Human Rights

မဖြူနှင်းထွေး လွတ်မြောက်ရေး မန္တလေးနှင့် ရန်ကုန်တွင် ဆန္ဒပြ ဝတ်ပြုဆုတောင်း

This article has been converted from Zawgyi One to Unicode

မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ မှ မြန်မာစာ ဒုတိယနှစ် ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် ယနေ့ ညနေပိုင်းတွင် မန္တလေးမြို့ ဘုရားကြီးဝင်းထဲ၌ အမျိုးသမီးအရေး လှုပ်ရှားနေသူများက ဘုရားဝတ်ပြု ဆုတောင်းပွဲ ကျင်းပသည်။

မဖြူနှင်းထွေးသည် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား ၂ ဦး ကို ဖမ်းဆီးထိန်းသိမ်းရာတွင် ပါဝင်ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ အမျိုးသမီး အခွင့်အရေး စောင့်ရှောက်သူ ၁၀၀ နီးပါးက ယနေ့ညနေပိုင်းတွင် ပန်း၊ ဆီမီးများ ပူဇော်ပြီး ဆုတောင်း ဝတ်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်သည့် မနီက ဧရာဝတီသို့ ပြောသည်။

“မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေ အပြည့်အဝမရဘူး။ အခုပဲကြည့် မဖြူနှင်းထွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်။ အာမခံ လည်း မပေးဘူး။ ဒါတွေကို ကြည့်ပြီး ကျမတို့အမျိုးသမီးတွေ အခွင့်အရေး အပြည့်အဝရဖို့ ဒီနေ့ဘုရားကြီးမှာလာပြီး ဝတ်ပြု ဆုတောင်းတာပါ”ဟု ၎င်းက ပြောပြသည်။

မဖြူနှင်းထွေးကို စွပ်စွဲထားသည့် ပုဒ်မ ၃၆၄ နှင့် ၃၆၈ တို့မှာ ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများ ဖြစ်နေပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒုတိယ မြောက် ရုံးချိန်းတွင် အာမခံရရှိရန် လျှောက်ထားခဲ့သော်လည်း ပယ်ချခံရကြောင်း သိရသည်။

တချိန်တည်းတွင် ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာရှေ့တွင်လည်း မဖြူနှင်းထွေး လွတ်မြောက်ရေး အပါအဝင် ဖမ်းဆီးခံထားရ သည့် တောင်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ထိုမှတဆင့် ရွှေတိဂုံဘုရားပေါ်သို့ လမ်းလျှောက်၍ ဝတ်ပြု ဆုတောင်း ခဲ့ကြသည်။

ယင်းဆုတောင်းပွဲတွင် မဖြူနှင်းထွေး လွတ်မြောက်ရေး၊ လက်ပန်းတောင်းတောင် မီးလောင်ဗုံး တရားခံများ အမြန်ဆုံး ဖော်ထုတ် ရေး၊ ဖမ်းဆီးခံထားရသည့် တောင်သူများ အမြန်ဆုံး လွှတ်ပေးရေး စသည့် တောင်းဆိုချက်များကို လူ ၂၀ နီးပါးက ငြိမ်းချမ်းစွာ စုပေါင်း ဆန္ဒပြခဲ့ကြသည်။

မဖြူနှင်းထွေးကို ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ ပြည်တွင်းမှ လူ့အခွင့်အရေး လှုပ်ရှားသည့် အမျိုးသမီးများအဖွဲ့များ၊
ကျောင်းသား သမဂ္ဂများ အပါအဝင် လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့များလည်း ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြ သည်။

Loading