်ဝမ်းကွဲစရာဖြစ်လာပြီး တည်ငြိမ်မှု ပျက်ပြားစရာဖြစ်လာပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ ဖိအားပေးမှုအောက်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး နှစ်ဖက်သဘောတူခဲ့ပြီး မဲ ၈ သန်းကို ပြန်ရေပြီးတဲ့နောက် အက်စရက် ဂန်နီကို သမ္မတ၊ အပ်ဗဒူလာကို စီအီးအိုအဖြစ် တာဝန်ယူရေး ဖြစ်လာခဲ့ပါတယ်။
အာဏာခွဲဝေရေး အဆင်မချောဘဲ မစ္စတာ အပ်ဗဒူလာဘက်က စင်ပြိုင်အစိုးရဖွဲ့စည်းဖြစ်ခဲ့ရင် တာလီဘန် ပြဿနာ မဖြေရှင်းနိုင်သေးခင် နောက်ထပ် ပြဿနာ တရပ် ထပ်တိုးတော့မယ့် ကိန်းပါပဲ။ လူများစု ပက်စတွန် တိုင်းရင်းသား မစ္စတာ ဂန်နီကို ထောက်ခံသူတွေက တဖက်၊ ဒုတိယ လူဦးရေအများဆုံး တာဂျစ်အနွယ် မစ္စတာ အပ်ဗဒူလာကို ထောက်ခံသူတွေက တဖက် ထိပ်တိုက်တွေ့တော့မယ့် အခြေအနေမျိးဖြစ်ပါတယ်။ အာဏာခွဲဝေရေး အောင်မြင်သွားတဲ့ အတွက် အာဖဂန်ပြည်သူတွေ သက်ပြင်းရှည်ချနိုင်ကြပါတယ်။
ဒုတိယ သက်ပြင်းရှည် ချနိုင်သူက အမေရိကန် အစိုးရပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကြားဝင်ညှိနှိုင်းပေးခဲ့တာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ အငြင်းပွားဖွယ် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ နောက်ဆုံး ပြေလည်မှုရသွားတဲ့အချိန်အထိ မစ္စတာ ကယ်ရီက အာဖဂန် ထိပ်ပိုင်း အရာရှိတွေကို ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း ၃၀ ရှိခဲ့တယ်လို့ သိရပါတယ်။
အိုဘားမားက မစ္စတာ ဂန်နီနဲ့ မစ္စတာ အပ်ဗဒူလာကို သုံးကြိမ်စီ ဖုန်းခေါ်ခဲ့သလို၊ အမေရိကန် သံအမတ်ကြီးနဲ့ သံတမန်တွေဟာ မစ္စတာ ဂန်နီနဲ့ ၃၉ ကြိမ်၊ မစ္စတာ အပ်ဗဒူလာနဲ့ ၄၂ ကြိမ်၊ သမ္မတဟောင်း ခါဇိုင်းနဲ့ ၁၉ ကြိမ် တွေ့ဆုံခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။ သမ္မတ ဂန်နီအနေနဲ့ အရင်ဆုံး လုပ်ရမယ့် ကိစ္စတခုက အမေရိကန် တပ်တချို့ကို ၂၀၁၄ နောက်ပိုင်းအထိ အာဖဂန် မြေပေါ်မှာ ဆက်ထားနိုင်ရေး လုံခြုံရေး စာချုပ်မှာ လက်မှတ်ထိုးဖို့ပါပဲ။
အရေးကြီးတာက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်ပါပဲ။ ကမ္ဘာ့ဘဏ်မှာ ပညာရှင်အဖြစ် တာဝန်ယူဖူးတဲ့ မစ္စတာ ဂန်နီက အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရေးမှာ တိုင်းရင်းသားအရေးဟာ အဓိက ကျတဲ့ နေရာမှာ ရှိတယ်ဆိုတာကို အစကတည်းက နားလည်ခဲ့ပါတယ်။ အခုလို ပြဿနာတွေ မပေါ်ဘဲ အနိုင်ရခဲ့ရင်တောင် ပြိုင်ဖက် မစ္စတာ အပ်ဗဒူလာကို အစိုးရအဖွဲ့ထဲမှာ ပါဝင်လာအောင် စည်းရုံး သွားမယ်လို့ ယုံကြည်သူတွေကို ပြောခဲ့ပါတယ်။
နောက်ဆုံး သဘောတူညီချက်က စာမျက်နှာ လေးမျက်နှာရှိပါတယ်။ ဒါပေမယ့် တိုင်းပြည်လိုအပ်ချက်အရ ဖုတ်ပူမီးတိုက် ညှိနှိုင်းခဲ့ပုံရလို့ သမ္မတနဲ့ စီအီးအိုကြားမှာ ဘယ်လိုပုံစံ ဆက်ဆံမလဲဆိုတဲ့ တိတိကျကျ ပုံဖော်ဖို့ အချိန်မရခဲ့ ပုံပါပဲ။ အရေးကြီးဆုံး သဘောတူညီချက်က “နှစ်ဖက်ကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဖက် စိတ်ဓာတ်ဖြင့် ပြဌာန်းရပါမည်။ အရေးအကြီးဆုံးမှာ အာဖဂန် ပြည်သူများအတွက် တာဝန်ရှိသော သန္နိဌာန်ဖြင့် ပြဌာန်းရမည်”လို့သာ သဘောတူခဲ့ပါတယ်။
ဒီလို အခြေအနေမျိုးက အာဖဂန် နစ္စတန်လို နိုင်ငံသာမက အမေရိကန် ပြည်ထောင်စုလို နိုင်ငံမှာ တောင် တခါတရံ ရှောင်လွဲမရပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း အိုဘားမားက ဟယ်လာရီ ကလင်တန်ကို နိုင်ငံခြားရေး ဝန်ကြီးခန့်ဖို့ ညှိနှိုင်းခဲ့စဉ်ကလည်း ကြုံခဲ့ရပါတယ်။ ပါတီတွင်း ပြိုင်ပွဲမှာ အကျိတ်အနယ်၊ ခါးခါးသီးသီး ယှဉ်ပြိုင်ခဲ့ပြီးမှ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဖို့ ဖိတ်ခေါ်တဲ့အခါမှာ နားလည်မှုတခု ရှိခဲ့ပါတယ်။
သမ္မတက စီးပွားရေး အကြပ်အတည်းကို အာရုံစိုက်ပြီး အားကိုးရတဲ့ နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ဖို့၊ အမေရိကန် နိိုင်ငံခြားရေး မူဝါဒသစ်ကို ပုံဖော်ပေးဖို့ ပါပဲ။ ဒီလို ပုံဖော်တဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးက ကိုယ့်အဖွဲ့ကို ကိုယ့်တိုင်းကျဖွဲ့စည်းခွင့်ပေးမယ်၊ သမ္မတက အကြံပြုတာလောက်ပဲ ရှိမယ်။ အရေးကြီးတဲ့ နိုင်ငံခြားရေး မူဝါဒတွေချမှတ်တဲ့အခါမှာ သမ္မတအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးကို အကြံဉာဏ်တွေကို အဓိက ထားရမယ်။ နိုင်ငံခြားရေးဝန်ကြီးက သမ္မတကို တွေ့ချင်တဲ့ အချိန်တိုင်း တွေ့ခွင့်ရစေရမယ်လို့ သဘောတူပါတယ်။ သမ္မတ အိုဘားမားဟာ ပေးထားတဲ့ ကတိအတိုင်း တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ဟယ်လာရီရဲ့ Hard Choics စာအုပ်မှာ လေ့လာနိုင်ပါတယ်။
အချုပ်ကတော့ တိုင်းပြည်တွက် စေတနာထား အလုပ်လုပ်ကြတဲ့ အခါမှာ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ အလုပ်လုပ်ခဲ့ကြတာပါပဲ။ သဘောမတူတာတွေ တချို့ ရှိခဲ့ပေမယ့် တယောက်နဲ့ တယောက် လေးစားမှုမပျက်ခဲ့ပါဘူး။ အခု အာဖဂန်နစ္စတန်ရဲ့ ခေါင်းဆောင် နှစ်ယောက်ဟာလည်း ဘယ်လောက်အထိ တိုင်းပြုပြည်ပြု ခေါင်းဆောင်ပီသလဲ၊ ကတိတည်ကြလဲဆိုတာကို လာမယ့် နှစ်တွေအတွင်းမှာ မလွဲမသွေ မှတ်ကျောက်တင်ခံရပါမယ်။
အဓိက ပြောချင်တာက တကယ်တမ်း အရေးကြီးတာက ဖွဲ့စည်းပုံတွေ လုပ်ထုံးလုပ်နည်းတွေ မဟုတ်ပါဘူး။ နိုင်ငံရေး သိပ္ပံပညာရှင်တွေ ဖြစ်တဲ့ ဟန်တင်တန်နဲ့ ဖူကူယားမားတို့ စကားနဲ့ ပြောရရင် အခြေအနေသစ်နဲ့ အံမဝင်တဲ့၊ အလိုက်သင့် ပြောင်းလဲနိုင်စွမ်းမရှိတဲ့၊ ဟောင်းနွမ်းမာကျောတဲ့ အင်စတီကျူးရှင်း အဟောင်းတွေဟာ ပြိုကျပျက်စီးဖို့ အကြောင်းဖြစ်ပါတယ်။ အထက်က အာဖဂန်နဲ့ အမေရိကန် ဥပမာတွေကို ကြည့်မယ်ဆိုရင် အခြေအနေသစ်မှာ အစဉ်အလာဟောင်းတွေ၊ လုပ်ထုံးလုပ်နည်းအဟောင်းတွေကနေ ဖောက်ထွက်ခဲ့ကြပါတာမျိုး လိုပါတယ်။
မြန်မာပြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခေတ်နဲ့ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ နောက်ဆုံး မပြောင်းလဲနိုင်ရင်တောင် တိုင်းပြည်အကျိုးအတွက် အကောင်းဆုံး အဖြေကို ဝိုင်းစဉ်းစားဖို့ လိုပါတယ်။ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ပုဒ်မခွဲ ၅၇ မှာ “နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်” လို့ အတိအလင်းဖော်ပြထားပေမယ့် ဖွဲ့စည်းပုံအရ ဒုသမ္မတတွေကို ပေးတဲ့ အာဏာက ဘာမှ မရှိပါဘူး။
ဒါကြောင့် မြန်မာပြည်မှာ အဓိက ပါတီကြီးတွေအတွက် သမ္မတ ရာထူးရရေးဟာ သေရေးရှင်ရေးလို ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ နိုင်ငံမှာ ဒါက အကြပ်အတည်းကို ဦးတည်သွားနိုင်တဲ့ နိမိတ်ပါပဲ။ ဒါကြောင့် အဓိက ပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ စစ်တပ်ကြားက အာဏာခွဲဝေရေးအတွက် ရည်ရွယ်စဉ်းစားပြီး သမ္မတနဲ့ ဒုသမ္မတ နှစ်ယောက်ကြားက အာဏာခွဲဝေမှုကို ပြန်ပြင်သင့်တယ်လို့ ထင်မိပါတယ်။ တချိန်တည်းမှာ ပြည်နယ်လွှတ်တော်တွေကိုလည်း အာဏာ ပိုအပ်နှင်းဖို့လည်း လိုပါလိမ့်မယ်။
ဒါဆိုရင် သမ္မတ နေရာတခုတည်းအတွက် အပြိုင်အဆိုင် လုနေရတဲ့ အကြပ်အတည်းကို လွန်မြောက်နိုင်စရာ အကြောင်းရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဗဟိုပြုပြီး နိုင်ငံရေး အကြပ်အတည်း မတွေ့ဖို့ဆိုရင် အမျုးိသားညီညွတ်ရေး အစိုးရနဲ့ အာဏာခွဲဝေရေး အစီအစဉ်ကို စဉ်းစားသင့်ကြပါတယ်။ ။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)