ရှေးဟောင်း ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)အသိအမှတ်ပြု ကမ္ဘာအမွေအနှစ်စာရင်း (World Heritage List) တင်သွင်းနိုင်ရေး အစည်းအဝေးတရပ်ကို လာမည့် အောက်တိုဘာလအတွင်းကျင်းပမှာဖြစ်ပါတယ်။
“Bagan Consultation Meeting” အမည်ပေးထားတဲ့ အစည်းအဝေးကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့က ၁၂ရက်နေ့ တိုင် ပုဂံမြို့ ရှေးဟောင်းသုတေသန ပြတိုက်မှာ ကျင်းပမှာဖြစ်ပြီး၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်၊ နီပေါ စ သည့် နိုင်ငံ များမှ ပညာရှင် ၁၅ဦး၊ ပြည်တွင်းမှ ပညာရှင်များ၊ တာဝန်ရှိသူများပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “World Heritage မူဘောင်နဲ့ ညီ အောင် ရှေးဟောင်းဇုန်တွေ ဘယ်လို သတ်မှတ်မလဲ၊ ယူနက်စကိုက လူတွေကလည်း သူတိုရဲ့မူဘောင်တွေကို ဘယ်လိုရှိသလဲ၊ အဲဒီ မူဘောင်တွေနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ လိုက်လျောညီထွေမှုရှိမရှိဆိုတာတွေကို ဆွေးနွေးမှာပါ” လို့ ဆိုပါတယ်။
ယခုအစည်းအဝေးမှာ ရှေးဟောင်း ဇုန်နယ်နိမိတ်များ သတ်မှတ်ဖို့၊ ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များအား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်း ဆွေးနွေးဖို့၊ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများ( Outstanding Universal Value)၊စစ်မှန်မှု ( Authenticity)နှင့် စုစည်းမှု (Integrity) ကို သတ်မှတ်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက သမ္မတ ဦးသိန်းစိန် ပုဂံဒေသကို သွားရောက်ခဲ့ရာ၊ ပုဂံဒေသ ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင် ဖြစ်လာရေး ယူနက်စကို စည်းမျဉ်းစည်းကမ်းများနဲ့ အညီပြင်ဆင် ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ညောင်ဦးလေဆိပ်ကိုဝင်ထွက် နေတဲ့ လေယာဉ်ပျံများကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုက ပုဂံ ဘုရားတွေကို ထိခိုက်မှုရှိ၊ မရှိ စစ်ဆေးဖို့၊ တိုးချဲ့လာတဲ့ ဟိုတယ်လုပ်ငန်းတွေကြောင့် ရှေးဟောင်း ဇုန် ထိခိုက်မှု မရှိစေဖို့၊ မြို့ပြ စီမံကိန်း ရေးဆွဲ ဆောင်ရွက် ဖို့၊ ကမ္ဘာလှည့် ခရီးသွားများကို ပုဂံ ဘုရား များ အပေါ် တက်ရောက်ခွင့် ပြုထားခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျ စည်းကမ်းနဲ့ အညီခွင့်ပြုဖို့ စတာတွေကို ညွန်ကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပုဂံဒေသကို ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး စတင်လုပ်ဆောင်လာခဲ့တာပါ။
ဒီလိုလုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီကို ရယူရာမှာ အီတလီနိုင်ငံက အဓိက ထောက်ပံပြီး၊ တောင်ကိုရီယားနဲ့ ဂျပန်၊ အိန္ဒိယ ကလည်း ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေးကို အကူအညီပေးတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ လအတွင်းကပဲ ပုဂံဒေသရှိ ရှေးဟောင်းဘုရားအဆူပေါင်း ၃ထောင်ကျော်ကို စေတီတဆူချင်းအလိုက် သမိုင်းမှတ်တမ်း တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှု ရာဇဝင်၊ ဓာတ်ပုံကူးရိုက်ခြင်း၊ ပုံဆွဲခြင်း၊ အနုပညာလက်ရာများ နှင့် နံရံပန်းချီများ၏ အခြေအနေကို သုတေသ နလုပ်ခြင်း စသည့် တိကျတဲ့ မှတ်တမ်းတင် စာရင်းသွင်းနိုင်ဖို့ ယူနက်စကိုနဲ့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပါသေး တယ်။
“ဒီရှေးဟောင်းဘုရားတွေကို စာရင်းသွင်းနိုင်ဖို့ လုပ်ရတာ မလွယ်ဘူး၊ World Heritage စံချိန်မီ ဖြစ်ဖို့အတွက် စာရင်းသွင်းတဲ့ နေရာမှာ ဘယ်လို နည်းစနစ်တွေသုံးမလဲ၊ အနုပညာ လက်ရာ တွေ နံရံပန်းချီတွေ ဘယ်လောက်ကောင်း သေးလဲ၊ ဘယ်လောက် ပျက်စီးသွားပြီလဲဆိုတာတွေကို အသေးစိတ် ပြုစုရမှာ ဖြစ်တဲ့ အတွက် အချိန်ယူရပါလိမ့်မယ်” လို့ ဦးသိန်း လွင် ကရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဘုရားတွေနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်တမ်းတခု ပြုစုခဲ့ဖူးပေမယ့်၊ ၂၂ နှစ်အတွင်းမှာ ဘုရားများပြုပြင်တာတွေ၊ အသစ်တွေ့ရှိတာတွေ၊ နန်းတော်ရာကုန်းများကို တူးဖော်တာတွေ စတဲ့ အပြောင်းအလဲ တွေကြောင့် အသစ်ပြန်လည်ကောက်ယူရတာဖြစ်တယ်လို့သိရပါတယ်။
စစ်အစိုးရလက်ထက် ရှေးဟောင်း ပုဂံဒေသမှာရှိတဲ့ ဘုရားပုထိုးတချို့ကို ပြုပြင်မှုများ ပြုလုပ်ခဲ့တဲ့အတွက် ရှေးဟောင်းတန်ဖိုးကျ ဆင်းစေခဲ့ပေမယ့်၊ လက်ရှိ အချိန်မှာ နံရံပန်းချီများရှိတဲ့ ဂူဘုရားပေါင်း ၄၀၀ ကျော် ကျန်ရှိနေခြင်းဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖို့ အတွက် မျှော်လင့်ချက်တခုလို့ ဆိုရမှာပါ။
ဒါပေမယ့် ပုဂံဒေသအား ကမ္ဘာအမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုသို့ တင်သွင်းနိုင်ဖို့ စိန်ခေါ်မှုတွေကတော့ အများအပြားရှိ နေဆဲဖြစ်ပါတယ်။
အဓိကပြဿနာက စစ်အစိုးရ လက်ထက် ၎င်းတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဟိုတယ်ကြီးများ၊ စားသောက်ဆိုင် ကြီးများ တည်ဆောက်ခွင့် ပေးခဲ့တာတွေ၊ အဲဒီ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေက ခွင့်ပြုချက်မရပဲ၊ ခိုးကြောင် ခိုး ဝှက် တိုးချဲ့မှု လုပ်နေတာတွေ၊ ဒါ့အပြင် အစိုးရသစ်လက်ထက် တိုးတက်လာတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့အတူ ဟိုတယ်အသစ် တွေ၊ စားသောက်ဆိုင်အသစ်တွေကို ကို ပုဂံ မြို့ဟောင်း အတွင်း ထပ်မတိုးချဲ့အောင် ထိန်းချုပ်နေရတာတွေဖြစ်ပါတယ်။
“ပုဂံက ကျနော်တို့အတွက် စိန်ခေါ်မှု ပိုကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခုလို မြို့ပြတွေတိုးချဲ့လာတာကို ဘယ်လို ထိန်းချုပ် မလဲ၊ စီမံခန့်ခွဲရမလဲဆိုတာတွေကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီးရေးရမယ်၊ ပြဿနာတွေအများကြီးရှိတယ်၊ ဒီလိုအခြေအနေ မျိုးမှာ ကမ္ဘာအမွေအနှစ်လည်း ဝင်အောင်၊ အားလုံးနဲ့လည်း အဆင်ပြေအောင် အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ပြီး လုပ်ရမှာပါ” ဟု ဦးသိန်းလွင်က ဆိုပါတယ်။
ရှေးဘုရားအဆူပေါင်း ၃ထောင်ကျော်ရှိသည့် ပုဂံဒေသ ကမ္ဘာအမွေအနှစ်စာရင်းဝင်ရေး အခြေအနေဟာ၊ တခြားသော ပျူမြို့ ဟောင်း များ၏ အခြေ အနေနှင့် မတူတဲ့အတွက် ကမ္ဘာအမွေအနှစ်စာရင်းတင်သွင်းရေး ၃နှစ်ခန့် အချိန်ယူလုပ်ဆောင်ရမယ်လို့ သိရပါတယ်။
၁၆ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့ပြီး ပုဂံကို မင်းဆက် ၅၅ ဆက်ခန့် အုပ်ချူပ် စိုးစံခဲ့ကြောင်း သမိုင်းမှတ်တမ်း အရ သိရပါတယ်။
ငလျင်ဒဏ်ကို သုံးကြိမ်ခံခဲ့ရပြီး၊ လက်ရှိအခြေအနေမှာတော့ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းပေါင်း ၃၀၀၀ကျော် ရှိပါတယ်။
ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ထားတဲ့ ပုဂံ မြို့ဟောင်း ဧရိယာ အတွင်းမှာ မြန်မာ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ လက်ထက်က တည်ဆောက်ထားတဲ့ ဆာကူရာ၊ ပုဂံ၊ သံတဲ၊ သီရိပစ္စယာနဲ့ ဧရာ ဟိုတယ်တို့ အပြင် စစ်အစိုးရ လက်ထက်က တည်ဆောက်ခဲ့တဲ့ သရပါနဲ့ နန်းမြင့် ဟိုတယ်၊ လတ်တလော တည်ဆောက် နေတဲ့ ဧဒင် ဟိုတယ်၊ Adventure ဟိုတယ်တွေနဲ့ နိုင်ငံခြားသားများ စီးဖို့ မြင်းငှားတဲ့ မြင်းဇောင်းတွေ၊ စားသောက်ဆိုင်တွေက ပုဂံ အလှ၊ တန်ဖိုးကို ရုပ်ဆိုး အကျည်းတန်မှု ဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။